Friday, March 20, 2015

Champix ဆေးလိပ်ဖြတ်ဆေး

Champix ဆိုတာ ဆေးလိပ်ဖြတ်တဲ့ သောက်ဆေးတမျိုး ဖြစ်ပါတယ်။ နာမည်ကြီး Pfizer ဆေးကုမ္ပဏီက ထုတ်လုပ်တယ်။ Champixမှာ ပါဝင်တာက varenicline tartrate ဖြစ်ပါတယ်။ vareniclineဆိုတာ ဆေးလိပ်သမားတွေစွဲလန်းတဲ့ နီကိုတင်းဖြတ်ရာမှာ အသုံးဝင်တယ်။ တနည်းအားဖြင့် ဆေးလိပ်ဖြတ်ရာမှာ အသုံးဝင်တယ်။ ဆေးတဗူးကို သောင်းဂဏာန်းရှိတယ်။ ဥရောပနိုင်ငံနဲ့ ကနေဒါနိုင်ငံတွေမှာ champix နာမည်နဲ့ ရနိုင်တယ်။အမေရိကားမှာ chantixနာမည်နဲ့ ရနိုင်တယ်။ starter package နဲ့ maintaince packageဆိုပြီး နှစ်မျိုး ရှိတယ်။ starter packageဆိုတာ
ဆေးစသောက်သူအတွက်ဖြစ်တယ်။ မှတ်ရလွယ်အောင် ရက်စွဲတွေနဲ့ဖော်ပြထားပေးတယ်။ မနက်ဆေးနဲ့ ညဆေး ခွဲပေးထားတယ်။starterမှာ varenicline 0.5mg (၁၁)လုံးနဲ့ 1mg (၁၄)လုံး ပါဝင်တယ်။ 0.5mgကို ကဒ်အပြာရောင်၊1mgပါဝင်ရင် ကဒ်အစိမ်းရောင် ဖော်ပြပေးတယ်။ maintainceမှာ ပါဝင်တာက 1mg (၂၈)လုံးနဲ့ ၂ပတ်စာ ဖြစ်ပါတယ်။

Vareniclineဆိုတာ nicotinic acetylcholine receptor partial agonistတမျိုး ဖြစ်တယ်။ သူ့သဘောက ဦးနှောက်မှာရှိတဲ့ nicotinic receptorsအာရုံခံဆဲလ်ကို သွားရောက်လှုံ့ဆော်ပေးတယ်။ တချိန်တည်းမှာပဲ နီကိုတင်းက မလှုံ့ဆော်နိုင်အောင် အဲဒီိreceptorမှာ တားဆီးပြီးဖြစ်နေတယ်။ ဒီအာနိသင်ကြောင့် ဆေးလိပ်ဖြတ်တဲ့အခါ တွေ့ကြုံရတတ်တဲ့ ဆေးလိပ်စွဲလမ်းတပ်မက်စိတ်ကို သက်သာစေသလို withdrawal symptoms ခေါ်တဲ့ ဆေးဖြတ်လက္ခဏာတွေ မခံစားရဘူး။ ဆေးလိပ်ကထွက်လာတဲ့ နီကိုတင်း ရှူရှိုက်မှုကိုလည်း ကာကွယ်ပေးတယ်။သမားရိုးကျဆေးလိပ်ဖြတ်တာထက် အာနိသင်၂ဆ ပိုတာ တွေ့ရတယ်။

ဘယ်အချိန်မှာ ဆေးစသောက်မလဲ
ဆေးလိပ်မဖြတ်ခင် ၂ပတ်ကြိုသောက်ထားသင့်တယ်။ ဘာ့ကြောင့်လဲဆိုတော့ အာနိသင်ပြဖို့ အချိန်ယူရလို့ ဖြစ်တယ်။ ဆေးပမာဏကို ပထမပတ်အတွင်း ဖြည်းဖြည်းချင်းတင်ပေးရတယ်။ ပုံမှန်အားဖြင့် တနေ့နှစ်ကြိမ် ၃လ သောက်ဖို့ လိုအပ်တယ်။ သုံးလပြည့်ချိန်မှာ ဆေးလိပ်ပြတ်ပြီဆိုရင် နောက်ထပ် ၃လ ဆက်စွဲသောက်ရတယ်။ ကျောက်ကပ်အခံရှိရင် တနေ့တကြိမ်သောက်ရုံနဲ့ လုံလောက်တယ်။ ၆လပြည့်တဲ့အခါ ဆေးပမာဏကို ဖြည်းဖြည်းချင်းလျှော့ပြီး ဖြတ်ပေးရတယ်။ အစာနဲ့ နီးနီးဝေးဝေးသောက်နိုင်တယ်။ ဆေးသောက်တဲ့အခါ ရေများများနဲ့ သောက်ပေးသင့်တယ်။ 

သတိပေးချက်
ဆေးက အိပ်ချင်တယ်။ခေါင်းမူးတတ်တယ်။ ပျို့ချင်၊အန်ချင်ရှိတယ်။ စက်ပစ္စည်းလုပ်ငန်းတွေမှာ အန္တရာယ်ရှိနိုင်တယ်။ ပိုဆိုးတဲ့အချက်က ကိုယ့်ဘာသာ သတ်သေချင်တာ၊စိတ်ကျတာမျိုး ဖြစ်နိုင်တယ်။ နီကိုတင်းကြောင့် စိတ်အတက်အကျ၊အပြောင်းအလဲ ရှိနိုင်တယ်။ ဆေးသောက်စမှ စိတ်မငြိမ်တာ၊စိတ်တို၊စိတ်ဆတ်၊စိတ်ကျတာမျိုး ဖြစ်တတ်တယ်။ အထူးသဖြင့် စိတ်ရောဂါအခံရှိသူတွေ ပိုသတိထားသင့်တယ်။ ဆေးသောက်ခါစ ညအိပ်မပျော်တာ အဖြစ်များတယ်။ ဆေးကို ရုတ်တရက်ဖြတ်ရင် ဆိုးကျိုးတွေ ပိုခံစားရတယ်။ ဒါ့ကြောင့် ဆေးကိုဖြည်းဖြည်းချင်း ဖြတ်ပေးရတယ်။

အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုး
-ပျို့အန်ခြင်း
-ခေါင်းကိုက်ခြင်း
-ညအိပ်မပျော်ခြင်း
-အိပ်မက်ဆိုးမက်ခြင်း

အတွေ့နည်းတဲ့ဆိုးကျိုးများ
-မူးမောအားယုတ်ခြင်း
-ခေါင်းမူးခြင်း
-အရသာပျက်ခြင်း
-အာခြောက်ခြင်း
-ပျို့အန် ဝမ်းချုပ်၊
-ဝမ်းသွားခြင်း၊
-ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
-လေထိုးလေအောင့်၊
-အစာမကြေဖြစ်ခြင်း
-အစားစားချင်စိတ်လွန်ကဲခြင်း
-အစားပျက်ခြင်း
-ရေငတ်အာခြောက်ခြင်း
-လည်ချောင်းယားခြင်း
-စိတ်တိုလွယ်ခြင်း
-ခြေလက်တုန်ခြင်း
-စိတ်ခံစားမှုပြောင်းလဲခြင်း
-အနီစက် ဓာတ်မတည့်ဖြစ်ခြင်း

ဖြစ်နိုင်ချေရှိတဲ့ ဆိုးကျိုးများ
-လေဖြတ်ခြင်း
-မိမိကိုယ်ကို သတ်သေခြင်း
-စိတ်ဆတ်ခြင်း
-ရုတ်တရက် နှလုံးအမောဖောက်ခြင်း
-သွေးချိုတက်ခြင်း
-ဆေးမတဲ့ခြင်း
-အနီစက်ပေါက်ခြင်း

တခြားဆေးနဲ့ တွဲမသောက်ရ။
တခြားဆေးလိပ်ဖြတ်ဆေးတွေနဲ့ တွဲမသောက်သင့်ဘူး။ အထူးသဖြင့် bupropion (Zyban) လို၊ nicotine replacement therapy(NRT)လို ဆေးလိပ်ဖြတ်ဆေးတွေနဲ့ တွဲသောက်မိရင် ဘေးထွက်ဆိုးကျိုးခံစားရနိုင်တယ်။ ပျို့၊အန်၊ခေါင်းမူး၊ခေါင်းကိုက်၊အစာမကြေ၊အားကုန်၊မောပန်း၊သွေးပေါင်ကျတာမျိုး ဖြစ်တတ်တယ်။ ကျောက်ကပ်အခံရှိရင် လေနိုင်ဆေးcimetidine နဲ့တွဲမသောက်သင့်ဘူး။ ဆေးပမာဏလိုတာထက် ပိုသွားတတ်တယ်။အင်ဆူလင်ထိုးရတဲ့ ဆီးချိုသမားတွေမှာ ဆေးလိပ်သောက်တဲ့အခါ  အင်စူလင် စုပ်ယူမှုအားနည်းတတ်လို့ ဆေးပမာဏပိုထိုးပေးရတယ်။ ဆေးလိပ်ဖြတ်ပြီးရင် ဆေးပမာဏကို ပြန်ချိန်ပြီး လိုသလိုလျှော့ပေးသင့်တယ်။

ဆေးလိပ်ကြောင့် ဆေးတွေရဲ့ စုပ်ယူမှုအားနည်းတာ တွေ့ရတယ်။ ဒါ့ကြောင့် ဆေးလိပ်ဖြတ်ပြီးရင် ဆေးပမာဏ ပြန်ချိန်ပေးဖို့လိုအပ်ပါတယ်။ အတူတွဲမသောက်သင့်သောဆေးတွေလည်း ရှိသေးတယ်။
-clozapine
-dextropropoxyphene
-flecainide
-fluvoxamine
-olanzapine
-pentazocine
-phenylbutazone
-some benzodiazepines, eg oxazepam
-some beta-blockers, eg propranolol
-tacrine
-theophylline
-tricyclic antidepressants, such as imipramine
-warfarin.

သတိထားသင့်သူများ
-ကျောက်ကပ်ရောဂါအခံရှိသူ
-နှလုံးသွေးကြောကျဉ်းသူ
-စိတ်ရောဂါအခံရှိသူ
-အတက်ရောဂါအခံရှိသူ

ဆေးမသုံးသင့်သူများ
-ကိုယ်ဝန်ဆောင်
-နို့တိုက်မိခင်
-အသက်(၁၈)နှစ်အောက် လူငယ်များ

ဆေးလိပ်ဖြတ်ခြင်းရဲ့ ယာယီဆိုးကျိုးများ
ဆေးလိပ်ဖြတ်ချင်းရဲ့ နောက်ဆက်တွဲယာယီခံစားရနိုင်တယ်။ စိတ်တိုလွယ်၊စိတ်ကျလွယ်လာတယ်။ စိတ်ခံစားမှုလွန်ကဲလာတယ်။ အစာစားချင်စိတ်လွန်ကဲတာ၊ဝိတ်တက်တာမျိုး ဖြစ်နိုင်တယ်။ နှလုံးခုန်နှုန်း ပြောင်းလဲတတ်လာတယ်။ ပြောင်းလဲမှုဟာ ဆေးကြောင့်ဖြစ်နိုင်သလို ဆေးလိပ်ဖြတ်ခြင်းကြောင့် ခံစားရတာလည်း ဖြစ်နိုင်တယ်။ ခံစားရတာအများစုဟာ ယာယီသာဖြစ်တယ်။

ဒုတိယကမ္ဘာစစ်ကတည်းက Cytisusပင်ကို ဆေးလိပ်ဖြတ်ဖို့ သုံးခဲ့ကြတယ်။အပင်က cytisineကို ထုတ်ယူခဲ့ကြတယ်။ နောက်ပိုင်းမှာ Pfizer က varenicline ကို ဆင့်ကဲထုတ်လာတယ်။ ၂၀၀၆ခုနှစ် ဆေးလိပ်ဖြတ်ရာမှာ အသုံးဝင်တဲ့ဆေးတွေကို လေ့လာမှုပြုလုပ်တဲ့အခါ bupropionက ၁၅ရာခိုင်နှုန်း၊ vareniclineက ၂၃ရာခိုင်နှုန်း အောင်မြင်တာ တွေ့ရတယ်။အမေရိကား FDAက ၂၀၀၆မှာ ဆေးသုံးစွဲဖို့ ခွင့်ပြုခဲ့တယ်။ ဆေးလိပ်ပြတ်ရင် နောက်ထပ် ၃လ ဆက်သုံးနိုင်သေးတယ်။၂၀၀၉ခုနှစ်မှာ နီကိုတင်းအစားထိုးဖြတ်တာထက် ပိုကောင်းတယ်လို့ တွေရပြန်တယ်။ 

သတိပြုရပြန်ပြီ
၂၀၀၇နိုဝင်ဘာမှာ နောက်ဆက်တွဲအနေနဲ့ စိတ်ခံစားမှုအပြင် suicidal attempt မြင့်မားလာတာ တွေ့ရှိခဲ့တယ်။၂၀၀၈မှာ အမေရိကားFDAက တရားဝင်သတိပေးလာတယ်။သို့သော် ဆေးကြောင့်လား၊ဆေးဖြတ်တဲ့ဆိုးကျိုးလားဆိုတာ ဒွိဟဖြစ်နေတယ်။ ၂၀၀၉မှာတော့ စိတ်တိုလွယ်တာ၊စိတ်ဓာတ်ကျတာမျိုးဟာ ဆေးကြောင့် ဖြစ်တယ်လို့ ကောက်ချက်ချခဲ့ကြတယ်။၂၀၁၁ဇူလိုင်မှာ CMAJက နှလုံးနဲ့ပတ်သက်တဲ့ဘေးထွက်ဆိုးကျိုးရှိတာကို ဖော်ပြခဲ့တယ်။၂၀၁၂မှာ BMJက လေ့လာမှုထပ်မံလုပ်ခဲ့ရာမှာ ဆပ်စပ်မှုတစုံတရာ မရှိဘူးလို့ ဆိုပြန်တယ်။ ဒါ့ကြောင့် လက်ရှိချိန်မှာ နှလုံးဖြစ်နိုင်ချေမတွေ့ရပေမယ့် စိတ်ခံစားမှု၊စိတ်ကျမှုတွေ မြင့်တက်လာနိုင်လို့ သတိထားသင့်ကြောင်း ဖော်ပြထားတယ်။ 

ဒေါက်တာ အေးမင်းထူး
၅.၁.၁၄

No comments:

Post a Comment