Thursday, March 19, 2015

ချောင်းဆိုးပျောက်ဆေးများ

ချောင်းဆိုးရောဂါက အဖြစ်များတယ်။ ရာသီဥတုအပြောင်းအလဲမှာ အဖြစ်အများဆုံးရောဂါလက္ခဏာကို ပြောပါဆိုရင် ချောင်းဆိုးတာကိုပဲ ညွှန်ပြရလိမ့်မယ်။ အနောက်နိုင်ငံမှာ လေ့လာမှုတွေလုပ်တော့ ဆေးခန်းလာပြတဲ့ လူနာ ၅ယောက်မှာ တယောက်ဟာ ချောင်းဆိုးခြင်းကြောင့် ဖြစ်တယ်လို့ တွေ့ရတယ်။ 

ချောင်းဆိုးတာ ကောင်းလားမေးရင် လူနာအများစုကတော့ ခေါင်းခါကြလိမ့်မယ်။ ဒါပေမယ့် တခြားဖက်ကကြည့်ပြန်တော့ ခန္ဓာကိုယ်အတွက်ကောင်းတာ တွေ့ရတယ်။ ချောင်းဆိုးလိုက်ခြင်းအားဖြင့် လည်ချောင်းမှာရှိတဲ့ ရောဂါပိုးမွှားတွေ၊အညစ်အကြေး၊အကျွဲအချွဲ၊ခဲနေပိတ်ဆို့နေတာတွေ
ရှင်းလင်းသွားတယ်။ ဒီအခါမှာ လူကသက်သာသွားပြီး နေလို့ထိုင်လို့ကောင်းသွားတယ်။ ဒါတင်မကသေးဘူး။ အသက်ရှုလမ်းကြောင်းတနေရာမှာ တိုက်ခိုက်ခံရတာကို ခန္ဓာကိုယ်က တုံ့ပြန်တယ်လို့လည်း သိရပြန်တယ်။ 

ချောင်းဆိုးခြင်းကိုဖြစ်စေတဲ့ ရောဂါတွေက များတယ်။ ဘာမှမဟုတ်တဲ့ ရောဂါတွေကအစ ရောဂါကြီးတွေထိ ဖြစ်နိုင်တယ်။အအေးမိ၊တုပ်ကွေး၊ပန်းနာရင်ကျပ်၊ဓာတ်မတဲ့တာ၊လေပြွန်ရောင်၊လေပြွန်ပိတ်၊တီဘီ၊နမိုးနီးယား၊အဆုတ်ကင်ဆာ၊နှလုံးရောဂါစသည်ဖြင့် ရောဂါအမျိုးမျိုးကြောင့် ဖြစ်နိုင်တယ်။ တခါတရံ အစာအိမ်ရောဂါမှာ အစာခြေရည်အထက် ဆန်တက်ခြင်းကြောင့်လည်း ချောင်းဆိုးတတ်သေးတယ်။ ချောင်းဆိုးခြင်းဟာ သိစိတ်မဲ့တုံ့ပြန်မှုဖြစ်ပြီး ပုံမှန်အားဖြင့် သူ့အလိုလို သက်သာနိုင်တယ်။ ဒါပေမယ့် သုံးပတ်ထက်ပိုပြီး ချောင်းဆိုးတာ၊သွေးပါတာ၊အသက်ရှုရခက်တာမျိုး ရှိရင် ဆရာဝန်နဲ့ပြသင့်တယ်။ 

ချောင်းဆိုးတဲ့အခါ သလိပ်မပါတဲ့ ချောင်းခြောက်(non-productive cough)နဲ့ သလိပ်ထွက်တဲ့ ချောင်းစို(productive cough)ဆိုပြီး အုပ်စုနှစ်ခု ရှိပါတယ်။ 

• ချောင်းခြောက်ဆိုတာ
သလိပ်မပါတဲ့ ချောင်းမျိုးကို ချောင်းခြောက်(dry cough)လို့ခေါ်ပါတယ်။ ခပ်သြသြနဲ့ တဟွတ်ဟွတ်ဆိုးပြီး လည်ချောင်းထဲက ထွက်တဲ့အသံမျိုးက ချောင်းခြောက်ဖြစ်တယ်။ ရိုးရိုးတံထွေးလောက်ထွက်တဲ့ ချောင်းကိုလဲ ချောင်းခြောက်ထဲ ထည့်ထားတယ်။ ချောင်းခြောက် အများစုက ဓာတ်မတဲ့တာနဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်စေတယ်။ 

• ချောင်းစိုဆိုတာ
သလိပ်ပါလာရင် ချောင်းအစို(wet cough)ထဲရောက်သွားတယ်။ ချွဲပြစ်ပြစ်အရည်တွေ (အဝါ၊အစိမ်း၊အဖြူ၊သံချေး၊ခပ်ညိုညို)စသည်ဖြင့် ထွက်တာမျိုးက ချောင်းစိုဖြစ်တယ်။ အများစုက ဗက်တီးရီးယားပိုးဝင်တာဖြစ်လို့ဖြစ်ရတယ်။ ဒီအတွက် ပဋိဇီဝပိုးသတ်ဆေးတွေ လိုလာတတ်တယ်။  

ဘယ်ဆေးတွေ သုံးမလဲ
ချောင်းခြောက်ဆိုးတဲ့အခါ cough suppressant ခေါ်တဲ့ ချောင်းဆိုးခြင်းကို တားမြစ်တဲ့ဆေးတွေ သုံးရတယ်။ dextromethophan,codeine စတာတွေဟာ cough reflex ကိုတားဆီးပြီး ချောင်းဆိုးတဲ့ အကြိမ်အရေအတွက် လျှော့နည်းစေတယ်။ 

ချောင်းအစိုမှာတော့ အဓိက သုံးတဲ့ဆေးနှစ်မျိုးရှိတယ်။ တခုက mucolytic ခေါ်တဲ့ ချွဲကြေဆေးဖြစ်ပြီး နောက်တခုက expectorant ခေါ်တဲ့ ချွဲထွက်ဆေးတွေ ဖြစ်ပါတယ်။ mucolytic ဆိုတာ ပြစ်ခဲနေတဲ့သလိပ်တွေကို ကျဲသွားအောင်ပြုလုပ်တာဖြစ်ပြီး expectorant ကတော့ အသက်ရှုလမ်းက သလိပ်ကို ရေနဲ့ ထွက်သွားအောင် ပြုလုပ်ပေးတာ ဖြစ်တယ်။ bromhexine ၊carbocysteine ၊ acetylcysteine နဲ့ ambroxol စတာတွေဟာ mucolytic သလိပ်ကြေဆေးထဲမှာ ပါတယ်။ Guaifenesin ၊ammonium chlorideနဲ့ sodium citrate စတာတွေက expectorant ခေါ်တဲ့ သလိပ်ထွက်ဆေး အမျိုးအစားတွေ ဖြစ်ပါတယ်။ 

သတိပြုစရာ
ချွဲထွက်သလိပ်ကပ်တဲ့ ချောင်းအစိုမှာ dextromethorphanပါတဲ့ ချောင်းဆိုးခြင်းကို လျှော့နည်းစေတဲ့ ဆေးမျိုး မသုံးစွဲသင့်ဘူး။ ဘာကြောင့်လဲဆိုတော့ အထဲမှာ ရှိနေတဲ့ ချွဲသလိပ်တွေက အပြင်ကို ထွက်သွားမှ သက်သာမှာဖြစ်လို့ပါ။ ဒီအတွက် သလိပ်ပျော်ဆေးတွေ သုံးရတယ်။ ခဲနေတာတွေကို ပျော်စေဖို့ carbocysteine လိုဆေးမျိုးသုံးပြီး ကပ်နေတဲ့သလိပ်တွေ ထွက်စေဖို့ guaifenesinပါတဲ့ ဆေးမျိုးသောက်ရတယ်။ 

ချောင်းဆိုးတဲ့အခါဆရာဝန်တွေ တကယ်ခေါင်းခြောက်ရတာက ချောင်းခြောက်ဖြစ်ပါတယ်။ သောက်ဆေး အမျိုးမျိုးရှိပေမယ့် တကယ့်လက်တွေ့မှာ ထင်ထားသလောက် အကျိုးမရှိတာ တွေ့ရတယ်။ အရင်က ဘိန်းပါတဲ့ codeine ချောင်းဆိုးပျောက်ဆေးတွေ ခေတ်စားခဲ့ဖူးတယ်။ ကောင်းလည်း အင်မတန်ကောင်းပါတယ်။ မြန်မာနိုင်ငံမှာ အလွယ်ဝယ်လို့ရတော့ နောက်ပိုင်းမှာ ဆေးသမားတွေလက်ချက်နဲ့ တားမြစ်ပိတ်ပင်ခံရ တယ်။ 

အခုနောက်ပိုင်း dextromethophanပါတဲ့ ချောင်းဆိုးပျောက်ဆေးမျိုးကို မရှိသုံး သုံးရတယ်။ အာနိသင်အကောင်းကြီး မဟုတ်ပေမယ့် အဆိုးကြီးထဲမှာလည်း မပါဝင်ပါ။ ဒါပေမယ့် ဆရာဝန်တွေကို အနီးကပ် လိုက်ဒုက္ခပေးနေတာကတော့ အတတ်ဆန်းတဲ့ ဆေးဝါးသုံးစွဲသူတွေဖြစ်ပါတယ်။ ပုံမှန်ပမာဏသောက်ရင် ချောင်းဆိုးပျောက်ပေမယ့် ဆေးပမာဏများများ(toxic dose) သုံးမိရင် အာနိသင်ပြောင်းသွားတယ်။ လူကပေါ့ပါး ရွှင်လန်းပြီး လေထဲလွင့်မျောနေသလို ခံစားရတယ်။ တနည်းအားဖြင့် စိတ်နဲ့ကိုယ်ကင်းကွာသွားပြီး ရွှင်လန်းစိတ်(euphoria)ကို ဖြစ်ပေါ်စေတယ်။ 

အမှန်တော့ ဆေးရဲ့အာနိသင်က လိုတာထက်ပိုသွားလို့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ခံစားရတာ ဖြစ်ပါတယ်။ 5mg/kg/dose ထက်များရင် အဆိုပါလက္ခဏာတွေ စတင်ခံစားရတယ်။ ဒါ့ကြောင့် တချို့က တခါသောက် (၁၅)ပြားကနေအပြား (၂၀)ထိ သောက်ကြတယ်။ ဆေးသောက်ပြီး နောက်ရက်တွေမှာ ခေါင်းမူး၊ခေါင်းကိုက်၊အားအင်မရှိသလို ခံစားလာရတယ်။ သုံးစွဲတာ ကြာတာနဲ့အမျှ ဆေးယဉ်ပြီး ဆေးအချိန်အဆ ပိုလိုလာတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့စွဲမှန်းမသိ ဆေးစွဲလာတယ်။ အစကတည်းက ဆရာပေါင်းမှားသူတွေကတော့ ပိုခံရတယ်။ ဆွီဒင်နိုင်ငံမှာတော့ 3g ထိသောက်မိတဲ့ အသက်(၁၈)နှစ်အရွယ် မိန်းကလေးတယောက် သေဆုံးခဲ့ဖူးတယ်။ 

ဆေးကို တလွဲသုံးလာသူတွေကြားမှာ တကယ်ခေါင်းကိုက်ရတာက ဆရာဝန်တွေ ဖြစ်ပါတယ်။ ဒီဆေးသာ တားမြစ်မယ်ဆိုရင် ဘယ်ဆေးနဲ့များ အစားထိုးကြမလဲ။ ဆေးဆိုင်တိုင်းက အလွယ်တကူရနေတာဖြစ်လို့ တားမြစ်ပိတ်ပင်ဖို့ခက်ခဲတယ်။ လွယ်လွယ်ရတာဖြစ်လို့ ခပ်လွယ်လွယ် ဝယ်သောက်တဲ့အကျင့်ကို ပြုပြင်ဖို့မလွယ်ကူပါဘူး။ သို့သော် သုံးစွဲသူတွေချည်း အပြစ်တင်နေလို့ မဖြစ်သေးပါ။ ခေတ်အခြေအနေအရ ဆေးဝါးတွေကို အလွယ်တကူဝယ်ယူခွင့်ပေးထားတဲ့ စနစ်တွေကိုလည်း ပြန်လည်သုံးသပ်သင့်တယ်။ 

ခေတ်၊စနစ်ဆိုတာတွေကို ဘေးဖယ်ထားပြီး မိမိလုပ်နိုင်တာကို ပြန်စဉ်းစားကြည့်တဲ့အခါ စိတ်ပူစရာ သိပ်မရှိပြန်သေးဘူး။ ဘာ့ကြောင့်လဲဆိုတော့ အနောက်တိုင်းဆေးတွေ မပေါ်ခင်ကတည်းက ရိုးရာအိမ်သုံးနည်းဆိုတာတွေကို သုံးခဲ့ကြလို့ဖြစ်ပါတယ်။ အိမ်မှာ အလွယ်ရနေတဲ့ ပစ္စည်းတွေကို ရောစပ်လိုက်ရင် ဈေးလည်းသက်သာ၊အချိန်ကုန်သက်သာတဲ့ ချောင်းဆိုးပျောက်ဆေးတွေ ဖြစ်လာမှာပါ။ ဒီလို ချောင်းဆိုးပျောက်ဆေးတွေ ဘယ်လိုလုပ်မလဲ။ နောက်တပတ်မှာ ချောင်းဆိုးခြင်းအတွက် အိမ်သုံးနည်းတွေအကြောင်း ဆက်လက်ဖော်ပြပေးပါမယ်။

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၂၂.၉.၁၄)

No comments:

Post a Comment