အရင်ဆုံးDextrosin tabletထဲမှာ ဘယ်ဆေးတွေပါလဲဆိုတာ ဖော်ပြပါမယ်။
Dextromethophan HBr. 15mg
Chlorpheniramine maleate 2mg
Phenylpropanolamine HCl. 25mg
Glyceryl-Guaiacolate. 100mg
Dextrosin အရည်မှာ 60mlနဲ့ 120ml နှစ်မျိုးလာတယ်။
အရည် 5ml(လက်ဖက်ရည် တစ်ဇွန်း)မှာ
Dextromethophan HBr. 15mg
Diphenhydramine 5mg
Phenylpropanolamine HCl. 12.5mg
Glyceryl-Guaiacolate. 100mg
-တခုချင်းကို ထပ်ရှင်းရရင် Dextromethophanက ချောင်းဆိုးပျောက်ဆေးဖြစ်ပါတယ်။ သလိပ်မပါတဲ့ ချောင်းခြောက်ဆိုးတဲ့အခါမျိုးမှာ အသုံးဝင်တယ်။
-အခဲမှာ ပါဝင်တဲ့ Chlorpheniramineဆိုတာ ဘာမီတွန်ပါပဲ။ antihistamine အမျိုးအစားဖြစ်တယ်။နှာရည်ယိုတဲ့အခါ၊လည်ချောင်းယားတဲ့အခါမျိုးမှာ သက်သာကောင်းမွန်စေတယ်။ အရည်မှာပါဝင်တဲ့ Diphenhydramineဆိုတာလည်း antihistamine ပါပဲ။ နှာရည်ယို၊လည်ချောင်းယား၊နှာချေတဲ့အခြေအနေ၊ဓာတ်မတဲ့တဲ့အခါမျိုးမှာ အသုံးဝင်တယ်။
-Phenylpropanolamineက နှာခေါင်းမှာရှိတဲ့ သွေးကြောတွေကို ကျဉ်းစေလို့ နှာခေါင်းပိတ်ခြင်းကို သက်သာစေတယ်။ decongestantလို့လည်း ခေါ်တယ်။
-Glyceryl-Guaiacolateဆိုတာ expectorantဖြစ်ပါတယ်။ နားလည်လွယ်အောင် ရှင်းရရင် လည်ချောင်းမှာ ပျစ်ချွဲပြီး ကပ်နေတဲ့ သလိပ်တွေကို အပြင်ထွက်စေတယ်။ လည်ချောင်းမှာ သလိပ်မထွက်ပဲကပ်နေတဲ့အခါ expectorantသုံးလိုက်ရင် ကပ်ချွဲနေတဲ့သလိပ်တွေ ကွာပြီး အပြင်ထွက်လာတယ်။ ရေများများသောက်ပေးရင် သူ့ရဲ့အာနိသင်က ပိုကောင်းလာတယ်။
ဘယ်လိုအခြေအနေမျိုးမှာ သုံးမလဲ။
-အအေးမိခြင်း၊
-နှာရည်ယိုခြင်း(အရည်၊အပျစ် နှစ်မျိုးလုံးမှာ သုံးနိုင်တယ်)၊
-နှာခေါင်းပိတ်ခြင်း၊
-ချောင်းခြောက်ဆိုးခြင်း၊
-သလိပ်ကပ်ပြီး အပြင်မထွက်ဘဲ ချောင်းဆိုးခြင်း၊
ဆေးညွှန်း
Tablet(အခဲ) -တခါသောက်တလုံး၊တရက် ၃-၄ကြိမ်(၁၂နှစ်အထက်)
-တခါသောက်တခြမ်း၊တရက် ၃-၄ကြိမ်(၆-၁၂နှစ်ထိ)
Syrup(အရည်) -လက်ဖက်ရည် တဇွန်း၊တနေ့ ၃-၄ကြိမ်(၁၂နှစ်အထက်)
-လက်ဖက်ရည်ဇွန်းတဝက်၊တနေ့ ၃-၄ကြိမ်(၆-၁၂နှစ်ထိ)
-လက်ဖက်ရည်ဇွန်း သုံးပုံတပုံ၊တနေ့ ၃-၄ကြိမ်(၂-၆နှစ်ထိ)
ဘေးထွက်ဆိုးကျိုး
-အိပ်ချင်၊မှိန်းချင်
-ပျို့ချင်၊အန်ချင်
-ခေါင်းမူး၊ခေါင်းကိုက်
-မျက်စိဝါး၊နားအူ
-ရေငတ်၊အာခေါင်ခြောက်
ဆေးမသောက်သင့်သူတွေ
-မျက်စိရေတိမ်ရှိသူ၊
-ဆီးကျိတ်ရောင်သူ၊
-သိုင်းရွိုက်ဟော်မုန်းများသူ၊
-MAOIလို ဆေးစွဲသောက်နေသူ၊
-၂နှစ်အောက် ကလေးငယ်၊
ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်တွေ ဆရာဝန်နဲ့တိုင်ပင်ပြီး သောက်ပါ။ နှလုံး၊သွေးတိုး၊ဆီးချိုလို တခြားရောဂါအခံရှိရင် သေချာအောင် ဆရာဝန်နဲ့ တိုင်ပင်သင့်တယ်။
ဆရာဝန်တွေ ဆေးပေးတဲ့အခါ အသေးစိတ်ကစပြီး ဂရုစိုက်ရတယ်။ ဆေးတွေသုံးတဲ့အခါ ဆေးတမျိုးခြင်းအာနိသင်၊ဆေးပမာဏသိမှ ရောဂါပျောက်ကင်းအောင် ကုသနိုင်တယ်။ သာမန်အအေးမိပြီး ချောင်းဆိုးတာမျိုးဖြစ်ရင် ဒီဆေးတမျိုးထဲသောက်ရုံနဲ့ လုံလောက်တယ်။သို့သော် သိထားသင့်တဲ့အချက်က ဒီဆေးထဲမှာ paracetamol လို အဖျားကျပြီး အကိုက်အခဲပျောက်ဆေးမပါလို့ တုပ်ကွေးသဘော ကိုက်ချင်ခဲချင်ဖြစ်ရင် အကိုက်အခဲပျောက်ဆေး ထပ်ဖြည့်သောက်ဖို့လိုသေးတယ်။ ဖျားတာမျိုးရှိရင် ပိုးသတ်ဆေး လိုကောင်းလိုအုံးမယ်။ တခါတရံမပျောက်ဘူးဆိုတာ ဒီလိုအခြေအနေတွေ ရှိလို့ပါ။ သာမန်ရိုးရိုးချောင်းဆိုးတာလောက်တော့ ချောင်းဆိုးပျောက်ဆေး တမျိုးတည်းနဲ့လည်း သက်သာပါတယ်။ ချောင်းဆိုးတာ ၁ပတ်ကျော်တဲ့အထိ မသက်သာရင် ဆရာဝန်နဲ့ပြပါ။
ဒေါက်တာ အေးမင်းထူး
၁၆.၉.၁၃
No comments:
Post a Comment