Thursday, March 19, 2015

Chromdiet အမျှင်အားဖြည့် ပိန်ဆေးဓာတ်စာ

Chromdietဆိုတာ ခရိုမီယမ်နဲ့အမျှင်ဓာတ်တွေ ပေါင်းစပ်ထားတဲ့ ပိန်ဆေးတမျိုးဖြစ်ပါတယ်။အထူးသဖြင့် အူလမ်းကြောင်းပေါ်မှာ ဆေးရဲ့ အာနိသင်သက်ရောက်တယ်လို့ ဆိုနိုင်ပါတယ်။ အမျှင်ဓာတ်ကို ဖြည့်စွက်ပေးတယ်။ အစာစားချင်စိတ်ကို လျှော့နည်းစေတယ်။ ဝမ်းမှန်စေတယ်။ ဝိတ်တက်မလာအောင် ထိန်းပေးနေမယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးပြီး အဆီဓာတ်နဲ့ အဝလွန်ရောဂါမဖြစ်အောင် ကာကွယ်ပေးမယ်။သွယ်လျတဲ့ခန္ဓာကိုယ်အချိုးအစား ပိုင်ဆိုင်စေရမယ်တဲ့။ ဆေးဗူးတဗူးမှာ ဆေးလုံး(၁၂၀)ပါဝင်နေတယ်။ ဆေးတဗူးကို မြန်မာငွေ တစ်သောင်းကျော်လောက် ကျသင့်တယ်။ ဆေးတလုံးကို မြန်မာငွေ(၁၅၀)လောက် ရှိနိုင်တယ်။

ပါဝင်ပစ္စည်းများ
Chromium                       66mcg
Chitosan.                        225mg
Inulin(Chicory)                 225mg
Fibre(Acacia)                   225mg

•Chromium(ခရိုမီယမ်)
ခရိုမီယမ်ဆိုတာ GTF factorရဲ့ တစိတ်တဒေသဖြစ်ပြီး အင်ဆူလင်ဟော်မုန်းရဲ့လုပ်ဆောင်မှုကို အားပေးတယ်။သွေးတွင်းမှာ ရှိတဲ့ သကြားဓာတ်၊အဆီဓာတ်တွေကို ထိန်းသိမ်းပေးတယ်။ ဒါ့ကြောင့် အစာစားပြီး ရုတ်တရက်ဗိုက်ဆာလာတာ၊အစာစားချင်စိတ်ဖြစ်ပေါ်မလာအောင် တားဆီးနိုင်တယ်။ 

•Chitosan(ခိုင်တိုစန်)
ပင်လယ်သတ္တဝါ(crustacean)ရဲ့အခွံမှာ ပါဝင်တဲ့အမျှင်ဓာတ်တမျိုး ဖြစ်တယ်။ဆဲလ်လူးလို့စ်(cellulose) သဘောပါပဲ။ အဖိုဓာတ်ရှိပြီး အူလမ်းကြောင်းမှာရှိတဲ့ အမဓာတ်(ကိုလက်စတော အဆီ)တွေနဲ့ သွားရောက်ပေါင်းစပ်တယ်။ အစာခြေလမ်းကြောင်းကမချေဖျက်နိုင်ဘဲ အဆီနဲ့အတူအပြင်ကို စွန့်ထုတ်ပေးတယ်။ တနည်းအားဖြင့် စားလိုက်တဲ့အဆီဓာတ်အများစုကို ခန္ဓာကိုယ်က မစုပ်ယူနိုင်အောင် တားဆီးလိုက်တာဖြစ်ပါတယ်။ မလိုအပ်တဲ့ အဆီပိုတွေဟာ ဝမ်းနဲ့အတူ အပြင်ကို ထွက်သွားလို့ ဝိတ်တက်၊အဆီတက်တာ ဖြစ်မလာတော့ဘူး။ 

•Inulin(အင်နူလင်)
အင်နူလင်ကို ချီခိုရီမြစ်(Cichorium intybus)မှ ရရှိတယ်။ ခန္ဓာကိုယ်က မခြေဖျက်နိုင်တဲ့ oligosaccharides တမျိုး လည်းဖြစ်တယ်။ အူလှုပ်ရှားမှုကို အားပေးပြီး ဝမ်းမှန်စေ၊ဝိတ်ကျစေတယ်။ ဒါ့ပြင် အူမကြီးမှာရှိရမယ့် အကျိုးပြုဗက်တီးရီးယား ပေါက်ဖွားမှုကို အားပေးတယ်။ အထူးသဖြင့် bifidobacteriaနဲ့ lactobacillus တွေကို ပွားများလာစေတယ်။

•Acacia Fibre(အကေးရှား အမျှင်ဓာတ်)
ထနောင်းမျိုးဝင် အကေရှားပင်မှာ ပါဝင်တဲ့ အမျှင်ဓာတ်တမျိုး ဖြစ်ပါတယ်။ အမျှင်ဓာတ်ဖြစ်လို့ အူလမ်းကြောင်းက မချေဖျက်နိုင်ဘူး။ ရင်ပြည့်ပြီး ဗိုက်တင်းသလို ခံစားရမယ်။ ဝမ်းမှန်စေတယ်။ 

အကျိုးသက်ရောက်မှု
•အမျှင်ဓာတ်ပေါကြွယ်ဝလို့ အူလှုပ်ရှားမှုကို အားပေးပြီး ဝမ်းမှန်စေတယ်။ 
•အစာစားချင်စိတ်ကို လျှော့နည်းစေတယ်။
•တနေကုန် ဗိုက်ပြည့်တယ်လို့ ခံစားရစေမယ်။
•ဝိတ်တက်မလာအောင် ကာကွယ်ပေးနိုင်တယ်။
•အဝလွန်ခြင်းကို တားဆီးပေးတယ်။

တခြားအာနိသင်များ
•သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စတောကို ထိန်းညှိပေးမယ်။
•ခန္ဓာကိုယ်အဆိပ်အတောက်တွေကို ဖယ်ရှားပေးသေးတယ်။
•အူလမ်းကြောင်းရဲ့ အကျိုးပြုဗက်တီးရီးယား ပွားများစေမယ်။
•ခရိုမီယမ်ကြောင့် ဆီးချိုသမားတွေနဲ့လည်း သင့်တော်တယ်။

ဆေးညွှန်း
တခါသောက် တလုံး၊တရက်သုံးကြိမ် အစာမစားမှီ နာရီဝက်ကြိုသောက်ပါ။ အာနိသင်ကောင်းအောင် ရေများများနဲ့သောက်သင့်တယ်။ လိုအပ်သလို ဆေးကို လျှော့ပေးနိုင်တယ်။

ဘေးထွက်ဆိုးကျိုး
-ဝမ်းသွားတဲ့အခါ အဆီတွေ ပါလာတယ်။
-အစာမကြေ လေထိုး၊လေအောငိ့ ဖြစ်နိုင်တယ်။
-ရင်ပြည့်ရင်ကယ် ရှိနိုင်တယ်။
-လေပွတာ ဖြစ်လာနိုင်တယ်။
-ဗိုက်နာနိုင်တယ်။
-ဝမ်းလျှော၊ဝမ်းပျက်ရှိနိုင်တယ်။
-ဓာတ်မတဲ့တာ ရှိနိုင်တယ်။

သတိပြုစရာ
-လိုတာထက်ပိုမသောက်မိစေနဲ့။
-ပင်လယ်စာမတဲ့သူတွေ မသုံးစွဲသင့်ဘူး။
-ကလေးငယ်၊ကိုယ်ဝန်ဆောင်မိခင်၊နို့တိုက်မိခင်တွေနဲ့ မသင့်တော်ဘူး။

သိထားသင့်တဲ့အချက်များ
-သဘာဝပစ္စည်းတွေက ထုတ်လုပ်ထားတယ်။
-ဆီးချိုသမားတွေလည်း သောက်သုံးနိုင်တယ်။
-အစာစားချင်စိတ်လျှော့နည်းစေပြီး ဝမ်းမှန်စေမယ်။
-အဆီဓာတ်တွေ ခန္ဓာကိုယ်ကမစုပ်ယူပဲ ဝမ်းထဲကပါသွားတယ်။
-ဝိတ်ချတာထက် ဝိတ်တက်မလာအောင်၊ဝိတ်ထိန်းတဲ့သဘော ဖြစ်တယ်။
-ပိန်ဆေးဆိုတာထက် အမျှင်ဓာတ်စာလို့ ပြောရင်ပိုကောင်းမလားပဲ။

ဒေါက်တာအေးမင်းထူး
၃၀.၄.၁၄

No comments:

Post a Comment