Sunday, February 15, 2015

Vaxigrip နှစ်စဉ်ထိုးပေး တုပ်ကွေးရောဂါ ကာကွယ်ဆေး

Vaxigrip ဆိုတာ တစ်နှစ်တစ်ခါ ထိုးပေးရတဲ့ တုပ်ကွေးရောဂါ ကာကွယ်ဆေးတမျိုး ဖြစ်ပါတယ်။ ဒီဆေးကို တုပ်ကွေးမကြာခဏဖြစ်တတ်သူတွေမှာ ကာကွယ်ဖို့ ထုတ်လုပ်ထားတယ်။ Sanofi Pasteurကုမ္ပဏီက ထုတ်လုပ်ထားပြီး မြန်မာနိုင်ငံဈေးကွက်ထဲကို သက်ပိုင်စိုးကုမ္ပဏီက ဖြန့်ချီတယ်။ ကာကွယ်ဆေးကြောင့် အဖြစ်များတဲ့ ဗိုင်းရပ်စ်ပိုး အမျိုးကွဲ ၃မျိုးလောက်ကို ကာကွယ်ပေးနိုင်သလို  ရောဂါပြင်းထန်မှုကို လျှော့ချပေးနိုင်တယ်။ တစ်နှစ်မှာ အနည်းဆုံး ၆ကြိမ်နဲ့အထက် တုပ်ကွေးကူးစက်ခံရသူတွေ၊ကလေးငယ်တွေ ထိုးထားသင့်တယ်။ 

Vaxigrip ထဲမှာ ဘာတွေပါသလဲ။
တုပ်ကွေးကာကွယ်ဆေးတိုင်းမှာ ဗိုင်းရပ်စ်အမျိုးအစား အေ အတွက် နှစ်မျိုး၊ဘီအတွက် တမျိုး ထည့်သွင်းတတ်ကြတယ်။ ၂၀၁၃မှာ ထိုးသင့်တယ်လို့ WHOက သတ်မှတ်ထားတဲ့ influenza A(H1N1),influenza A(H3N2)နဲ့ influenza Bစတဲ့ ဗိုင်းရပ်စ်ပိုး သုံးမျိုး ထည့်သွင်းထားတယ်။ ထည့်သွင်းတဲ့အခါ တုပ်ကွေးပိုးတွေ မကူးစက်နိုင်အောင် inactivated လုပ်ထားတယ်။ inactivatedလုပ်ထားလို့ ခန္ဓာကိုယ်ကို ဒုက္ခမပေးဘဲ ခုခံအားတက်စေရုံလောက်သာ ဖြစ်နေမယ်။ ဗိုင်းရပ်စ်အမျိုးအစား တစ်ခုချင်းစီအတွက် haemagglutinin 15 micrograms စီ ထည့်ထားတယ်။ ဗိုင်းရပ်စ်ပိုး သုံးမျိုးလောက်ကို ထည့်သွင်းထားတာကြောင့် trivalent inactivated influenza vaccine(TIV)လို့ လည်းခေါ်ပါတယ်။

Other Inactive Ingredientsအခြားပါဝင်ပစ္စည်း
-thimerosal(2 μg), 
-formaldehyde(≤30 μg), 
-normal saline(up to 0.5ml),
-Triton® X-100,
-neomycin(0.5mg)  

ကာကွယ်ဆေး တစ်လုံးမှာ ဆေး 0.5mlပါဝင်ပါတယ်။ တခါတည်း ဆေးရည်ထည့်ထားတဲ့ prefilled syringeဖြစ်တယ်။ 25G needle အပ်နဲ့ တခါတည်း တွဲပြီးသား ဖြစ်တယ်။ အပ်က 16mm ရှည်တယ်။ ဆေးမထိုးခင် လှုပ်ဖို့ လေဟာနယ် လုပ်ပေးထားတယ်။ ဆေးမထိုးခင် အရင်လှုပ်ရတယ်။ အရောင်နည်းနည်း နောက်လာနိုင်တယ်။ အရောင်ပြောင်းတာ၊အမှုန်အမွှားတွေ တွေ့နေရင် ဆေးကို မသုံးဘဲ လွင့်ပစ်ရပါတယ်။ 

တုပ်ကွေး ကာကွယ်ဆေးကို အသက် ၆လ အရွယ်က စထိုးပေးနိုင်တယ်။
ဆေးထိုးတဲ့အခါ ကလေးdose နဲ့ လူကြီး doseမတူညီဘူး။ အသက်သုံးနှစ်အောက် ဖြစ်ရင် 0.25ml(ဆေးရဲ့ တဝက်)ကိုသာ ထိုးပေးရမယ်။ အသက်သုံးနှစ် အထက်ကစပြီး  0.5ml  အပြည့် ထိုးပေးနိုင်တယ်။ 
ဆေးထိုးတဲ့အခါ လက်မောင်းအထက်ပိုင်uးpper armရဲ့ deltoid region မှာ အသားဆေးထိုးပေးရတယ်။ အသက် တစ်နှစ်အောက်ဖြစ်ရင် ပေါင်မှာ (vastus lateralis muscle) အသားဆေးထိုးပေးရတယ်။ 

ပုံမှန်အားဖြင့် တစ်နှစ် တစ်ကြိမ်ထိုးရပေမယ့် အသက် ၉နှစ်အောက် ဖြစ်ရင် စထိုးတဲ့နှစ်မှာ တစ်နှစ်အတွင်း နှစ်ကြိမ်ထိထိုးပေးရတယ်။ ပထမအကြိမ်ထိုးပြီးနောက် တစ်လအကြာမှာ ဒုတိယအကြိမ် ထပ်ထိုးပေးရတယ်။ နောက်နှစ်တွေမှာ တစ်ကြိမ်ထိုးရုံနဲ့ လုံလောက်ပါတယ်။ အသက်၉နှစ်နဲ့ အထက်ဆိုရင် ပထမအကြိမ် စထိုးကတည်းက တစ်နှစ် တစ်ကြိမ်ထိုးရုံနဲ့ လုံလောက်တယ်။  ဆေးထိုးပြီး ၂ပတ်ဆိုရင် တုပ်ကွေးကာကွယ်တဲ့  antibodyစတက်လာတယ်။ ဆေးထိုးပြီး ၆-၁၂လ အကြာမှာ တုပ်ကွေးကာကွယ်တဲ့  ခုခံအားပမာဏ ကျဆင်းလာပါတယ်။ ဒါ့ကြောင့် တုပ်ကွေး ကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ် ပုံမှန်ထိုးပေးဖို့ လိုအပ်ပါတယ်။ ပုံမှန်အားဖြင့် အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာလတွေဟာ တုပ်ကွေး အဖြစ်များတဲ့ အရေးကြီးဆုံးလတွေ ဖြစ်တယ်။

ဘေးထွက်ဆိုးကျိုး
-ဆေးမတဲ့တာ ရှိနိုင်တယ်။
-ထိုးတဲ့ နေရာမှာ နာတာ၊ရောင်တာ ဖြစ်တတ်တယ်။
-အဆစ်အမြစ်ကိုက်၊ကြွက်သားရောင်တာ ရှိတတ်တယ်။
-ဖျားချင်သလို၊အားယုတ်သလို ခံစားရတတ်တယ်။
-ခေါင်းကိုက်တာ၊ပျို့ချင်၊အန်ချင် ဖြစ်တတ်တယ်။
-သွေးဥမွှားနည်းတာ ယာယီ ဖြစ်နိုင်တယ်။
-လက္ခဏာ အများစုဟာ ၁-၂ရက်အတွင်း သက်သာတတ်တယ်။

ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်တွေ လိုအပ်ရင် အသုံးပြုနိုင်တယ်။ ဆရာဝန်ခွင့်ပြုချက်နဲ့ အသုံးပြုရမယ်။အသက်အရွယ်မရွေး အသုံးပြုနိုင်တယ်။ သို့သော် အသက် ၆လအောက် ကလေးငယ်တွေ ထိုးမပေးသင့်ဘူး။ 

တုပ်ကွေးကာကွယ်ဆေးတွေရဲ့ သက်တမ်းက တစ်နှစ်သာ ရှိတယ်။ ဥပမာ- ၁၂လပိုင်း ၂၀၁၃ မှာ သက်တမ်းကုန်မယ့် ကာကွယ်ဆေးဟာ ၂၀၁၃ခုနှစ် အတွက် ကာကွယ်ဆေးဖြစ်ပါတယ်။ ၂၀၁၃မှာ အဖြစ်များမယ့် ဗိုင်းရပ်စ်အမျိုးအစားတွေကို ၂၀၁၂ ခြောက်လပိုင်းလောက်ကတည်းက ကြိုတင် တွက်ချက်ထားရတယ်။ ဘယ်နေရာတွေမှာ ဘယ်ပိုးတွေ အဖြစ်များလဲ၊ outbreakဖြစ်လဲဆိုတာ လေ့လာရတယ်။အဖြစ်များဆုံးအမျိုးအစားတခုဖြစ်တဲ့ influenza A(H1N1)ကတော့ နှစ်စဉ် ကာကွယ်ဆေးမှာ ပင်တိုင်ပါလေ့ရှိတယ်။ ထုတ်လုပ်တဲ့အခါ မြောက်ခြမ်းဒေသ၊တောင်ခြမ်းဒေသ အတွက်ဆိုပြီး ခွဲခြား ထုတ်လုပ်တယ်။ မြန်မာနိုင်ငံက တောင်ဘက်ခြမ်းမှာ ရှိလို့ တောင်ဘက်ခြမ်းအတွက်ထုတ်တဲ့ ကာကွယ်ဆေးကို အသုံးပြုရတယ်။

Vaxigrip ကာကွယ်ဆေး ထုတ်လုပ်ပုံ အဆင့်ဆင့်
၁။သန္ဓေသားလောင်း ပေါက်စပြုနေတဲ့ ကြက်ဥထဲမှာ ပိုးထည့် မွေးမြူပြီး ထုတ်လုပ်ထားတယ်။
၂။သန္ဓေသား၁၀ရက်ကျော်ရှိတဲ့ ကြက်ဥထဲက allantoic cavityထဲကို တုပ်ကွေးပိုးအမျိုးအစား တမျိုးချင်းစီ ထည့်ပြီးမွေးမြူရတယ်။
၃။ထည့်တဲ့အခါ neomycin solution အရည် 0.5mgကိုပါ ရောထည့်ရတယ်။
၎။ပိုးမွေးပြီးနောက် allantoic fluidအရည်ကို စုပ်ယူပြီး သန့်စင်အောင် လုပ်ရတယ်။
၅။ဗိုင်းရပ်စ်မျိုးကွဲ antigen ရအောင် အဆင့်ဆင့်သန့်စင်ပြီး လုပ်ယူရတယ်။
၆။ရလာတဲ့ antigenကို formaldehyde အသုံးပြုပြီး မကူးစက်နိုင်အောင် inactivateလုပ်ရတယ်။
၇။နောက်ဆုံးမှာ ရလာတဲ့ ဗိုင်းရပ်စ်မျိုး ခွဲသုံးခုကို normal salineနဲ့ ရောပြီး တခုတည်းဖြစ်အောင် အတူတကွပေါင်းစပ်ရတယ်။
၈။ပေါင်းစပ်တဲ့အခါ အမျိုးအစားကွဲပိုးတွေ ထည့်ထားတာကြောင့် thimerosalဆိုတာကို ထပ်ပေါင်းထည့်ပေးရတယ်။

ကာကွယ်ဆေးတိုင်းဟာ အပူချိန် ၂-၈ဒီဂရီ ဆဲလ်ဆီးယပ်အတွင်း ထိန်းသိမ်းရတယ်။ မအေးခဲစေရဘူး။ အလင်းရောင်နဲ့ တိုက်ရိုက်မထိတွေ့ စေရဘူး။ဆေးကို ဖောက်ပြီးရင် ချက်ခြင်း အသုံးပြုရတယ်။ သတိပြုသင့်တာက ဖျားနေတဲ့လူနာကို တုပ်ကွေးကာကွယ်ဆေး ထိုးမပေးသင့်ဘူး။ အဖျားကျပြီး ရောဂါပျောက်မှ ထိုးပေးသင့်တယ်။

ဒေါက်တာ အေးမင်းထူး
၂၁.၅.၁၃

No comments:

Post a Comment