Friday, March 20, 2015

Li Shou Slimming Capsule တရုတ်ပိန်ဆေး

မင်္ဂလာပါဆရာ။lishou ပိန်ဆေးနဲ့ပတ်သက်ပြီးသိချင်လို့ပါ။ဆေးဆိုင်ကကောင်းတယ် ဆိုပြီးပြောလို့သူငယ်ချင်းကဝယ်လာတာပါ။ အကောင်းအဆိုးလေးတွေသိချင်ပါတယ်။ကျေးဇူးတင်ပါတယ်။



မေးထားတာက တရုတ်တိုင်းရင်းဆေးဖြစ်တဲ့အတွက် ပြန်လေ့လာရပါတယ်။ ပါဝင်တာတွေကလည်း တရုတ်ရိုးရာherbalကထုတ်တာဖြစ်လို့ ရေးနေကျ ပိန်ဆေးတွေနဲ့ နည်းနည်းကွာခြားပါတယ်။တရုတ်စကားလုံး lishouကို မြန်မာလို "လီရှူံး"လို့ ဘာသာပြန် ခေါ်ရမယ်ထင်ပါတယ်။ တရုတ်ရိုးရာပိန်ဆေးအဖြစ် နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြတယ်။ ဆေးဗူးပုံစံဟာ ၂၀၁၃ဇန်နဝါရီလ နောက်ပိုင်းကစပြီး အနည်းငယ်
ပြောင်းလဲလာတာတွေ့ရတယ်။ အရင် နဂါးပုံစံနေရာမှာ တရုတ်အမျိုးသမီးပုံစံဖြစ်လာတယ်။ ဗူးမှာ လိပ်ပြာပုံ ထည့်သွင်းထားတယ်။ ဗူးထဲမှာပါဝင်တာက ဆေးတောင့်ပုံစံဖြစ်ပါတယ်။အာနိသင်နဲ့ ပါဝင်ပစ္စည်းတွေတော့ ပြောင်းလဲမှုမရှိဘူး။

ပါဝင်တဲ့ တိုင်းရင်းဆေး ပစ္စည်းများ
-Tuckahoe(fu ling)
-Lotus leaf
-Bitter Orange Fruit

(1)Tuckahoe(fu ling) (ဖူးလင်မှို)
fu ling(ဖူးလင်)ဆိုတာ Polyporaceaeအုပ်စုထဲမှာပါဝင်တဲ့မှိုတမျိုးပါ။ မှိုဆိုတာထက် အမြစ်နဲ့ပိုတူတယ်။ စားလို့ရတဲ့အမြစ်၊မှိုရဲ့မာကျောတဲ့အပိုင်းကို Tuckahoeလို့ ခေါ်ပါတယ်။ yun ling(ယွန်းလင်)လို့လည်း တချို့ခေါ်ကြတယ်။ china root ၊holenလို့လည်း ခေါ်တယ်။ polyporusအမျိုးအစားထဲပါလို့ poriaတဲ့။ ယူနန်ပြည်နယ်ကထွက်တဲ့ poriaက နာမည်ကြီးတယ်။ဒီလို မှိုမျိုးကို ဇူလိုင်နဲ့စက်တင်ဘာလလတွေမှာ အဓိကတွေ့ရတယ်။ ရတဲ့အပိုင်းကို နေရိပ်တဲ့နေရာမှာ လေသလပ်ပြီး အခြောက်လှမ်းရတယ်။ ပြီးရင် ပါးပါးလှီးပြီးအသုံးပြုကြတယ်။ အာနိသင်က နှလုံး၊အဆုတ်၊ကျောက်ကပ်နဲ့ သရက်ရွက်ကို အားကောင်းစေတယ်။ Serotonin ပမာဏများစေတာကြောင့် အစာစားချင်စိတ်ကို တားဆီးပေးတယ်။ ဗိုက်ပြည့်နေတယ်လို့ ခံစားရတယ်။ နောက်အာနိသင်တမျိုးက ဆီးသွားစေတယ်။ အရောင်ကျစေတယ်။ တိုင်းရင်းဆေးအယူအဆအရ ကင်ဆာကျိတ်အချို့မှာ အသုံးပြုတယ်။ စိတ်ကို ငြိမ်းအေးစေတယ်။ ချိုတဲ့အရသာရှိလို့ တရုတ်ရိုးရာမုန့် အချို့မှာထည့်သွင်းတတ်ကြတယ်။

(2)Lotus leaf(ပဒုမ္မာရွက်)
ပဒုမ္မာကြာပန်းတမျိုးဖြစ်တယ်။ အဓိကအားဖြင့် အူလှုပ်ရှားမှုအားပေးတယ်။ အစာချေဖျက်မှုကောင်းလာတယ်။ ဒါ့ပြင်ပါဝင်တဲ့ nuciferineဓာတ်က အဆီပိုတွေဖယ်ရှားရာမှာ အသုံးဝင်တယ်။ ခါးတဲ့အရသာရှိတယ်။ အသည်း၊သရက်ရွက်ကို အားကောင်းစေတယ်။ တခြားအာနိသင်တွေက သွေးယိုတာ၊သွေးအန်တာ၊သွေးဝမ်းသွားတာတွေကို သက်သာစေတယ်။

(3)Bitter Orange Fruit(လိမ္မော်သီးခြောက်)
အစာစားချင်စိတ်ကို ထိန်းချုပ်ပေးတယ်။ ဇီဝဖြစ်ပျက်မှုအားပေးပြီး အဆီပိုတွေလောင်ကျွမ်းစေတယ်။ အင်နာဂျီနဲ့အပူထွက်လာတယ်။ ထွက်လာတဲ့အပူက အဆီပိုတွေကို ဆက်လက်လောင်ကျွမ်းစေပြန်တယ်။တရုတ်တိုင်းရင်းဆေးမှာ လှပဖို့နဲ့ ဝိတ်ကျဖို့ သုံးစွဲခဲ့ကြတယ်။

အွန်လိုင်းမှာ ကြေငြာတာတွေ ဖောက်သည်ချရရင်
(၁-၁၀ရက်အတွင်း)
အဆီပိုတွေဟာ ရေ၊ချွေး၊ဆီး၊ဝမ်းနဲ့အတူပါသွားတယ်။ ဝမ်းထဲမှာ အဆီတွေပါလာတာ တွေ့ရလိမ့်မယ်။
(၁၀-၃၀ရက်အတွင်း)
ဇီဝဖြစ်ပျက်မှုမြန်လာတာနဲ့အမျှ အဆီပိုလောင်ကျွမ်းမှုအားကောင်းလာတယ်။
သိသာထင်ရှားတဲ့ပြောင်းလဲမမှုမျိုး ပိုမို မြင်တွေ့နိုင်တယ်။
(၃၀-၆၀ရက်အတွင်း)
အဆီပိုတွေမရှိတော့သလို အဆိပ်အတောက်တွေ ကင်းစင်သွားတယ်။
ဇီဝဖြစ်ပျက်မှုပုံမှန်ပြန်ဖြစ်လာတယ်။ ကျန်းမာမှုနဲ့လှပမှုကို ခံစားလာရတယ်။

ဆေးညွှန်း
တစ်ခါသောက်တစ်လုံး တစ်နေ့တကြိမ် မနက်စာမစားခင် နာရီဝက်မှာ သောက်ပေးသင့်တယ်။ ဆေးသောက်တဲ့အခါ ရေများများနဲ့သောက်ပေးရတယ်။ ရေများများသောက်တဲ့အခါ ဆေးရဲ့ပူတဲ့အာနိသင်ကို ကာကွယ်ရာရောက်တယ်။ ဆီးများတတ်လို့ အကောင်းဆုံးက ရေနှစ်ဖန်ခွက်(350-500ml)လောက် ကုန်အောင်သောက်ပေးပါ။ ဆေးအာနိသင်၊စုပ်ယူမှု ပိုကောင်းချင်ရင် ရေနွေးနဲ့ သောက်သင့်တယ်။

ဘေးထွက်ဆိုးကျိုး
-ခန္ဓာကိုယ်ပူတာ
-ချွေးအလွန်အကျွံထွက်တာ
-ဝမ်းထဲအဆီပါတာ
-ဆီးသွားတာ
-ခေါင်းမူးတာ
-ရင်တုန်ပန်းတုန်
-အားအင်ကုန်ခမ်း
-ခြေ၊လက် မသယ်ချင်

ဆေးမသောက်သင့်သူတွေ
-သွေးတိုး၊လေဖြတ်၊နှလုံးသွေးကြောကျဉ်းသူ
-အရက်၊ဆေးစွဲသူ
-အသည်း၊ကျောက်ကပ်မကောင်းသူ
-သိုင်းရွိုက်ရောဂါအခံရှိသူ
-ဆီးကျိတ်ကြီးသူ
-မျက်စိရေတိမ်ရှိသူ
-ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်
-အသက်ငယ်သူ(၁၈နှစ်အောက်)
-အသက်ကြီးရင့်သူ(၆၀နှစ်အထက်)

လီရှူံးပိန်ဆေးတောင့်ရဲ့ အသုံးဝင်ပုံကို ဖတ်ကြည့်တဲ့အခါ အဓိကအာနိသင်နှစ်ခုကို တွေ့ရလိမ့်မယ်။
(၁)အစာစားချင်စိတ်ကို နည်းစေတယ်။ 
(၂)ဇီဝဖြစ်ပျက်မှုကို မြန်ဆန်စေပြီး မလိုအပ်တဲ့အဆီပိုတွေ ဖယ်ရှားပေးတယ်။

တကယ့်လက်တွေ့မှာ ပိန်ဖို့ဆိုရင် အစားလျှော့စားဖို့ လိုအပ်ပါတယ်။ ဆေးသောက်သူတိုင်း ဝိတ်ကျမယ် မမျှော်မှန်းသင့်ဘူး။ လုံးဝအာနိသင်မရှိတာလည်း ဖြစ်နိုင်တယ်။ အွန်လိုင်းမှာ တစ်လအတွင်း ၇ပေါင်ကျဆင်းတယ်ဆိုတာလည်း တွေ့ရတယ်။ တချို့ကလည်း ဝိတ်ကျပြီး ၁လနောက်ပိုင်း ဆက်မကျလို့ အာနိသင်မရှိတော့ဘူး ဆိုကြတယ်။ဒါ့ကြောင့် တယောက်နဲ့တယောက်တုံ့ပြန်ပုံ မတူကြဘူးလို့ သိရတယ်။ ဘယ်လိုဆိုဆို တိုင်းရင်းဟာဘယ်လ်ဆေးဖြစ်တာကြောင့် ဘေးထွက်ဆိုးကျိုးနည်းမယ် ထင်ပါတယ်။ ဆေးဝယ်ပြီးရင်တော့ စမ်းသောက်ကြည့်လိုက်ပါ။ ကောင်းတယ်ဆိုရင်လည်း ဘေးလူကို လက်တို့လိုက်ပေါ့။ အကောင်း၊အဆိုးဆိုတာ ဆရာဝန်ထက် သောက်ဖူးသူသာ ပိုသိပါတယ်။ 

ဒေါက်တာ အေးမင်းထူး
၁၇.၁၁.၁၃

1 comment:

  1. ဆရာ ဒီ​ဆေးက​တော့ ကြာရှည်​မှ တစ်​ခြား ​ရောဂါ​လက္ခဏာ​တွေပြတာ​တော့ မဖြစ်​နိုင်​လာက်​ပါဘူး​နော်​.. အထူးသဖြင့်​ သားအိမ်​; အာရုံ​ကြော နဲ့ ကင်​ဆာ ပါ ဆရာ

    ReplyDelete