Monday, February 9, 2015

Shu Di patch ဆူဒီနားကပ် ကားမူးသက်သာ

ဆူဒီ(Shu Di)ဆိုတာ တရုတ်တိုင်းရင်းဆေးကို ခေတ်မှီနည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ကားမူးပျောက် ပလာစတာကပ်ခွာ တမျိုးဖြစ်ပါတယ်။ ကား၊ရထားမူးတတ်သူတွေ နားရွက်နောက်ဖက် ကပ်ပေးထားရတယ်။ ပလာစတာရဲ့ အာနိသင်ကြောင့် ကားမူး၊ရထားမူးတာတွေကို ကာကွယ်ပေးတယ်။ တစ်ခါသုံးကပ်ခွာဖြစ်တယ်။ အသုံးပြုရလွယ်ကူတယ်။ ဈေးချိုတယ်။ကပ်ခွာတချပ်မှ အစိတ်လောက်ပဲ ပေးရတယ်။ အာနိသင်က ဆေးကပ်ပြီး ၁၀မိနစ်လောက်မှာ စပြတယ်။ တခါသုံးပြီးရင် ၂၄နာရီခံတယ်။ motion sickness (ကားမူး)ပျောက်အောင် ဆေးစိမ်ထားပြီး တရုတ်နိုင်ငံက နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ပလာစတာကပ်ခွာမျိုး ဖြစ်ပါတယ်။ 

ပါဝင်ပစ္စည်းများ
-သဘာဝအဆီ
-ပူစီနံ
-သစ်ဆေး
-ဆီစိမ်စက္ကူ
-ဆေးဝါးသုံးကော်
-ပိတ်စ

အသုံးပြုပုံ
ကားမစီးမီ ၁နာရီခန့် စောကပ်ပေးပါ။ နားနောက်ဖက်၊ဆံပင်အရှေ့မှာ ရှိတဲ့ အရိုးဖုပေါ်မှာ ကပ်ပေးရတယ်။ ပလာစတာကပ်ပြီး ၂၄နာရီအတွင်းသာ အာနိသင်ရှိပါတယ်။ ကားမူးခြင်း၊ရထားမူးခြင်း၊သဘောင်္မူးခြင်း၊လေယာဉ်မူးခြင်းတွေကို သက်သာစေပါတယ်။ 

ဘေးထွက်ဆိုးကျိုး
-ခေါင်းကိုက်ခြင်း
-ခေါင်းမူး ခြင်း
-ပျို့၊အန်ခြင်း
-အာခေါင်ခြောက်ခြင်း
-ရေငတ်ခြင်း

သတိပြုရန်
-ဓာတ်မတဲ့သူ
-ကိုယ်ဝန်ဆောင်မိခင်
-၅နှစ်အောက် ကလေးများ
-ရေတိမ်ရောဂါရှိသူ

တခါကပ်ရင် တစ်ချပ်ထက် ပိုမကပ်သင့်ဘူး။ ဓာတ်မတဲ့တာ၊နေရခက်တာမျိုးရှိရင် ချက်ချင်းခွာပစ်ပြီး ရေများများသောက်ပေးပါ။ မျက်စိမှိတ်ပြီး ကောင်းကောင်း အနားယူပေးသင့်တယ်။

ကားမူးသက်သာ သေချာသလား
မြန်မာအယူအဆအရ ချက်ကို ပလာစတာကပ်ရင် ကားမမူးဘူး။ သို့သော် ချက်မှာ ပလာစတာကပ်လျက်နဲ့ ဆေးခန်းလာပြသူတွေ မကြာခဏတွေ့ရတယ်။ဘာ့ကြောင့်လာလဲ မေးကြည့်တိုင်း ကားမူးလို့ဆိုတာချည်းပဲ။မဟုတ်မှန်းသိပေမယ့် ရှေးရိုးကို မပြင်နိုင်ကြဘူး။ တခါကလူနာတယောက် ရှိခဲ့ဘူးတယ်။ ကားစီးတိုင်း ပျို့ချင်၊အန်ချင်ပြီး ၂ရက်လောက် နေမကောင်းဖြစ်တတ်တယ်။ တရက်က မင်းကွန်းဖက်ကို ခရီးထွက်မှာမို့ ဆရာဝန်လုပ်တဲ့သူကိုမေးတယ်။ ခရီးသွားမှာမို့ ဆေးထိုး၊ဆေးသောက် လုပ်ချင်သတဲ့။ သွားရမှာ သုံးရက်လောက် ကြာမှာမို့ အလုပ်ရှုပ်သက်သာတဲ့နည်းများ ရှိမလားပေါ့။ ဆရာလုပ်သူက အလွယ်ပြောလိုက်တယ်။ ဆေးကပ်ခွာတော့ရှိတယ်။ နားနောက်ကပ်ထားရုံပဲပြောတော့ ဝမ်းသာအားရယူသွားတယ်။ သိပ်မကြာခင် အဲဒီလူနာပြန်လာတယ်။ မင်းကွန်းသုံးရက်သွားတာ လုံးဝမမူးခဲ့ဘူး။ဆရာ့ကပ်ခွာအင်မတန်ကောင်းသတဲ့။ သူ့အရင် လူနာသုံးယောက်လောက် သုံးကြည့်ခဲ့တာ ထူးခြားမှု တစုံတရာ မတွေ့ခဲ့ရဘူး။ ဒီတခါတော့ ဆရာလုပ်တဲ့သူလည်း မျက်နှာပန်းလှသွားတယ်။တခါတရံ ဆေးအာနိသင်ဆိုတာ ဈေးပေါ်မမူတည်ဘဲ လူပေါ်မှာသာ မူတည်နေတယ်။ ဆူဒီနားကပ် ကားမူးသက်သာမလား ဆိုတာကတော့............

ဒေါက်တာ အေးမင်းထူး
၃၀.၁၁.၁၃

No comments:

Post a Comment