Monday, February 9, 2015

Filfresh(Melatonin 3mg) သဘာဝအိပ်ဆေး

ဆရာ ကျနော်ညဆိုအိပ်လို့မရတာ ကြာပါပြီ။ ကျနော်ကအခု ရန်ကုန်မှာ ဆေးကျောင်းတက်နေပါတယ်။ ည ညဆိုရင် ၂နာရီလောက်မှ အိပ်ဖြစ်ပါတယ်။ နေ့ခင်းလည်း မအိပ်ဖြစ်ပါဘူး။ သူငယ်ချင်းတွေက အိပ်ဆေးသောက်အိပ်ဖို့ ပြောပါတယ်။ ဒါပေမယ့် ဘယ်အိပ်ဆေးသောက်ရမလဲ မသိလို့ပါ။အိပ်ဆေးကောင်းကောင်းလေး ရှိရင်သိချင်ပါတယ်။ ဘေးထွက်ဆိုးကျိုးလည်း နည်းတဲ့ဆေးမျိုးပေါ့ဆရာ။

အခု မြန်မာနိုင်ငံမှာ အိပ်ဆေးတွေ အမျိုးမျိုးဝင်လာပါပြီ။ လောလောဆယ်ကိုပဲ မြန်မာနိုင်ငံဈေးကွက်ထဲကို ဘင်္ဂလားဒေ့ရှ် အခြေစိုက် square ကုမ္ပဏီက ထုတ်တဲ့ Filfresh ဆိုတာ ဝင်လာပြန်တယ်။ Filfresh ထဲမှာ Melatonin 3mg ပါဝင်တယ်။ melatonin ဆေးအကြောင်းအရင်က လည်း ရေးဖူးခဲ့ပါတယ်။ melatoninဆိုတာ သဘာဝထုတ် ဟော်မုန်းကို တုပထားတဲ့ အိပ်ဆေးတမျိုး ဖြစ်တယ်။ အမေရိကားFDAက melatonin ကို dietary supplement ဖြည့်စွက်ဆေး အမျိုးအစားထဲမှာသာ ထည့်သွင်းထားတယ်။ အိပ်ဆေးထဲမှာ herbalပင်တွေက ထုတ်တဲ့ဆေးအများစုဟာ ဆရာဝန်လက်မှတ်မလိုတတ်ဘူး။ ဒီဆေးက ဝင်လာတာမကြာသေးဆိုတော့ ဆိုင်တိုင်းမှာ ရှိပါ့မလား မပြောတတ်ဘူး။ 

Melatonin ဆိုတာ 
ခန္ဓာကိုယ်က သဘာဝအတိုင်း ထုတ်ပေးနေတဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ 
လူ၊တိရိစ္ဆာန်နဲ့ အပင်တွေမှာလည်း ဒီလိုဟော်မုန်းမျိုးကို တွေ့ရှိရတယ်။ 
melatonin ဟော်မုန်းကို ဦးနှောက်အောက်ခြေမှာရှိတဲ့ pineal glandကနေ ထုတ်ပေးနေတယ်။ အရေပြားဆဲလ်၊ရိုးတွင်းခြင်ဆီနဲ့ lymphocyteတွေမှာလည်း melatonin ဓာတ်တွေ ရှိသေးတယ်။ အိပ်စက်မှုကို ဖြစ်စေတဲ့ circadian cycleထဲမှာ melatoninရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်။ ညအချိန် အိပ်စက်ခြင်းကို ဖြစ်စေတာလည်း ဒီဟော်မုန်းကြောင့်ပါပဲ။ ဆဲလ်ထဲမှာရှိတဲ့ ပမာဏဟာ သွေးကြောရှိတဲ့ ပမာဏထက် ပိုများတာ တွေ့ရတယ်။ 

circadian cycleနဲ့ အိပ်စက်ခြင်း
အိပ်စက်ခြင်းအကြောင်းကို ဆက်ပြောရရင် သာမန်အားဖြင့် လူတွေဟာ ညအချိန်မှာသာ အိပ်တတ်ကြတယ်။ ဘာ့ကြောင့်လဲဆိုတော့ ညအချိန်မှာ အိပ်စက်ခြင်းကို တားဆီးပေးတဲ့ blue light(460-480nm)တွေ လျှော့နည်းသွားလို့ပဲ။ ဒါ့ကြောင့် လူတွေဟာ blue lightအလင်းရောင်ရှိတဲ့ နေ့ခင်းဖက်မှာ မအိပ်ပဲ အလင်းရောင်မရှိတဲ့ညအချိန်တွေမှာ အိပ်စက်ကြတာဖြစ်တယ်။ ညနေ နေစောင်းပြီဆိုတာနဲ့ melatonin ဟော်မုန်းတွေက စတင်ထွက်ရှိလာတယ်။ စာလိုပြောရရင် Dim-light melatonin onsetလို့ ခေါ်ပါတယ်။ wavelength 530nmကျော်တာနဲ့ ဟော်မုန်းစတင်ထွက်ရှိလာတယ်။ တချို့အလင်းရောင် ရှိရင် မအိပ်တတ်ဘူးဆိုတာ ဒီသဘောပါဘဲ။ အိပ်ဖို့ မျက်စိကိုတခုခုအုပ်ပေးတဲ့အခါ blue lightတွေ မဝင်ရောက်ရင် melatoninထွက်လာပြီး အိပ်စက်ခြင်းကို ပိုမိုလွယ်ကူစေတာ တွေ့ရတယ်။ နေ့၊ည အချိန်နရီစည်းချက်ကို မြင်လွှာမှာရှိတဲ့ photosensitive ganglion က အာရုံခံပေးပြီး ဦးနှောက်မှာ ရှိတဲ့ suprachiasmatic nucleiကို ပို့ဆောင်ပေးတယ်။ အဲဒီကတဆင့် လိုအပ်တဲ့ဟော်မုန်းတွေ ပေါ်ထွက်လာအောင် လှူံ့ဆော်ပေးပါတယ်။ ဒီဖြစ်စဉ်ကို circadian cycleလို့ နာမည်ပေးထားတယ်။ ဒါ့ကြောင့် မိုးရွာတဲ့ရက်တွေ၊ နှင်းထူတဲ့ရက်တွေမှာ ရာသီအေးအေး၊ခပ်ကွေးကွေး အိပ်ချင်တာ အလင်းရောင်အားနည်းတဲ့အခါ ထွက်လာတဲ့ melatoninရဲ့အာနိသင်ကြောင့် ဖြစ်ပါတယ်။

လေယာဉ်အချိန်ကြာစီးပြီး ခရီးရှည်သွားတဲ့အခါမျိုးမှာ အိပ်ချိန်မမှန်တာ၊နောက်ကျတာဖြစ်ပြီး circadian cycle ပြောင်းလဲတာမျိုး ဖြစ်တတ်ပါတယ်။ ဒါမျိုးကို jet lag လို့ခေါ်ပါတယ်။ အထူးသဖြင့် နိုင်ငံခြားခရီးရှည်သွားရတဲ့အခါမျိုးပေါ့။ တောင်နဲ့မြောက်ခရီးသွားတာ ပြဿနာမဟုတ်ပေမယ့် ကမ္ဘာ့အရှေ့ခြမ်းက အနောက်ခြမ်းကို သွားတဲ့အခါမျိုးမှာ အချိန်ပြောင်းလဲမှုက များပြီး ဟော်မုန်း rhythmမမှန်တော့ဘူး။အဲလိုမခါမျိုးမှာ  melatoninဓာတ် ဖြည့်တင်းဖို့ လိုလာတတ်တယ်။ 

မယ်လ်တိုနင် သမိုင်းကြောင်း
Melatonin ကို ၁၉၉၅ခုနှစ်မှာ အိပ်ဆေးအဖြစ် စတင်သုံးစွဲဖို့ တရားဝင်ခွင့်ပြုခဲ့တယ်။ အိပ်ဆေးဆိုပေမယ့် secondary sleep disorder ရောဂါအခံရှိတဲ့ အအိပ်ပျက်သူတွေမှာ အသုံးမဝင်ဘူး။ တခါတရံ ဒိုင်ယာဇီပန်လို အိပ်ဆေးမျိုး ဖြတ်ပြီးတဲ့အခါ ဆက်လက်သုံးစွဲဖို့ ပေးတတ်ကြတယ်။ ပုံမှန်အားဖြင့် အသက် ၅၅နှစ်အထက်တွေမှာ သုံးစွဲသင့်တယ်။ ၂၀၀၅လေ့လာမှုအရ ၁လအောက် သုံးစွဲရုံနဲ့ အကျိုးမရှိနိုင်ဘူးလို့ သုံးသပ်ကြတယ်။ နောက်နှစ်မှာ ထပ်မံလေ့လာတဲ့အခါ ၃လထက် ပိုမသုံးသင့်ဘူးလို့ တွေ့ရှိပြန်တယ်။ သို့သော် အငြင်းပွားဖွယ်ကိစ္စတခုက ကလေးငယ်တွေမှာလည်း သုံးနိုင်သေးလားဆိုတာပဲ။ ပုံမှန်အားဖြင့် အိပ်ဆေးတွေကို အသက်၁၈နှစ်အောက်တွေမှာ အသုံးမပြုဖို့ တားမြစ်ထားတယ်။ အကယ်၍သုံးစွဲချင်ရင် ဆရာဝန်နဲ့ တိုင်ပင်သင့်တယ်။ သိပ္ပံနည်းကျ ငြင်းချင်သူတွေက ကိုယ်ခန္ဓာက ထုတ်လုပ်နေတဲ့ ဟော်မုန်းမျိုး ဖြစ်တာကြောင့် သုံးစွဲရင်လည်း ဆိုးကျိုးမရှိနိုင်ဘူး သုံးသပ်ကြတယ်။ 

နိုင်ငံခြားဈေးကွက်မှာmelatonin ပမာဏဟာ 0.5mgကနေ 10mgထိ မျိုးစုံရှိတယ်။ melatonin ပေါ်ကာစက 3mgဆေးပြားတွေ သုံးခဲ့ကြတယ်။နောက်ပိုင်းတွေ့ရှိချက်တွေမှာ 0.3mgလောက်နဲ့လည်း အကျိုးဖြစ်တာသိခဲ့ကြတယ်။ တခြားနိုင်ငံတွေမှာ ဆေးပြား၊ဆေးရည်၊ကပ်ခွာ၊လိမ်းဆေး ပုံစံအမျိုးမျိုးနဲ့ လာတယ်။ဆေးပမာဏ1mg,1.5mg,3mg,5mg,10mgမျိုးစုံ ရှိတယ်။ ဒါပေမယ့်တိရိစ္ဆာန်တွေက ရရှိတဲ့ melatoninဓာတ်တွေက စိတ်မချရဘူး။ဒါ့ကြောင့် ဆေးထုတ်တဲ့အခါ စိတ်ချရအောင် ဓာတ်ခွဲခန်းမှာသာ syntheticပုံစံမျိုး ထုတ်ကြတယ်။ တချို့အစားအစာမှာ စားကောင်း၊အိပ်ပျော်စေဖို့ မယ်လ်တိုနင်တွေ ထည့်တတ်ကြတယ်။  

အသုံးဝင်ပုံ
Melatoninဟော်မုန်းရဲ့ အသုံးဝင်ပုံက အိပ်စေရုံတင် မဟုတ်ဘူး။ antioxidant ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိလည်း ရှိသေးတယ်။ သူ့ရဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိက ဗီတာမင်အီးထက် နှစ်ဆလောက် ပိုပါတယ်။ ဒါ့အပြင် ရေတင်မက အဆီမှာပါ ပျော်ဝင်တဲ့ဂုဏ်သတ္တိလည်းရှိတယ်။တွေ့ရှိချက်တခုက ခုခံအားစနစ်ကိုလည်း ကောင်းမွန်စေနိုင်သေးတယ်။ ခုခံအားစနစ်မှာ ရှိတဲ့ cytokineထုတ်လုပ်မှုကို များစေနိုင်တာကြောင့် ရောဂါပိုးမွှားတွေကို တိုက်ဖျက်နိုင်တယ်လို့ ယူဆဖွယ်ရှိပါတယ်။ အသက်ကြီးသူတွေအတွက် အဆင်ပြေတာနောက်တခုက antiaging propertyအိုမင်းမှုကို တားမြစ်ပေးတဲ့သဘောလည်း ရှိတယ်။ လေ့လာမှုအချို့က ပြောတာဖြစ်လို့ သေချာမှုမရှိသေးပါ။ 

အသုံးပြုနိုင်သော ရောဂါများ
- ညအိပ်မပျော်ခြင်း(insomnia)
- လေယာဉ်အချိန်ကြာစီး၍ ဇီဝနာရီပြောင်းလဲခြင်း(jet lag)
- သွေးဆုံးကိုင် လက္ခဏာကြောင့် အိပ်မပျော်ခြင်း
- ADHD ရောဂါကြောင့် အအိပ်ပျက်ခြင်း
- အစားအသောက်ပျက်ခြင်း
- အရိုးပွရောဂါ
- Sarcoidosis ရောဂါ

ဆေးညွှန်း
• Melatonin 3-6mgကို ညမအိပ်ခင် တစ်နာရီလောက် ကြိုသောက်ရတယ်။ အိပ်ဖို့ခက်ခဲသူတွေမှာ ဆေးကို ၄ပတ်လောက် ဆက်တိုက်ပေးရတယ်။ 
• Jet lag ရေရှည်ခရီးသွားသူတွေမှာ အိပ်ချိန်မတိုင်ခင် တနာရီကြိုသောက်ပါ။ ခရီးမထွက်ခင် ၂ရက်စောသောက်ပြီး ခရီးရောက်ပြီး ၂ရက် ထိ ဆက်သောက်ပေးရတယ်။ ကမ္ဘာ့အရှေ့ဖက်ခြမ်းဒေသကို ခရီးထွက်တဲ့အခါ ညနေပိုင်းမှာ တကြိမ်သောက်ပြီး ညအိပ်ချိန်မှာ နောက်တကြိမ် ထပ်သောက်ရတယ်။
• Sarcoidosis ရောဂါမှာ တနေ့ 20 mg ၄-၆လ ထိသောက်ပါ။
• စိတ်ကျရောဂါမှာ 0.125 mg ညနေ ၄နာရီမှာသောက်ပါ။ ညနေ ၈နာရီမှာ နောက်တကြိမ်ထပ်သောက်သင့်တယ်။

နောက်ပိုင်းမှာ တွေ့ရှိရတာက ဆေးကို 0.3mg(ဆေး ဆယ်ပုံတပုံ)သောက်ရုံနဲ့ အလုပ်ဖြစ်တာ တွေ့ရှိရတယ်။ အထူးသဖြင့် ၆လ-၁၂နှစ်အတွင်းကလေးတွေမှာ 0.3mgက လုံလောက်ပါတယ်။ သို့သာ် တစ်ယောက်နဲ့တစ်ယောက် တုံ့ပြန်ပုံမတူကြဘူး။ သတိပြုရမှာက ဆေးသောက်ပြီး ၆နာရီအတွင်း ကားမောင်းတာ၊အန္တရာယ်ရှိတဲ့အလုပ်မျိုး ရှောင်ထားသင့်တယ်။

ဘေးထွက်ဆိုးကျိုး
-ခေါင်းမူးတာ၊ခေါင်းကိုက်တာ ရှိနိုင်တယ်
-စိတ်တိုတာ၊စိတ်မရှည်တာ ဖြစ်နိုင်တယ်
-နေ့ပိုင်း အိပ်ချင်တတ်တယ်
-စိတ်ဓာတ်ကျတာ ခံစားရနိုင်တယ်
-ဗိုက်မအီမသာ ဖြစ်နိုင်တယ်
-ပျို့ချင်၊အန်ချင် ဖြစ်တတ်တယ်
-ဆေးပမာဏပိုများရင် အိပ်မက်ဆိုးမက်တာမျိုး ဖြစ်နိုင်တယ်။
(အိပ်ဆေးတိုင်းဟာ ဆေးပမာဏနည်းလေ၊ဘေးထွက်ဆိုးကျိုးနည်းလေ ဖြစ်ပါတယ်။)

တွဲမသောက်သင့်တဲ့ဆေး
-သွေးကျဲဆေး
-ခုခံအားကျဆင်းစေတဲ့ဆေး(စတီးရွိုက်)
-ဆီးချိုကျဆေး
-ကိုယ်ဝန်တားဆေးကဒ်
-အိပ်ဆေး(Diazepam)
-စိတ်မကျဆေး(Antidepressant Medications)
-စိတ်ဆေး(Antipsychotic Medications)

သတိပြုစရာ
အကိုက်အခဲပျောက်ဆေး၊စတီးရွိုက်ဆေး၊ကော်ဖီ၊အရက်၊ဆေးရွက်ကြီးစတာတွေက မယ်လ်တိုနင် အာနိသင်ယုတ်လျှော့စေတယ်။ ဘိန်း၊ယာဘ၊ယာမစတဲ့ တားမြစ်ဆေးတွေက မယ်လ်တိုနင်အာနိသင်ကို များစေတယ်။ခုခံအားချင်းပြန်တိုက်တဲ့ autoimmune ရောဂါမှာ ဆေးမသုံးစွဲသင့်ဘူး။ tamoxifen နဲ့တွဲသောက်ရင် ကင်ဆာရောဂါရောဂါသည်အချို့မှာ အကျိုးရှိနိုင်တာ တွေ့ရတယ်။

၂၀၁၀လေ့လာမှုတခုအရ ဘာ့ကြောင့်မှန်း သေချာမသိပေမယ့် irritable bowel syndrome အူလှုပ်ရှားမှုမမှန်တဲ့ လက္ခဏာမျိုးမှာ အသုံးပြုနိုင်တာ တွေ့ရတယ်။ စိတ်ဝင်စားဖို့ကောင်းတာနောက်တခုက ကလေးငယ်တွေမှာ တွေ့ရတတ်တဲ့ autismလို၊ADHDလိုရောဂါတွေမှာ အသုံးပြုနိုင်တယ်။ migraineခေါင်းတခြမ်းကိုက်၊cluster headacheလို ခေါင်းကိုက်ဝေဒနာအပြင် နားအူတဲ့ရောဂါအခြေအနေမှာလည်း သုံးစွဲတတ်ကြတယ်။cluster headacheလို ခေါင်းကိုက်ဝေဒနာရှင်ကို ပေးတဲ့အခါ ဝေဒနာတွေသက်သာလာတာ တွေ့ရတယ်။မယ်လ်တိုနင်ဓာတ်ချို့တဲ့ပြီး အိပ်ရေးမဝတာတွေများလာရင် အမျိုးအစား၂ ဆီးချိုပိုဖြစ်နိုင်တာ တွေ့ရှိရပါသတဲ့။ အမှန်တကယ် သက်ဆိုင်မှုရှိ၊မရှိကတော့ လေ့လာမှုတွေ ဆက်လုပ်ရမှာ ဖြစ်ပါတယ်။

ဒေါက်တာ အေးမင်းထူး
၁.၇.၁၄

No comments:

Post a Comment