Sunday, February 15, 2015

Bowel-Safe capsule ပရိုဘိုင်အောတစ် ဆေးတောင့်

bowel-safeဆိုတာ probiotic တမျိုးဖြစ်ပါတယ်။ bioflor မှာ capsuleပုံစံလာသလို bowel-safeလည်း capsuleပုံစံသာဖြစ်တယ်။ ကွာခြားတာက ဆေးကဒ်ပုံစံလာတာမျိုး ဖြစ်ပါတယ်။ ဆေးတစ်ကဒ်မှာ အဖြူရောင်capsuleတောင့် ၁၀တောင့် ပါဝင်ပါတယ်။ ဆေးတစ်ဗူးမှာ ဆေးကဒ်နှစ်ကဒ်သာ ပါဝင်တယ်။ ဆန်းလွင် ကုမ္ပဏီက တင်သွင်းဖြန့်ချိတယ်။ ဈေးအနေနဲ့  တစ်ကဒ်ကို ၃၀၀၀ ပတ်ဝန်းကျင်ရှိနိုင်တယ်။ bioflorမှာ ၁၀လုံးတစ်ဗူးကို ၈၀၀၀ပတ်ချာလည် ရှိနိုင်လို့ ဈေးပိုချိုတယ် ဆိုရမယ်။ capsuleပုံစံဖြစ်တာကြောင့် လူကြီးတွေနဲ့ ပိုမိုသင့်တော်တယ်။

Bowel-safe တစ်လုံးမှာ Saccharomyces boulardii ခေါ်တဲ့ yeast(မှိုပိုးတစ်မျိုး) ပါဝင်ပါတယ်။ ပုံမှန်လူတစ်ယောက်ရဲ့ အူလမ်းကြောင်းမှာ ဒီလိုမှိုပိုးတွေ သန်းချီရှိကြတယ်။ ဝမ်းလျှောတဲ့အခါ ကောင်းကျိုးပြုတဲ့မှိုပိုးတွေဟာ ဝမ်းနဲ့အတူပါသွားကြတယ်။ ပြဿနာတစ်ခုက ရှိသင့်တဲ့ ပိုးတွေမရှိတော့တာကြောင့် အူလမ်းကြောင်းကို ဒုက္ခပေးတတ်တယ်။ သူတို့ရှိနေရင် တော်ရုံပိုးတွေမဝင်နိုင်ဘူး။ တခါတရံ ပဋိဇီဝဆေးတွေက ရှိသမျှပိုးတွေကို တိုက်ဖျက်တဲ့အခါ ကောင်းတဲ့ပိုးတွေလဲ ပါသွားတတ်တယ်။ ဝမ်းလျှောတာ တော်တော်နဲ့ မသက်သာတတ်ကြဘူး။ ဒီလိုအခါမျိုးမှာ bowel-safeလို probioticဆးတွေက အသုံးဝင်လာတယ်။ လျှော့နည်းသွားတဲ့ပိုးတွေကို ပြန်ဖြည့်ဖို့ လိုလာနိုင်တယ်။ အခုနောက်ပိုင်းမှာ ဝမ်းအရည်တွေသွားတဲ့အခါ probiotic ကို ဦးစားပေးသုံးစွဲဖို့ပြောလာကြတယ်။

Probiotic 
Probiotic ဆိုတဲ့ စကားလုံးဟာ ဆရာဝန်တွေအတွက် မထူးဆန်းပေမယ့် လူနာတွေအတွက် အစိမ်းသက်သက် ဖြစ်နေနိုင်တယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO ကတော့ လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးပေးတဲ့ သက်ရှိပိုးမွှားတွေလို့  အဓိပ္ပါယ်ဖွင့်ဆိုထားတယ်။ normal gut floraလို့လည်း ခေါ်နိုင်တယ်။အစာခြေအဖွဲ့အစည်းထဲမှာ ကောင်းကျိုးပြုတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုပိုး စတာတွေ ရှိကြတယ်။ ဝမ်းသွားတဲ့အခါ ဝမ်းမာတယ်ဆိုတာ သူတို့တွေရဲလုပ်ဆောင်မှုလည်း ပါဝင်တယ်။ ဝမ်းလျှောတဲ့အခါ ကောင်းကျိုးပြုတဲ့ပိုးမွှားတွေ အူကတဆင့် အပြင်ထွက်သွားတတ်တယ်။ ဝမ်းက တော်တော်နဲ့ ပြန်ကောင်းမလာတတ်ဘူး။ အဲလိုအခါမျိုးမှာ probiotic က အသုံးဝင်လာတယ်။ ကောင်းကျိုးပြုတဲ့ပိုးတွေ ပြန်ဖြည့်ပေးမှ ဝမ်းတဖြည်းဖြည်း ပြန်မာလာတယ်။

Prebiotic ဆိုတာ လည်း တစ်မျိုး ရှိသေးတယ်။ အူမှာ ပုံမှန်ရှိရမယ့် ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့၊ကြီးထွားဖို့ ကူညီပေးတယ်။ probiotic နဲ့ prebiotic နှစ်မျိုးပေါင်းတာမျိုးကို synbiotic လို့ခေါ်တယ်။

Yeast 
-yeast ကို တဆေးလို့ ဘာသာပြန်ကြတယ်။ cellတစ်မျိုးတည်းရှိတဲ့ မှိုအမျိုးအစားကို yeastလို့ခေါ်ပါတယ်။
-လက်ရှိအချိန်ထိ yeast အမျိုးအစားပေါင်း ၁၅၀၀လောက်ရှိပါတယ်။
-အရွယ်အစားအားဖြင့် 3–4 µm လောက်သာရှိတယ်။ တချို့yeastတွေဟာ ပုံမှန်ထက် ၁၀ဆလောက် ရှိကြတယ်။
-yeastသဘောက ကာဗိုဟိုက်ဒရိတ်ကနေ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အရက်အဖြစ်ပြောင်းလဲပေးတယ်။
- အသီးတွေအချဉ်ဖောက်ပြီး အရက်ပြုလုပ်တာဟာ ဒီသဘောမျိုး ဖြစ်တယ်။
-ဝိုင်အမျိုးမျိုး၊ဘီယာ၊အရက်၊ဒိန်ချဉ်စတာတွေ ပြုလုပ်ရာမှာ yeast က အသုံးဝင်တယ်။ ဒိန်ချဉ်၊ပဲနို့စတာတွေမှာ ဒီဓာတ်တွေ ပါဝင်ကြတယ်။
-probiotic ထဲမှာ အသုံးများဆုံးyeastအမျိုးအစားက saccharomyces boulardii ဖြစ်ပါတယ်။

Saccharomyces boulardii
-S. boulardiiဆိုတာ normal gut flora တစ်မျိုးဖြစ်ပါတယ်။
-ပထမဆုံးသိရှိခဲ့တဲ့ yeastမျိုးစိတ် တခုလည်း ဖြစ်တယ်။ 
-တချို့က saccharomyces cerevisiae ရဲ့ အမျိုးအစားကွဲတစ်ခုလို့ သတ်မှတ်ကြတယ်။
-ထပ်ရှင်းရရင် saccharomyces ဆိုတာ မျိုးနွယ်စု အမည်ဖြစ်ပါတယ်။
-၁၉၂၃ခုနှစ်မှာ ပြင်သစ်ပညာရှင် Henri boulardဆိုသူက စတင်တွေ့ရှိခဲ့လို့ boulardii ဆိုတဲ့အမည် တွင်ခဲ့တယ်။
-"yeast မျိုးစိတ်အစ၊ အရှေ့တောင် အာရှက"လို့ ဆိုရင် မမှားလောက်ဘူး။
-အရှေ့တောင်အာရှနိုင်ငံတွေမှာ ကာလဝမ်းရောဂါသက်သာစေဖို့ မင်းဂွတ်၊လိုင်ချီး စတဲ့အသီးတွေ စားခဲ့ကြတယ်။
-သက်သာစေတဲ့အကြောင်းအရင်းကို လေ့လာကြည့်တဲ့အခါ yeastတစ်မျိုးကြောင့် ဖြစ်တာ စတင်သိရှိခဲ့တယ်။
-ဟင်နရီ ဘိုးလက်(Henri boulard)ဆိုသူက စတင်တွေရှိခဲ့လို့ saccharomyces boulardii လို့ သတ်မှတ်ခဲ့တယ်။ နောက်ပိုင်းလေ့လာမှုတွေကတဆင့် တခြားမျိုးစိတ်တွေ ဆက်လက်တွေ့ရှိခဲ့ကြတယ်။
-ပုံမှန်အားဖြင့် အပူချိန် အနည်းဆုံး ၃၇ ဒီဂရီ စင်တီဂရိတ် ရှိမှ ပေါက်ဖွားတယ်။ အပူချိန် ၅၀ဒီဂရီကျော်ရင် ပျက်ဆီးနိုင်ပြန်တယ်။

Bowel-safeနဲ့ capsuleပုံစံ
Bowel-safe တစ်လုံးမှာ Lyophilized Saccharomyces boulardii 250mg ပါဝင်တယ်။ Lyo. Saccharomyces boulardii လို့လည်း အတိုကောက်ခေါ်ကြတယ်။capsuleတစ်တောင့်မှာ သက်ရှိyeast cell အမှုန့်တွေ ပါဝင်ပါတယ်။Lyophilizedဆိုတာ ကြာရှည်ခံအောင် အေးခဲစေပြီး အစိုဓာတ်ထုတ်ထားတဲ့ သဘောဖြစ်တယ်။ freeze-dryer လုပ်ပြီး ထိန်းသိမ်းထားတယ်။မြင်လွယ်အောင် ဥပမာပေးရရင် နောက်ပိုင်းလာတဲ့ ရေခဲချောင်းတွေကို ဒီလိုပဲ အထုပ်ထဲထည့်ပြီး ကြာရှည်ခံအောင်လုပ်လာကြတယ်။ ရေခဲသေတ္တာမလိုပဲ အေးခဲမှုကို ထိန်းပေးနိုင်တယ်။ 

Bowel-safeရဲ့ အသုံးဝင်ပုံ
-ဝမ်းပျက်ဝမ်းလျှောတဲ့အခါ(အထူးသဖြင့် ဗိုင်းရပ်စ်ကြောင့် အရည်ဝမ်းတွေ သွားတဲ့အခါ)မှာ အသုံးပြုနိုင်တယ်။
-တချို့က ပိုးသတ်ဆေးကြောင့် ဝမ်းသွားတဲ့အခါမျိုးမှာ သုံးတတ်ကြတယ်။
-ခရီးသွားတဲ့အခါ ဝမ်းပျက်တတ်သူတွေ ကြိုတင်ကာကွယ်နိုင်တယ်။
-နို့တိုက်ကလေးငယ်တွေ ဝမ်းပျက်တဲ့အခါမျိုးမှာလည်း ပေးနိုင်တယ်။

သုံးစွဲနိုင်တယ်လို့ ယူဆထားတဲ့ ရောဂါအချို့
-UTIဆီးလမ်းကြောင်း ပိုးဝင်ခြင်း
-cold sore ပါးစပ်နာ
-Lyme disease လိုင်းမ် ရောဂါ
-IBS အူလမ်းကြောင်း လှုပ်ရှားမှုရောဂါ
-inflammatory bowel disease အူရောင်တဲ့ ရောဂါ
-lactose intolerance လက်တို့စ်ဓာတ် မတဲ့တဲ့ ရောဂါ
-infant eczemaကလေး နှင်းခူနာ
-Chronic acne နာတာရှည် ဝက်ခြံ
သီအိုရီအရ ဒီလိုရောဂါတွေမှာ သုံးစွဲနိုင်တယ် ခန့်မှန်းကြပေမယ့် ကျေနပ်ဖွယ်ရလာဒ်တွေ မတွေ့ရသေးဘူး။ တကယ်အကျိုးရှိ၊မရှိ မသေချာသေးဘူး။

Bowel-safe Probiotic ရဲ့ အာနိသင်
-yeastကထွက်လာတဲ့ protease ဓာတ်က toxin Aနဲ့ Bကို ဓာတ်ပြယ်စေတယ်။
-salmonella၊E.coliစတဲ့ ဘက်တီးရီးယားပိုးတွေက yeastမျက်နှာပြင်ကို တွယ်ကပ်စေပြီး ဝမ်းကတဆင့် အပြင်ကို ထွက်သွားကြတယ်။
-ရောင်ရမ်းခြင်း ဖြစ်စေတဲ့ IL-8ကို တားမြစ်ပေးတယ်။
-အူသိမ်လမ်းကြောင်းတစ်လျှောက် immunoglobulin Aကို များစေတယ်။ Ig Aဆိုတာ ပိုးမွှားတွေတိုက်ဖျက်ပေးတဲ့ အင်တီဘော်ဒီဓာတ်တမျိုး ဖြစ်ပါတယ်။
-အူလမ်းကြောင်းမှာ ဗီတာမင်ဘီတချို့ကို synthesis လုပ်ပေးတယ်။

Bowel-safe ဆေးညွှန်း
ပုံမှန်အားဖြင့် တစ်ရက် 250-1000mg ပေးကြတယ်။ တနေ့ ၁-၄လုံးထိ ပေးနိုင်တယ်။ အများအားဖြင့် ၅ရက်-တပတ် ပေးကြတယ်။ရောဂါတစ်ခုနဲ့ တစ်ခု ဆေးပေးပုံမတူညီကြဘူး။ တရက် အများဆုံး 3G ထိ ပေးနိုင်တယ်။ 
-Acute diarrhoea ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ တခါသောက် တစ်လုံး၊ တစ်နေ့နှစ်ကြိမ် ၅ရက်ဆက်တိုက် ပေးရတယ်။
-antibiotic associated diarrhoea ပိုးသတ်ဆေးကြောင့် ဝမ်းပျက်တဲ့အခါ တခါသောက်၁-၂လုံး တစ်နေ့ နှစ်ကြိမ်မှ လေးကြိမ်ထိ သောက်နိုင်တယ်။
-clostridium difficile ပိုးကြောင့် မကြာခဏဝမ်းပျက်တတ်သူတွေ တခါသောက် ၂လုံး တနေ့ ၂ကြိမ်သောက်ပေးသင့်တယ်။ အနည်းဆုံး ၁လထိ သောက်ခိုင်းတယ်။ vancomycin (သို့)metronidazole ပဋိဇီဝပိုးသတ်ဆေး တမျိုးမျိုးပါ ထည့်သောက် ပေးရတယ်။
-inflammatory bowel diseaseမှာ တစ်လုံး တနေ့သုံးကြိမ်သောက်ပေးသင့်တယ်။ လိုအပ်ရင် ၉ပတ်ထိ ဆက်သောက်ရတယ်။
-traveller's diarrhoea ခရီးသွား ဝမ်းပျက်တဲ့အခါ တစ်နေ့ တစ်လုံး သောက်ပေးနိုင်တယ်။ ကာကွယ်ဖို့အတွက်လည်း ကြိုတင်သောက်နိုင်တယ်။ ခရီးရှည်သွားတဲ့အခါမျိုးမှာ ၅ရက်လောက် ကြိုသောက်သင့်တယ်။
-infant diarrhoea မှာ အသက် ၃လအောက် ကလေးငယ်ဖြစ်ရင် ဝမ်းသွားတဲ့အခါ ဆေးလုံးတစ်ဝက်ကို မနက်တစ်ကြိမ် ညနေတစ်ကြိမ် တိုက်ပေးနိုင်တယ်။၅ရက်ပေးဖို့ ညွှန်းတယ်။ နို့ဗူးကြောင့် ဝမ်းလျှောတဲ့ကလေးတွေလဲ ဒီလိုတိုက်ပေးနိုင်တယ်။ အတောင့်ဖြစ်လို့ capsuleအခွံကိုခွာပြီး အမှုန့်တစ်ဝက်ကို တိုက်ပေးနိုင်တယ်။ 
-AIDSလူနာတွေမှာ နာတာရှည် ဝမ်းလျှောတဲ့အခါ maximum dose 3Gထိ ပေးနိုင်တယ်။ဆေးပေးတဲ့ အခါ တစ်ခါ သောက် ၄လုံး တစ်နေ့ သုံးကြိမ်(သို့) ၃လုံး လေးကြိမ် သောက်ခိုင်းတယ်။ သက်သာလာရင် ဆေးdose ပြန်လျှော့ပေးနိုင်တယ်။ ဆေးပေးတဲ့အခါ လူနာရဲ့ ခုခံအား အခြေအနေက အရေးကြီးတယ်။ ခုခံအားကျဆင်းလွန်းသူတွေ မပေးသင့်ဘူး။

 ပြင်သစ်နိုင်ငံ လေ့လာမှုတစ်ခုမှာ  ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှောလူနာတွေကို ပေးကြည့်တဲ့အခါ အကျိုးရှိတာ တွေ့ရတယ်။တစ်နေ့ ဝမ်းပမာဏ  ၆လီတာ(ရေသန့်ဗူး ၆ဗူး)လောက် သွားတဲ့ လူနာတွေကို လေ့လာကြည့်တဲ့အခါ ဆေးပေးပြီး ၂ရက်အတွင်း ဝမ်းပမာဏဟာ တစ်လီတာလောက်ထိ လျှော့ကျတာ တွေ့ရတယ်။ ၈ရက်အတွင်း ပုံမှန်ဝမ်းအတိုင်းဖြစ်ကြတယ်။ 

ဆေးသောက်တဲ့အခါ
-ပူလွန်း၊အေးလွန်းတဲ့ အရည်နဲ့ အတူမသောက်ပါနဲ့။
-ဘီယာ၊အရက်နဲ့ တွဲမသောက်ရဘူး။
-အစာနဲ့ နီးနီး ဝေးဝေး သောက်နိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုး
-လေထိုး၊လေပွတာ၊ရင်ပြည့်ရင်ကယ် အဖြစ်များတယ်။ ဆက်သုံးစွဲသွားရင် အများစုဟာ သက်သာကြတယ်။ 
-ဝမ်းချုပ်တာ၊ ရေငတ်တာ ရှိနိုင်တယ်။

တွဲမသောက်သင့်တဲ့ဆေး
-anti fungal မှိုပိုးသတ်ဆေး
-MAOI စိတ်ကျဆေး
-herbalဆေးဖက်ဝင် တိုင်းရင်းဆေးတွေနဲ့ တွဲမသောက်သင့်ဘူး။

Probiotic မသောက်သင့်သူတွေ
-ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်တွေ မသုံးစွဲသင့်ဘူး။
-ခုခံအားအလွန်အမင်း ကျဆင်းသူတွေ မသုံးစွဲသင့်ဘူး။ fungemia ခေါ်တဲ့ မှိုပိုးတွေ သွေးကြောထဲ ပြန့်သွားတတ်တယ်။ အခန့်မသင့်ရင် သေဆုံးတတ်တယ်။ 

သတိပြုရန်အချက်များ
-၂ရက်အတွင်း တိုးတက်မှုမရှိတဲ့အခါ၊
-ဖျားတာ၊အန်တာ ဖြစ်လာတဲ့အခါ၊
-ဝမ်းထဲမှာ သွေး၊အကျိအချွဲ ပါလာတဲ့အခါ၊
ဒီလို အချက်တွေရှိရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသပါ။

အကြံပြုချက်
-capsule ဖြစ်လို့ လူကြီးတွေနဲ့ ပိုမိုသင့်တော်တယ်။
-ခုခံအားကျဆင်းမှု များသူတွေ မသောက်သုံးသင့်ဘူး။
-ဆေးဆိုင်တွေမှာ ကိုယ့်သဘောနဲ့ ဝယ်သောက်တာမျိုး အားမပေးချင်ဘူး။
-ဆေးအချိန်အဆက လူနာအခြေအနေ၊ရောဂါအနေအထားပေါ် မူတည်ပြီး မတူညီနိုင်ဘူး။
-ရောဂါအခံ၊ဓာတ်မတဲ့တာ စတဲ့အချက်တွေ ထည့်သွင်းစဉ်းစားသင့်တယ်။
-မကြာခဏ ဝမ်းလျှောတတ်သူတွေ ကာကွယ်ဖို့ အသုံးပြုနိုင်တယ်။
-အမေရိကား FDAက အသိအမှတ်ပြုထားတဲ့ ဆေးမျိုးမဟုတ်ဘူး။
-ဝမ်းသွားတိုင်း ပဲကြီးလှော်ဝါးသလို သုံးသင့်တဲ့ ဆေးမျိုးမဟုတ်တာတော့ သေချာပါတယ်။

ဒေါက်တာ အေးမင်းထူး
၂၁.၆.၁၃

No comments:

Post a Comment