Sunday, February 15, 2015

Rotaforte(spiramycin+metronidazole) သွားနဲ့သွားဖုံးရောဂါအတွက် ရိုတာ-ဖို့

Rotaforte ဆိုတာ သွား၊သွားဖုံး၊ပါးစပ်၊ပါးစောင်မှာ ဖြစ်တဲ့ အနာရောဂါတွေမှာ အသုံးပြုနိုင်တဲ့ ပဋိဇီဝပိုးသတ်ဆေး ဖြစ်ပါတယ်။ သွားဆရာဝန်တွေ အသုံးပြုနိုင်တဲ့ဆေးမျိုး ဆိုရင်ပိုမှန်ပါတယ်။ တခြား ရောဂါအချို့အတွက်လည်း အသုံးပြုနိုင်တယ်။ ဒီနေရာမှာ မှားနေတဲ့တချက်ပြောချင်တာက သွား၊သွားဖုံးရောဂါတွေကို အထွေထွေရောဂါကုဆရာဝန်တွေဆီ အများစုလာပြကြတယ်။ သွားရောဂါမှန်ရင် သွားဆရာဝန်နဲ့ ပြတာအကောင်းဆုံးဖြစ်ပါတယ်။ သို့သော် မျက်စိ၊နား၊နှာခေါင်း၊လည်ချောင်း ရောဂါတွေကို အထွေထွေရောဂါကုဆရာဝန်နဲ့ ပြသနိုင်တယ်။ 

Rotaforte ထဲမှာ -
Spiramycin               750,000IU(250mg)
Metronidazole         125mg
စတဲ့ ဆေးနှစ်မျိုး ပါဝင်ပါတယ်။

Rotaforte ဆိုတာ အနီဖျော့ဖျော့အရောင်ရှိတဲ့ ဆေးမျိုးဖြစ်တယ်။  ဆေး၁၀လုံးပါဝင်တဲ့ ဆေးကဒ်မျိုး ဖြစ်ပါတယ်။ ဆေးတစ်ဗူးမှာ ဆေး၂ကဒ်ဆီပါဝင်တယ်။ ဆေးတစ်ကဒ်ကို ၁၀၀၀ပတ်ချာလည် ရှိနိုင်တယ်။ ရောဂါ ကုသဖို့သာမက ကာကွယ်ဖို့လည်း သုံးနိုင်သေးတယ်။ 

Spiramycin ဆိုတာ
Macrolideခေါ်တဲ့ ပဋိဇီဝအမျိုးအစား ပိုးသတ်ဆေးမျိုး ဖြစ်တယ်။ ပါးစပ်၊အရေပြား၊အဆုတ်၊တစ်ရှူးစတဲ့နေရာတွေမှာ ဘက်တီးရီးယား ပိုးဝင်တဲ့အခါ အသုံးပြုနိုင်တယ်။ ဒါတင်မက toxoplasmosis လို ရောဂါမျိုးမှာလည်း အသုံးပြုနိုင်တယ်။ ဥရောပနိုင်ငံတွေမှာ ၂၀၀၀ပြည့်နှစ်တွေကတည်းက သွားဆရာဝန်တွေက အသုံးပြုခဲ့ပြီးဖြစ်ပါတယ်။

Metronidazole ဆိုတာ
Anaerobes ခေါ်တဲ့ လေမဲ့ပေါက်ဖွားတဲ့ ဘက်တီးရီးယားပိုးတွေကို ကုသဖို့အဓိက အသုံးပြုတတ်ကြတယ်။ လိုအပ်တဲ့အခါ တခြားပိုးသတ်ဆေးတွေနဲ့ ပူးတွဲပြီး သုံးတတ်ကြတယ်။ သွားဖုံးရောင်တာ၊ မေးရိုးကျိုးတာ၊ သွားဖက်ဆိုင်ရာ ရောဂါအချို့ အတွက်လည်း အသုံးပြုနိုင်သေးတယ်။ အူလမ်းကြောင်း၊အရိုး၊အဆစ်၊လိင်လမ်းကြောင်း ရောဂါတွေသာမက ပါရာဆိုက်ကပ်ပါးရောဂါတွေအတွက်ပါ အသုံးပြုနိုင်တယ်။

ဘယ်လိုရောဂါတွေမှာ ဆေးပေးနိုင်သလဲ။
-သွားပိုးစားခြင်း၊
-သွားဖုံးရောင်ခြင်း၊
-သွားဖုံးသွေးယိုခြင်း၊
-မေးရိုး၊ပါးစပ် ပိုးဝင်ခြင်း၊
-ပါးစပ်၊မေးရိုးရှိ ဂလင်းရောင်ခြင်း၊
-မေးရိုး၊သွားဖုံး ထိခိုက်ဒဏ်ရာရခြင်း၊
-သွား၊ပါးစပ် ခွဲစိတ်ကုသခြင်း၊

ဆေးသောက်နည်းလမ်းညွှန်
လူကြီး                         - တခါသောက် ၂လုံး တနေ့ ၂-၃ကြိမ်၊
ကလေး(၁၀-၁၅နှစ်) - တခါသောက် ၁လုံး တနေ့ ၃ကြိမ်၊
ကလေး(၅-၁၀နှစ်)    -တခါသောက် ၁လုံး တနေ့ ၂ကြိမ်၊ 
သောက်ပေးရတယ်။Spiramycin ကို အစာမစားခင်သောက်နိုင်ရင် အကောင်းဆုံးဖြစ်တယ်။ သို့သော် metronidazole ပါဝင်တာကြောင့် ပျို့ချင်၊အန်ချင်ရှိရင် အစာစားပြီးမှ သောက်ပေးသင့်တယ်။လိုအပ်ရင် ဆေးပမာဏကို ၂ဆထိ တိုးပြီး သောက်ပေးနိုင်တယ်။

ဘေးထွက်ဆိုးကျိုး
-ပျို့ချင်၊အန်ချင်ဖြစ်ခြင်း၊
-ခေါင်းကိုက်၊ခေါင်းခဲခြင်း၊
-ပါးစပ်အရသာပျက်ခြင်း၊
-ဆေးမတဲ့ခြင်း၊
-ဝမ်းချုပ်၊ဝမ်းသွားခြင်း၊
-ဗိုက်နာ၊ဗိုက်အောင့်ခြင်း၊
-ရင်ပူ၊ရင်ဘတ်အောင့်ခြင်း၊
-မျက်စိ၊အသားဝါခြင်း၊

ကိုယ်ဝန်ဆောင်တွေ သတိထားသင့်တယ်။ ကိုယ်ဝန်ပထမသုံးလမှာ ဆေးမပေးသင့်ဘူး။ ကိုယ်ဝန်ဆောင်စဉ် toxoplasmosisဖြစ်တဲ့ အခါ ကလေးကို မကူးစက်ဖို့ သုံးပေးနိုင်တယ်။ အသက်ကြီးရင့်သူတွေမှာ ဆေးပေးတဲ့အခါ ပမာဏ သတိထားပြီး ပေးရတယ်။

အတူတွဲမသောက်သင့်တဲ့ဆေး
-Carbidopa
-Fentanyl
-Levodopa
-Macrolide
-Risperidone
-Haloperidol
-Ergotamine

သတိပြုသင့်သည့် အချက်
ဆေးသောက်တဲ့အခါ သည်းခြေအိတ်ရောင်တာ၊အသည်းရောင်တာမျိုး မရှိသင့်ဘူး။ ဘေးထွက်ဆိုးကျိုး ပိုဖြစ်နိုင်တယ်။အရက်နဲ့ ဆေး တွဲမသောက်ရဘူး။ ဆေးမတဲ့ရင်၊သောက်ပြီး ထူးခြားမှုမရှိရင် ဖြတ်ပစ်ရတယ်။ဆေးသောက်ဖို့ လိုအပ်တဲ့အခါ သင့်မိသားစုဆရာဝန်နှင့် တိုင်ပင်ပါလေ။

ဒေါက်တာ အေးမင်းထူး
၁၁.၉.၁၃

No comments:

Post a Comment