Monday, February 9, 2015

Adoxyဆေး မေးထားတာတွေ

ဆရာ Adoxy ဆေးဆိုတာ ကျနော်တို့ဆီမှာ အရမ်းခေတ်စားနေပါတယ်။ ရောဂါတော်တော်များများ အတွက် ကောင်းပါတယ်။ ကျွန်တော်သိချင်တာက ဒီဆေးသောက်ရင် ဘာအာနိသင်တွေ ရှိနိုင်လဲ။ တကယ်ရော ကောင်းရဲ့လား။ အကျိုးထူးမှာလား၊ သောက်သုံး သင့်သလား ပြန်လည်ဖြေကြားပေးပါခင်ဗျား။

Adoxy Cellfood ဆေးကို လူတော်တော်များများက မေးကြပါတယ်။ တခါကလည်း သတင်းစာတိုက်ကလူတယောက်က ကျွန်တော့်ဆီ ဖုန်းဆက် မေးခဲ့ဖူးတယ်။ မိုးညှင်းဖက်မှာ ပစ္စည်းပြတ်သွားလို့ စောင့်ဆိုင်းမှာယူနေရတယ် ဆိုတဲ့ သတင်းပါလာတဲ့ရက်က ထင်ပါတယ်။ (၉၆)ပါး ရောဂါ တကယ်ပျောက်ကင်းနိုင်လား၊အိတ်ခ်ျအိုင်ဗွီနဲ့ ကင်ဆာလို နာတာရှည်ရောဂါတွေ တကယ်ပျောက်ကင်းနိုင်လားဆိုပြီး တော့ပါ။ ဆောင်းပါးတစ်ပုဒ် ရေးစေချင်ဟန်တူပါတယ်။ အဲဒီနောက်ပိုင်းလည်း သူငယ်ချင်းတယောက်က ရေးဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။ မရေးဖြစ်ခဲ့ဘူး။ Adoxy ဆေးက နယ်မြို့တွေမှာ အင်မတန်ဟော့တယ်လို့ ဆိုပါတယ်။ စောင့်ပြီးတောင်မှာယူရတယ်လို့ သတင်းစာမှာ ဖတ်ဖူးတယ်။ တချို့က Adoxyလို့တောင် မခေါ်တော့ဘူး။ နတ်ဆေးတဲ့။ တောင်ငူဖက်က ကျတော့ တစက်ဆေးတဲ့။ တချို့က အသက်ကယ်ဆေးလို့လည်း နာမည်ပေးထားသေးတယ်။ 

နာမည်ကြီးပြီး ပစ္စည်းပြတ်သွားလောက်အောင် အစွမ်းထက်ပါတယ်ဆိုတဲ့ Adoxyကို လေ့လာကြည့်ပါတယ်။ ဆေးကြေငြာကို အရင်တွေ့ရပါတယ်။လက်ရှိကမ္ဘာမှာ လူတိုင်းနီးပါး လေကောင်း၊လေသန့်ပြတ်လပ်မှုနဲ့ ရငိဆိုင်နေရပါသတဲ့။ ဒီအတွက် Adoxyဆေး ရှိတဲ့အကြောင်း၊ရောဂါ ဖြစ်ရခြင်းအကြောင်းအရင်း ၉၀% ကျော်ကို ကာကွယ်ရန်အတွက်ဆိုတဲ့ စကားလုံးတွေ သုံးထားတာဖြစ်လို့ ကြေငြာထားတာ အင်မတန်ကောင်းပါတယ်။ ဖတ်ပြီးတာနဲ့ ဝယ်သောက်ချင်စိတ် ဖြစ်လာပါတယ်။ ထပ်ပြီးတော့ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဌာန ကျန်းမာရေးဦးစီးဌာန မှ ထောက်ခံချက်အမှတ် IR-R/2013-B1/729 ရရှိထားပြီးဖြစ်ကြောင်း ဖော်ပြထားတာ ဖတ်ရပါတယ်။ ပေးထားတဲ့ထောက်ခံချက်က dietary supplement ဖြည့်စွက်ဆေး အနေနဲ့ ဖြစ်တယ်။ လေ့လာကြည့်တော့ တင်သွင်းတဲ့ကုမ္ပဏီက စေတနာထွန်းကုမ္ပဏီ ဖြစ်ပါတယ်။ မျက်စဉ်းအရွယ် ဆေးရည်တဗူးမှာ ဆေးပမာဏ15ml လောက် ပါဝင်ပါတယ်။ တဗူးကို မြန်မာငွေ ၃၅၀၀၀ လောက် ကျသင့်ပါမယ်။

ဆေးကြေငြာမှာ ရေးထားတာကို ဖတ်ရတဲ့အခါ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်တွေ တွေ့ရပါတယ်။ သက်ရှိမျိုးစိတ်တွေရဲ့ စွမ်းအင်ထုတ်လုပ်မှု ၉၀ရာခိုင်နှုန်းဟာ အောက်စီဂျင်ပေါ် မူတည်နေပါတယ်။ အာဟာရဓာတ်စုပ်ယူဖို့နဲ့ အဆိပ်အတောက်ဖယ်ရှားဖို့ အောက်စီဂျင်ကို လိုအပ်ပါတယ်။ဒီလိုအရေးကြီးတဲ့ အောက်စီဂျင်ကို ဆေးရုံ၊ဆေးခန်းတွေမှာ နည်းအမျိုးမျိုးနဲ့ပေးကြပါတယ်။

၁။Bottled Oxygen(O2) အောက်စီဂျင်ဗူးပေးခြင်း
အသက်ရှူလမ်းကြောင်းပြဿနာတွေမှာ အောက်စီဂျင်(လေ)ပေးပြီး ကုသရတယ်။ လိုအပ်တဲ့ အောက်စီဂျင်ကို ရှူရှိုက်ပေးရတယ်။ ဆေးရုံ၊ဆေးခန်းတွေမှာ အသုံးများဆုံး ပုံစံ ဖြစ်ပါတယ်။ 

၂။Ozone Therapy(O3) အိုဇုန်းဓာတ်သုံးခြင်း
အကြောဆေး၊စအိုထည့်ဆေးအနေနဲ့ သုံးတယ်။ အထူးသဖြင့် သွေးတွင်းအောက်စီဂျင်များဖို့၊ခုခံအားတက်ဖို့၊သွေးထောက်ပံ့မှုကောင်းဖို့နဲ့ ဗက်တီးရီးယား၊ဗိုင်းရပ်စ်၊မှိုပိုးတွေကို နှိမ်နင်းဖို့ သုံးတယ်။ နည်းလမ်းတကျမဟုတ်ရင် အိုဇုန်းကရတဲ့ အောက်စီဂျင်ကြောင့် အဆပ်အတောက် ဖြစ်စေတယ်။

၃။Hydrogen Peroxide Therapy (H2O2) ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်
ပြင်ပပိုးမွှားဝင်ရောက်မှုကို ကာကွယ်ပေးတယ်။ ဗက်တီးရီးယား၊ဗိုင်းရပ်စ်၊မှိုပိုးတွေကို နှိမ်နင်းနိုင်တယ်။ အရေပြားရောဂါတွေ၊အနာရောဂါတွေမှာ သန့်စင်ဖို့ သုံးပါတယ်။ အစာအိမ်လမ်းကြောင်းက ပေးရင် အက်ဆစ်-ဘေ့စ်မျှခြေပျက်ဆီးနိုင်ပြီး ထွက်လာတဲ့
Free radicalက လူကို အဆိပ်အတောက် ဖြစ်စေတယ်။
၎။ADOXY Cell Food Therapy (အဒေါက်စီ ဆေးပေးခြင်း)
Adoxy ရဲ့သဘောက အောက်စီဂျင်ကို ပေးတယ်။ အထူးသဖြင့် ဆဲလ်တွေအတွက် နေစဉ်လိုအပ်တဲ့ အောက်စီဂျင်ကို ဆေးရည်ကတဆင့် ပေးစွမ်းနိုင်တယ်။ လူကို ဒုက္ခမပေးပဲ ဆဲလ်ထဲထိ အောက်စီဂျင်ရောက်စေတယ်။ အောက်စီဂျင်ချို့တဲ့သူတွေမှာ အကျိုးများတယ်။ ခန္ဓာကိုယ်အတွက် စွမ်းအင်ဖြစ်စေတယ်။ အဆင့်မြင့် နာနိုနည်းပညာနဲ့ ထုတ်လုပ်ထားလို့ ဆဲလ်ထဲအောက်စီဂျင်ပြည့်ပြည့်ဝဝရစေတယ်။ဆရာဝန်ညွှန်ကြားချက်မလိုပဲ နေ့စဉ်သောကိသုံးရုံနဲ့ ခန္ဓာကိုယ်အတွက် လိုအပ်မယ့် အောက်စီဂျင်ကို ရရှိစေမယ်လို့ ဆိုတယ်။ ဒါ့ပြင် ဆေးရည်ထဲမှာ အမိုင်နိုအက်ဆစ်၊အင်ဇိုင်းဓာတ်နဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ အတိအကျပြောရရင် Adoxyထဲမှာ သတ္တုဓာတ် ၇၈မျိုး၊အမိုင်နိုအက်ဆစ် ၁၇မျိုး၊အင်ဇိုင်းဓာတ် ၃၄မျိုးနဲ့ ပျော်ဝင် အောက်စီဂျင်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ဆေးရည်ကို သန့်စင်တဲ့ သဘာဝပစ္စည်းအမျိုးမျိုး၊ပင်လယ်ရေ၊သစ်ပင်ရုပ်ကြွင်းတွေက ဓာတ်တွေနဲ့ ထုတ်လုပ်ထားပါသတဲ့။

Cellfood နည်းပညာကို တည်ထွင်သူက ဟိုက်ဒရိုဂျင်ဗုံးကို လုပ်ခဲ့တဲ့ Everett L. Storey ဖြစ်တယ်။ နိုဗယ်ဆု နှစ်ဆုရ သိပ္ပံပညာရှင် Everett  Storeyက “water splitting technology” ရေဖြိုခွဲခြင်း နည်းပညာကို စတင်တွေ့ရှိခဲ့ပါတယ်။ သူ့ရဲ့နည်းကတဆင့် ဟိုက်ဒရိုဂျင်ဗုံး ပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင်လည်း ဓာတ်ရောင်ခြည်သင့်ပြီး အလေးချိန်တွေ ကျဆင်းလာပါတယ်။ ဒါ့ကြောင့် လူသားအကျိုးပြုတီထွင်မှုတခုကို လုပ်ဆောင်ခဲ့တယ်။ ၁၉၅၆မှာ Deuteriumကို အခြေခံတဲ့ “Cell Food” or “Liquid Life”ဆိုတာကို တီထွင်ဖော်ထုတ်ခဲ့တယ်။ ဒီတွေ့ရှိချက်အတွက် နှစ်ဆယ်ရာစု အကြီးကျယ်ဆုံး သိပ္ပံပညာရှင်ဖြစ်တဲ့ အိုင်းစတိုင်းကတောင် အသိအမှတ်ပြုထားတယ်လို့ ဆိုပါတယ်။

ဒါနဲ့ Deutrium ရဲ့ အကြောင်းကို ဆက်လက်လေ့လာကြည့်ပါတယ်။
Deuterium ဆိုတာ အလွယ်ပြောရရင် ဟိုက်ဒရိုဂျင်အက်တမ် အိုင်ဆိုတုပ်(Hydrogen isotope)တမျိုး ဖြစ်တယ်။ ပင်လယ်သမုဒ္ဒရာရေထဲမှာ hydrogen အက်တမ် ၆၄၂၀ ရှိတိုင်း deuterium အက်တမ်တလုံးသာ ပါဝင်တယ်။ ရာခိုင်နှုန်းအနေနဲ့  0.0156% သာ ရှိတယ်။  တချို့ကလည်း လွန်ခဲ့တဲ့နှစ် ၁၄ဘီလီယံက ဖြစ်ပေါ်ခဲ့တဲ့ Big Bang မဟာပေါက်ကွဲမှုကြီးကထွက်လာတဲ့ အပိုင်းအစတွေအဖြစ် ယုံကြည်ကြတယ်။ဓာတုသင်္ကေတနဲ့ D (သို့) 2H နဲ ပြတယ်။ Hydrogen isotope နှစ်မျိုးအနက် protonတလုံးနဲ့ neutronတလုံးစီပါဝင်တာဖြစ်လို့ heavy hydrogen လို့ ခေါ်တယ်။ neutronမပါဝင်တဲ့ အိုင်ဆိုတုပ်ကို protiumလို့ ခေါ်ပါတယ်။ 

Deuterium က ရေမှာပါဝင်တဲ့ hydrogen ကို ဖယ်ရှားပြီး အောက်စီဂျင်နဲ့ပေါင်းစပ်တဲ့အခါ (D2O)ဆိုတဲ့ မော်လီကျူးဖြစ်လာတယ်။ Deuterium oxide လို့ ခေါ်ပါတယ်။ ပုံမှန်ရေထက် ၁၀ရာခိုင်နှုန်းလောက် ပိုမိုသိပ်သည်းဆများလို့ heavy waterလို့လည်း ခေါ်ကြတယ်။ လေ့လာမှုတွေအရ သိပ်သည်းဆများတဲ့ heavy Waterက လူအပါအဝင် တိရိစ္ဆာန်အချို့ကို ဒုက္ခပေးတာတွေ့ရတယ်။ အကယ်၍ ခန္ဓာကိုယ်တွင်းရှိ ရေအချိုးအစားရဲ့ ၂၅ရာခိုင်နှုန်းဟာ heavy Waterဖြစ်ခဲ့မယ်ဆိုရင် ဆဲလ်ကွဲပွားမှုနဲ့ မျိုးပွားနိုင်စွမ်းကို ဒုက္ခပေးတာ တွေ့ရတယ်။ ခန္ဓာကိုယ်တွင်းမှာ ၅၀ရာခိုင်နှုန်းထိ အစားထိုးမိရင် ကိုယ်တွင်းအင်္ဂါဆဲလ်တွေကို အဆိပ်အတောက်ဖြစ်စေပြီး လူကိုသေဆုံးသည်ထိ ဒုက္ခပေးတတ်ပါတယ်။ ဒါ့ကြောင့် Deuteriumပါဝင်တဲ့ heavy waterကို အလွန်အကျွံ မသောက်သုံးသင့်ပါဘူး။ 

ဖတ်ရတဲ့ အာနိသင်တွေအရ ပြောရရင် (၉၆)ပါး မက ရောဂါအကုန်လုံး အတွက် သင့်တော်ပါတယ်။ ခိုက်မိရှနာကတဆင့် ကင်ဆာ၊သွေးတိုး၊ဆီးချို၊လေဖြတ် စတဲ့ရောဂါတွေထိ အကုန်ကောင်းပါတယ်။ အရေပြားကိုလည်း တင်းရင်းလှပချောမွေ့စေမယ်ဆိုတာမျိုး ရောင်းကောင်းစေမယ့် သည်းခြေကြိုက်စကားမျိုး ဖြစ်ပါတယ်။ ပန်းနာရောဂါသည်တွေမှာ Adoxyက အကျိုးရှိတယ်လို့ ဆိုပါတယ်။ အိုမင်းရင့်ရော်ခြင်းတားဆီးပြီး မှတ်ဥာဏ်ကောင်းစေတယ်။ အနာကျက်မြန်စေတယ်။ အသားအရေလှပစေတယ်။ စိတ်ကျရောဂါကို ကာကွယ်ပေးမယ်။ အာရုံကြောတွေ အားကောင်းစေတယ်။ ဒါ့ကြောင့် လူတိုင်းအတွက် လိုအပ်တဲ့ ဆဲလ်အာဟာရအဖြစ် သတ်မှတ်ထားတယ်။

Adoxyရဲ့ အာနိသင်များ 
• ခန္ဓာကိုယ်မှာ ရှိတဲ့ဆဲလ်တွေထဲမှာ အောက်စီဂျင်များစေတယ်
• သတ္တုဓာတ်ဖြည့်ဆည်းပေးတယ်
• အာဟာရဓာတ်စုပ်ယူမှုကို ၉၅% ထိရှိစေတယ်
• ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ဖယ်ရှားပေးတယ်
• အာရုံကြောတွေ ကောင်းမွန်စေတယ်
• ခုခံအားကိုတက်စေတယ်
• အက်ဆစ်-ဘေ့စ် မျှခြေဖြစ်စေတယ်
• ဆဲလ်သစ်တွေ ဖွဲ့စည်းစေတယ်
• အရေပြားရောဂါတွေကို လျင်မြန်စွာပျောက်ကင်းစေတယ်
• ဆဲလ်တွေကို အားအင်ပေးစွမ်းနိုင်တယ်
• လူ၊သတ္တဝါအပင်တွေရဲ့ ကြီးထွားမှုကို အကျိုးပြုတယ်

ဒါက ကြေငြာနဲ့ ရေးထားတဲ့ဆေးအာနိသင်ကို ဖော်ပြပေးတာပါ။
ဆေးသောက်ရမှာလား မေးသူအတွက် အကျဉ်းချုပ်ဖော်ပြပေးတာပါ။ အလွယ်ဆုံး ပြန်ဖြေရရင် အကျိုးထူးနိုင်လား အာမမခံနိုင်ပါဘူး။ အမေရိကား ဆေးဝါးနဲ့ အစားအသောက်ကွပ်ကဲရေး(US FDA)က အသိအမှတ်ပြုထားတာ မတွေ့မိသေးဘူး။ သေချာတာတခုက (၉၆)ပါးအကုန်မပျောက်နိုင်ပါဘူး။ အကယ်၍ပျောက်ရင် အမေရိကားမှာ အရင်သုံးစွဲနေပြီး ဖြစ်ပါလိမ့်မယ်။ ဒါ့ပြင် ဆေးသောက်ပြီး အာဟာရသိဒ္ဓိပြီးမှာ မဟုတ်ဘူး။ ကင်ဆာဆိုတာ အဝေးကြီးမှာပါ။ ဒီဆေးတမျိုးတည်းလဲမဟုတ်ဘူး။ food supplement ဖြည့်စွက်ဆေးနဲ့ organic အော်ဂဲလ်နစ်ဆေး နာမည်ခံတော်တော်များများက ရောဂါအများစုအတွက် ကောင်းတယ်ဆိုတယ်။ ဘယ်ရောဂါလို့တော့လည်း အမည်မတပ်နိုင်ပြန်ဘူး။ အလားတူ လက်တွေ့ သက်သေပြနိုင်တာမျိုးလည်း မရှိပါဘူး။ ရေဆေးကို လေဆေးပြောင်းပေးတယ်ဆိုတဲ့ သီအိုရီကလည်း မဟုတ်သေးဘူး။ ဒီသီအိုရီကို ကန့်ကွက်သူ၊ထောက်ပြသူတပုံတပင်ရှိတယ်။ မကြာခင် Adoxy ဆေးအကြောင်း အသေးစိတ်ဖော်ပြပေးပါမယ်။ ဆေးသောက်သင့်၊မသောက်သင့် မိမိဘာသာပဲ ဆုံးဖြတ်ပါ ခင်ဗျား။

ဒေါက်တာ အေးမင်းထူး
၂၅.၅.၁၄

No comments:

Post a Comment