Monday, February 9, 2015

Regro 5% spray(minoxidil 5%) ဆံပင်ပေါက်ဆေး

Regro 5%ထဲမှာ minoxidil ဆံပင်ပေါက်ဆေး တမျိုးပါဝင်ပါတယ်။ ဒီbrandမှာ 3%နဲ့ 5%ဆိုပြီး နှစ်မျိုးလာတယ်။ spray ဖြန်းဆေးပုံစံမျိုးဖြစ်ပါတယ်။ 60ml ဗူးနဲ့ လာတယ်။ တစ်လစာအတွက် ဖြစ်ပါတယ်။ Regro sprayဆိုတာ DHAရဲ့ product တခု ဖြစ်ပါတယ်။ DHAဆိုတာ Drug houses of Australiaရဲ့ အတိုကောက်ပါ။ စင်ကာပူနိုင်ငံက ထုတ်လုပ်ဖြန့်ချီတယ်။ မြန်မာနိုင်ငံဈေးကွက်ထဲကို ဇီဇဝါ ကုမ္ပဏီက တင်သွင်းပေးတယ်။

Minoxidil ဆိုတာ ဘာလိုမျိုးလဲ။
Minoxidil ဆိုတာ ဟော်မုန်ဆေး မဟုတ်ပါ။ ပိုတက်စီယမ် channelကို ဖွင့်ပေးသလို ဦးရေပြားသွေးလျှောက်အားကောင်းစေလို့ ဆံပင်ကို အာဟာရပြည့်ဝစေပြီး ဆံပင်တွေ ပြန်လည် သန်စွမ်းလာတယ်။ လိမ်းဆေးသဘောဖြစ်တာကြောင့် လာမယ်၊ကြာမယ်ဆိုတဲ့ သဘောမျိုးထဲမှာ ပါတယ်။ အစပိုင်းပေါ်စက သွေးပေါင်ကျစေတဲ့ သွေးကျဆေး အနေနဲ့ ပေးခဲ့ကြတယ်။ နောက်ပိုင်းမှာ ဘေးထွက်ဆိုးကျိုးတခုဖြစ်တဲ့ အမွှေးအမျှင်တွေပေါက်စေတာတွေ့ရှိခဲ့လို့ ဆံပင်ပေါက်ဆေးအဖြစ် ပြောင်းလဲသုံးစွဲခဲ့ကြတယ်။ဆံပင်ပေါက်ဆေးထဲမှာ FDA က ပထမဆုံးခွင့်ပြုခဲ့တဲ့ ဆေးဖြစ်လာတယ်။gelဂျယ်လ်၊cream ခရင်မ်၊foamအမြှုပ် ၊sprayဖြန်းဆေး စသည်ဖြင့် ပုံစံမျိုးစုံလာတယ်။ minoxidil မှာ 2%, 3%, 5% စသည်ဖြင့် ပြင်းအား အမျိုးမျိုးနဲ့ရှိတယ်။ minoxidil 12.5%,15%ဆိုတဲ့ ပြင်းအားတွေလည်း ရှိသေးတယ်။လောလောဆယ်ထိတော့  5%အထက်တွေကို အသုံးပြုဖို့ FDAက အသိအမှတ်မပြုသေးပါ။ 2%ကို regular strength ခေါ်ပြီး အမျိုးသမီးတွေမှာ အသုံးများကြတယ်။ 5%ကို extra strength ခေါ်ပြီး အမျိုးသားတွေမှာ အသုံးပြုကြတယ်။ trial resultတွေအရ 5%က 2%ထက် ပိုမိုအကျိုးဖြစ်ထွန်းတာ တွေ့ရတယ်။ သို့သော် ဘေးထွက်ဆိုးကျိုးလည်း ပိုလို့ များတာ တွေ့ရတယ်။

Minoxidil ကို alopecia androgenetica ခေါ်တဲ့ အမျိုးသားထိပ်ပြောင်တဲ့ ပုံစံမျိုးတွေမှာ အသုံးပြုလေ့ ရှိတယ်။ alopecia androgenetica ဆိုတာ အမျိုးသားတွေမှာ အတွေ့ရများတဲ့ပုံစံတစ်မျိုးဖြစ်ပါတယ်။ ၉၅ရာခိုင်နှုန်းမကတဲ့ အမျိုးသားတွေမှာ အဖြစ်များလို့ male pattern baldness လို့လဲ ခေါ်တယ်။ငယ်ထိပ်ပိုင်းက စပြောင်လာပြီး တဖြည်းဖြည်း ပြန့်လာ၊ကျယ်လာ တဲ့ပုံစံမျိုး ရှိတယ်။ androgenic alopeciaလို့လဲ နောက်တစ်မျိုး ခေါ်နိုင်သေးတယ်။  ဒီအဖြစ်များတဲ့ပုံစံကို မျက်စိထဲမြင်အောင် အလွယ်ကူဆုံးဥပမာပေးရရင် မန်ယူ ကစားသမား ရွိုင်ယန်ဂစ်ကို ပေးရလိမ့်မယ်။ မန်ယူပွဲတွေ မပြတ်ကြည့်တဲ့သူဆိုရင် ကောင်းကောင်း သတိထားမိမယ်ထင်တယ်။ ဟောလီဝုဒ် ရုပ်ရှင်မင်းသားတွေထဲမှာdie hardမင်းသား Bruce Willis, transporter မင်းသား Jason Statham စသူတွေလဲ ထင်ရှားတယ်။ 

ဟိုနား၊ဒီနား ဆံပင်ကျဲတာ၊ပါးတာကို alopecia areataလို့ခေါ်ပါတယ်။ ခေါင်းတစ်ခုလုံးပြောင်ပြီး ခေါင်းတုံးလိုဖြစ်နေတာကိုကျ alopecia totalis တဲ့။ ခေါင်းတင်မက တစ်ကိုယ်လုံးရှိတဲ့ အမွှေးတွေပြောင်နေရင် alopecia universalis လို့ ခေါ်ပြန်တယ်။ အဆိုးရွားဆုံးပုံစံတစ်မျိုး ဖြစ်ပါတယ်။ နာမည်တွေကို မှတ်နေရင် ရှုပ်နေပါလိမ့်မယ်။ ဗဟုသုတအနေနဲ့ ဖော်ပြခြင်းသာ ဖြစ်ပါတယ်။

ဆေးရဲ့ အာနိသင် ဘယ်တော့ စပြမလဲ။
Minoxidil ရဲ့ အာနိသင်က အနည်းဆုံး သုံးလနေမှ စပြတယ်။ ဆံပင် ကျွတ်တာ တဖြည်းဖြည်း လျှော့နည်းလာတယ်။ ငါးလ၊ခြောက်လ လောက်နေမှ ဆံပင်နည်းနည်း ချင်းစီ ပြန်ပေါက်လာတယ်။ ပါးတဲ့နေရာမှာ မွေးညှင်းနုတွေ စပေါက်လာတယ်။ တဖြည်းဖြည်း များလာ၊ထူလာမယ်။ သုံးပါများမှ ဆံပင် နက်လာတယ်။ သန်စွမ်းလာတယ်။တစ်ယောက်နဲ့ တစ်ယောက် အာနိသင်ပြတာ ကွာခြားနိုင်တယ်။ ဒီဆေးတွေလိမ်းတဲ့အခါ ၁-၂ ရာခိုင်နှုန်းလောက်သာ သွေးကြောထဲ ရောက်ပြီး အာနိသင်ပြတယ်။
ဆံပင်ကျွတ်တယ်၊ ထိပ်ပြောင်တယ်ဆိုတာ ဟော်မုန်းနဲ့ အများကြီးသက်ဆိုင်သလို မျိုးရိုးနဲ့လဲ မကင်းဘူး။ ဟော်မုန်း၊ စိတ်ဖိစီးမှု၊အစားအသောက်၊မျိုးရိုး၊ နေထိုင်မှု ပုံစံ၊အသက်အရွယ် စတဲ့အချက်တွေက ထိပ်ပြောင်ခြင်းကို ဖြစ်စေနိုင်တယ်။ 

ဘယ်လို သုံးစွဲရမလဲ။
အသက် ၁၈ အရွယ်က စပြီး အသက် ၆၅နှစ်ထိ သုံးစွဲပေးနိုင်တယ်။ ထိပ်ပြောင်တဲ့နေရာကို spray ဖျန်းပေးရတယ်။ လူငယ်တွေ တခါဖျန်းရင် ၅ကြိမ်(5spray) ဖျန်းပေးသင့်တယ်။ အသက်လေးဆယ်ကျော်လူကြီးတွေ တစ်ခါဖျန်းရင် ၇ကြိမ်(7spray)ထိ ဖျန်းပေးနိုင်တယ်။ မနက်တစ်ခါ ၊ ညတစ်ခါ ပုံမှန် ဖျန်းပေးရတယ်။  အနည်းဆုံး သုံးလနေမှ ဆေးအာနိသင် စပြမယ်။ တချို့မှာ ဒီထက်ပိုကြာနိုင်တယ်။ ဆေးဖျန်းပြီးတိုင်း ခေါင်းကို ခပ်ကြာကြာနှိပ်ပေးနိုင်ရင် အာနိသင် ပိုထိရောက်မယ်။ နှိပ်ပြီးတိုင်း လက်ကို ရေဆေးသင့်တယ်။ 

သတိပြုသင့်သည့် အချက်များ
ဆေးမသုံးခင် ဆံပင်နဲ့ ဦးရေပြားကို ခြောက်သွေ့သန့်ရှင်းအောင် အရင်လုပ်သင့်တယ်။ ဆေးသုံးပြီး ၄နာရီအတွင်း ခေါင်းလျှော်တာ၊ ဆီလိမ်းတာ မလုပ်သင့်ဘူး။ အာနိသင်ကျတတ်တယ်။ ဆံပင်ဆေးဆိုးတာ၊ပုံသွင်းတာ လုပ်ချင်ရင် အနည်းဆုံး ၂၄နာရီ ကြိုဖြတ်ထားရမယ်။ တစ်ရက်တစ်လေ မေ့တာကိစ္စမရှိပါ။ တစ်ကြိမ်ဖျန်းရင် 7spray(1ml)ထက် ပို မဖျန်းသင့်ဘူး။ တရက်မှာ ၁၄ကြိမ်(14spray)ထက် ပိုမသုံးသင့်ဘူး။ဆေးလိမ်းပြီး ခြောက်သွေ့မှု မြန်ဆန်အောင် hair dryerသုံးတာမျိုး ရှောင်ရှားသင့်တယ်။နောက်အရေးကြီးတဲ့ ပြဿနာက ဆေးရပ်လိုက်ရင် နဂိုအတိုင်း ပြန်ပြီး ထိပ်ပြောင်လာပြန်တယ်။ ပုံမှန်အားဖြင့် ၁လ၊၂လအတွင်း နဂိုအတိုင်း ပြန်ဖြစ်သွားတတ်တယ်။ဆေးသုံးတဲ့သူတွေဟာ အနည်းဆုံး ၁နှစ်လောက်တော့ သုံးစွဲကြရတယ်။ ၆လ ကျော်တဲ့အထိ ထူးခြားမှုတစ်စုံတစ်ရာ မရှိရင် ရပ်သင့်တယ်။ 

ကောင်းတဲ့အချက်
-ကျား၊မ မရွေး သုံးစွဲနိုင်တယ်။
-sprayဖြစ်တာကြောင့် သုံးစွဲရ လွယ်ကူတယ်။

မကောင်းတဲ့အချက်
-နေ့စဉ်သုံးရတာ ဖြစ်လို့ ကရိကထများတယ်။
-minoxidil ဆေးတိုင်းဟာ ဈေးကြီးတယ်။
-ဆေးဖြတ်ရင် ဆံပင်ကျွတ်တာ၊ ထိပ်ပြောင်တာ ပြန်ဖြစ်လာတယ်။
-လူတိုင်းဆံပင် ပြန်ပေါက်စေမယ်လို့ အာမမခံနိုင်ဘူး။
-အခန့်မသင့်ရင် ဆေးကြောင့် ဆံပင်ပိုကျွတ်နိုင်သေးတယ်။

ဆေးမသုံးစွဲသင့်သူတွေ
-ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်တွေ မသုံးစွဲသင့်ဘူး။
-ဦးရေပြား ပေါက်ပြဲ၊ ဒဏ်ရာရထားသူတွေ မသုံးစွဲသင့်ဘူး။
-ဦးရေပြားကလွဲရင် တခြားနေရာတွေမှာ မသုံးစွဲရဘူး။
-ကင်ဆာဆေးကြောင့် ဆံပင်ကျွတ်သူတွေ သုံးလို့ အကျိုးထူးတာ မတွေ့ရဘူး။
-alcohol၊propylene glycol မတဲ့သူတွေ မသုံးသင့်ဘူး။
-အသက် ၁၈နှစ်ထက်ငယ်သူ၊ အသက် ၆၅နှစ် အထက် မသုံးစွဲသင့်ဘူး။

ဘေးထွက်ဆိုးကျိုး
-အနီစက်ပေါက်တာ၊ဓာတ်မတဲ့တာ ရှိနိုင်တယ်။
-လိမ်းတဲ့နေရာမှာ ပူတာ၊ရဲတာ၊အရေခွံလန်တာ ဖြစ်နိုင်တယ်။
-ခေါင်းမူး၊ခေါင်းကိုက်၊ယားယံတာ ဖြစ်နိုင်တယ်။
-သွေးပေါင်ကျတာ၊ မိုက်ခနဲ ဖြစ်တာမျိုး ရှိနိုင်တယ်။
-ရင်တုန်တာ၊အသက်ရှုကျပ်လာတာ၊မောလာတာ ရှိရင် ဆေးကို ချက်ခြင်း ရပ်ပစ်ပါ။

တွဲမသောက်သင့်တဲ့ဆေး
-သွေးကျဆေးအချို့(guanethidine)
-နှလုံးဆေး အချို့
-သွေးကြောကျယ်စေနိုင်တဲ့ ဆေးဝါး

အကြံပြုချက်
-ကျား၊မ မရွေးသုံးစွဲနိုင်တယ်။
-ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့သာ သုံးစွဲသင့်တဲ့ ဆေးမျိုးဖြစ်တယ်။
-တခါတရံ အာနိသင်ကောင်းစေဖို့ finasteride ခေါ်တဲ့ ဆီးကျိတ်မှာ သုံးတဲ့ဆေးမျိုးနဲ့ တွဲပေးရတတ်တယ်။ 
-finasteride ဆိုတာ အမျိုးသားတွေမှာသာ သုံးစွဲရတယ်။
-နှစ်မျိုးပေါင်းပေးတဲ့အခါ အာနိသင် ပိုကောင်းတာ တွေ့ရတယ်။ 
-လိုအပ်ရင် အယားသက်သာဖို့ စတီးရွိုက်ဆေးပါ ထည့်ပေးရတယ်။
-နှလုံးသမား၊သွေးတိုးသမားတွေမှာ သတိထားသုံးစွဲသင့်တယ်။
-ဆေးမသုံးခင် ရောဂါ အခြေအနေကို ဆရာဝန်နဲ့ ကြိုတင် တိုင်ပင်ပြီးမှ သုံးစွဲသင့်တယ်။
-အကျိုးအာနိသင် မထူးခြားရင် နောက်ဆုံးပိတ် hair transplant ဆံပင်ပြန်စိုက်တာမျိုးနဲ့ အစားထိုး ကုသနိုင်တယ်။ ကုန်ကျစရိတ်တော့ ပိုကြီးသွားမယ်။

ဒေါက်တာ အေးမင်းထူး
၂၄.၅.၁၃

2 comments:

  1. Minoxidil က သောက်ဆေးမရှိဘူးလား

    ReplyDelete
  2. ဘယ်မှာဝယ်လို့ရမလဲ ခင်ဗျာ

    ReplyDelete