Saturday, March 28, 2015

Leflunomide အဆစ်ရောင်သောက်ဆေး

autoimmuneခုခံအားချင်းပြန်တိုက်တဲ့ရောဂါလို့ သတ်မှတ်ထားလို့ ခုခံအားကျဆင်းတဲ့၊ ခုခံအားကိုနှိမ်တဲ့ ဆေးတချို့ကို သုံးရတယ်။ leflunomide ဆိုတာ ဒီလိုဆေးမျိုးပါ။ DMARDsအမျိုးအစားမှာ ပါဝင်ပါတယ်။သူ့အာနိသင်က DNA ကို တားဆီးပေးတယ်။ ခုခံအားကျဆင်းစေတယ်။ RAရဲ့ လက္ခဏာတွေကို သက်သာစေဖို့၊ပိုမဆိုးစေဖို့ သုံးပါတယ်။အဆစ်ရောင်တာ၊ပျက်ဆီးတာကို တတ်နိုင်သမျှနည်းပါးစေဖို့ အဓိက ရည်ရွယ်ပါတယ်။ လေးဖကိနာအဆစ်မြစ်ရောင်ရောဂါကုတဲ့အခါ Leflunomideတမျိုးတည်း (သို့)တခြားဆေးတခုခု(methotrexate,prednisolone)နဲ့ ပေါင်းပေးနိုင်တယ်။ 

Leflunomide ကို ၁၉၉၈ခုနှစ် စက်တင်ဘာလကတည်းက RAမှာ သုံးဖို့ စတင်ခွင့်ပြုခဲ့တယ်။ ဘေးထွက်ဆိုးကျိုးများလို့ second-line drug ထဲမှာ ရောက်သွားတယ်။ တခြားဆေးနဲ့မတိုးမှ ထည့်တယ်။ အသည်းကို ဆိုးဆိုးရွားရွားထိခိုက်စေလို့ သတိထားရတယ်။ သွေးအဖြေအမြဲစစ်နေဖို့လည်း လိုအပ်ပါတယ်။  သတိပြုရမှာက ဆေးသောက်နေတုန်း ကိုယ်ဝန်မဆောင်ရဘူး။  ဆေးသုံးပြီး ၂နှစ်အတွင်း ကိုယ်ဝန်မယူရပါဘူး။ကလေးကို ထိခိုက်စေတယ်။ ဒီဆေးသုံးနေတုံး ကလေးမရအောင် အကာအကွယ်၊အတားအဆီး တမျိုးမျိုး သုံးပေးနေရမယ်။ဆေးတိုက်နေစဉ် နို့မတိုက်သင့်ဘူး။ခုခံအားကိုကျဆင်းစေလို့ ပိုးထည့်ထားတဲ့ ကာကွယ်ဆေး(live vaccine)မျိုး ဆေးသောက်နေစဉ် မပေးသင့်ဘူး။ ဆရာဝန်သွားပြတဲ့အခါ leflunomide သောက်နေတဲ့အကြောင်း အမြဲထည့်ပြောသင့်တယ်။

ဆေးပမာဏ
Leflunomide 20mg တနေ့တကြိမ်ပေးရတယ်။ ဘေးထွက်ဆိုးကျိုး သိသူတွေက 10mg နေ့စဉ်သောက်ခိုင်းတယ်။ ဆရာဝန်အချို့က ဆေးအာနိသင်ကောင်းအောင် ကနဦးဆေးပေးစမှာ loading dose ကို တင်းထားတယ်။ ဥပမာ 100mg(20mg ၅လုံး)ကို ပထမသုံးရက်ဆက် ပေးတာမျိုး၊ဒါမှမဟုတ် 100mgကို တပတ်တကြိမ် ၃ပတ်စာ ပေးတာမျိုး လုပ်ကြတယ်။ ရောဂါ respondပေါ်မူတည်တာပါပဲ။ ဆေးရဲ့အာနိသင်က ချက်ချင်းထူးခြားတာမျိုးမရှိတတ်ဘူး။ အာနိသင်ရဖို့ အနည်းဆုံး၂-၃လလောက် စောင့်ရတယ်။

ပေးစက ဝမ်းပျက်ဝမ်းလျှော၊ဗိုက်နာဗိုက်အောင့် အဖြစ်များတယ်။ ပျို့ချင်အန်ချင်၊အစာမကြေရှိမယ်။ နေထိုင်မကောင်း၊မအီမသာ ဖြစ်မယ်။ တဖြည်းဖြည်းသက်သာလာနိုင်သလို ပိုဆိုးနိုင်တယ်။ ဆံပင်ကျွတ်တာ(ယာယီ)၊အနီစက်ထွက်တာရှိနိုင်တယ်။သွေးနီဥနည်းတာ၊သွေးဥမွှားနည်းတာလည်း ဖြစ်နိုင်ပြန်တယ်။ဆေးသောက်တဲ့အခါ အသည်းအနေအထားကို အမြဲစစ်နေရမယ်။ အကယ်၍ အသည်းရောဂါအခံရှိရင်(အသည်းခြောက်၊အသည်းရောင်) ဆေးကို ဆက်မသုံးစွဲသင့်ဘူး။ ဆေးသောက်နေစဉ် အရက်ဖြတ်သင့်တယ်။

Leflunomideမသုံးရတဲ့အခါမျိုး ရှိတယ်။ အသည်းရောင်ဘီပိုး၊စီပိုး၊အသည်းရောင်၊အသည်းခြောက်ခြင်း၊ခုခံအားကျဆင်းတဲ့ရောဂါ၊ ရိုးတွင်းချင်ဆီအားနည်းခြင်း၊ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဆေးမပေးရဘူး။ အကယ်၍ သွေးအဖြေမှာ ALT ပုံမှန်ထက် သုံးဆလောက်တက်နေရင် ဆေးကို ပြန်ဖြုတ်ရတယ်။ဆေးဖြတ်တဲ့အခါ leflunomide အာနိသင်မြန်မြန်ကုန်အောင် cholestyramine 4g TDS ကို ငါးရက်လောက် သောက်ခိုင်းတယ်။ အာနိသင်ရဲ့ ၅၀ရာခိုင်နှုန်း လျှော့နည်းသွားမယ်။ ကိုယ်ဝန်ဆောင်မဲ့မိခင်တွေမှာ ဆေးသောက်ချိန် ပိုတိုးမယ်။

leflunomide သောက်သူတွေဟာ အသည်းအခြေအနေသိဖို့ ပထမ(၆)လအတွင်း လစဉ် သွေးစစ်ရတယ်။ ကောင်းတယ်၊သက်သာတယ်ဆိုမှ ဆေးဆက်သောက်ခိုင်းတယ်။ (၆)လနောက်ပိုင်း ၂-၃လတခါ သွေးစစ်ပြီး အဖြေကို ကြည့်ရတယ်။ 

လေ့လာမှုက ဘာတွေတွေ့လဲ
Methotrexate မတိုးတဲ့လူနာအယောက်(၃၀၀)ကို leflunomide ထပ်ထည့်တဲ့အခါ သက်သာမှုပိုကောင်းတာ တွေ့ရတယ်။ ဒါပေမယ့် ၃၀ရာခိုင်နှုန်းဟာ အသည်းကိုထိခိုက်(ALT နဲ့ ASTတက်နေ)တာ တွေ့ရတယ်။ ဒီထဲက ၄ရာခိုင်နှုန်းဟာ အသည်းကိုဆိုးဆိုးရွားရွားထိခိုက်(ပုံမှန်ထက် သုံးဆတက်နေ)တာ တွေ့ရတယ်။ ထိခိုက်မှုဟာ ဆေးသောက်ပြီး ၆လအတွင်း တွေ့ရတယ်။ ဒါ့ကြောင့်ဆေးသောက်စဉ် ၆လအတွင်း အနည်းဆုံးALTစစ်ဖို့လည်း သတိပေးထားတယ်။ 

၂၀၀၁ခုနှစ် ဖေဖော်ဝါရီမှာ European Agency for the Evaluation of Medicinal Products(EMEA)က အသည်းထိခိုက်မှုနဲ့ ပတ်သက်ပြီး ထုတ်လုပ်တဲ့ကုမ္ပဏီ Aventisကို သတိပေးပါတယ်။ အသည်းထိခိုက်သူ ၂၉၆ယောက်မှာ ဆိုးဆိုးရွားရွားထိခိုက်သူက ၁၂၉ယောက်(ထက်ဝက်)လောက် ရှိတာကို ထောက်ပြတယ်။ကုမ္ပဏီကလည်း ပြန်ရှင်းပါတယ်။ ဆေးသောက်သူတွေမှာ နှလုံး၊သွေးတိုး၊ဆီးချို၊အသည်းရောင်ဘီပိုး၊စီပိုးတွေ အစတည်းက ရှိကြတယ်။ ပိုဆိုးတာက methotrexate လို၊NSIADလို အကိုက်အခဲပျောက်ဆေးတွေလည်း အတူတူသုံးနေကြတာက ပျက်ဆီးဖို့ ပိုမိုလွယ်ကူသတဲ့။ ဒါ့ကြောင့် ဆေးသုံးသူတွေအနေနဲ့ အနီးကပ်စစ်ဆေးဖို့ လိုအပ်တယ်လို့ ဆိုထားပါတယ်။ 

အကြံပြုချက်
-DMARDs အမျိုးအစားတွေဟာ ဘေးထွက်ဆိုးကျိုး ကိုယ်စီရှိပါတယ်။
-ဘေးထွက်ဆိုးကျိုး ကိုယ်တိုင်မခံစားရသေးပဲ တွေးကြောက်မနေသင့်ပါ။
-တချို့လူနာတွေဟာ ဘေးထွက်ဆိုးကျိုး မခံစားကြရဘူး။
-ဆေးသောက်ပြီးနောက် တိုးတက်မှုရှိပါသလား ကိုယ့်ဘာသာပြန်မေးပါ။
-အကိုက်အခဲပျောက်ဆေး၊စတီးရွိုက်ဆေးတွေက နာကျင်မှုကို ယာယီသာ တားနိုင်ပါတယ်။ ပိုဆိုးမလာအောင် လုပ်မပေးပါ။
-ဘေးထွက်ဆိုးကျိုးမခံစားရဘဲ သက်သာတယ်ဆိုရင် ဆေးကို ဆက်သောက်သင့်တယ်။
-တလတခါ သွေးစစ်ပြီး အသည်းအခြေအနေကို ကြည့်နေသင့်တယ်။ 
-အကယ်၍ ဘေးထွက်ဆိုးကျိုးခံစားရရင် ဆရာဝန်ပြန်ပြပါ။
-ဆရာဝန်ကို အကျိုးအကြောင်းပြောပြပြီး ဆေးပြောင်းဖို့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဒေါက်တာ အေးမင်းထူး
၈.၅.၁၄

No comments:

Post a Comment