Friday, March 20, 2015

ခြေသလုံးအဆီကျအောင်

ဒေါက်တာရှင့်,
ကျွန်မအသက် 24နှစ်ပါ။ အရပ်က ငါးပေနဲ့လေးလက်မ ရှိပါတယ်...
ပေါင်ချိန်က 124ပေါင်ရှိပါတယ်။ ဒါမဲ့ စက်တွေက တစ်ခုနဲ့တစ်ခုမတူပါဘူး။
အိမ်မှရှိတဲ့ စက်က 124ပေါင်ပြပါတယ်။ နောက်တစ်ခြားတစ်နေရာကစက်က 119ပေါင်ပြပါတယ်။
ကျွန်မအရင်က အသက် 23နှစ်လောက်က ပေါင်ချိန် 103 သို့ 104 ပေါင်ရှိပါတယ်။ အဲဒီတုန်းက အစားလည်း ပုံမှန်ထက် နည်းနည်းပိုစားပါတယ်။ ဒါပေမဲ့ ၀မလာပါဘူးရှင့်။နောက် အရမ်းပိန်တယ် အားဆေးသောက်ဆိုလို့ ဂျင်ဆိုမင် လေးလသောက်ပါတယ်။
လေးလသောက်ပြီး ပေါင်ချိန်က 117ပေါင်ဖြစ်လာပါတယ်။ အဲဒီနောက် ဖြတ်လိုက်ပါတယ်။ အခုတော့ 124ပေါင်ဖြစ်လာပါတယ်။ ကျွန်မအထင် ကျွန်မရဲ့  အပေါ်ပိုင်းက အဆင်ပြေပြီး ကိုယ်အောက်ပိုင်း (ကန်တော့ပါရှင့်) ပေါင် ခြေသလုံးက အဆီများလာတယ် ထင်ပါတယ်။ မြန်မာဝတ်စုံနဲ့ဆို ရင်ပြေပေမဲ့ ဂျင်းဘောင်ဘီ စကပ်တို့ ၀တ်ရင် အဆင်မပြေဖြစ်ပါတယ်ရှင့်။ အဲဒါ လေ့ကျင့်ခန်းသွားလုပ်ဖို့ ကျွန်မဘယ်လိုမှ အချိန်အဆင်မပြေပါဘူး။ တစ်ချို့ အသိတွေက အဆီကျဆေးတွေ ညွန်းပါတယ်။
အဲဒါတွေကတော့ Xenical, Orlifit & Lobese တွေပါရှင့်။ 
ကျွန်မ ဘာလုပ်သင့်တယ်။ ဆေးဆိုလည်း ဘေးထွက်ဆိုးကျိုးအနည်းနဲ့ အများရှိတာသိပေမဲ့ ဆိုးကျိုးအနည်းဆုံးဆေးဖြစ်ဖြစ် ဒါမှမဟုတ် ဘာလုပ်သင့်တယ်ဆိုတာဘဲ ဖြစ်ဖြစ်တစ်ချက်လောက် အကြံပေးပါလို့ ကျေးဇူးပြုရ်ျတောင်းခံပါတယ်။

ကျေးဇူးတင်စွာဖြင့်
     ~~~
(၂၉.၀၈.၂၀၁၃)



ဟုတ်ကဲ့မ~~၊ မေးထားတာထဲက အရင်ဆုံးဖြေရရင် ပေါင်ချိန်စက်တွေ တခုနဲ့တခုမတူညီကြဘူးဆိုတာ ဟုတ်ပါတယ်။ သို့သော် သိစေချင်တဲ့အချက်က ကျွန်တော်တို့ပေါင်ချိန်တိုင်းတဲ့အခါ စံသတ်မှတ်ချက် တခုထားတဲ့သဘောမျိုး ဖြစ်ပါတယ်။ ဥပမာ အိမ်ကစက်နဲ့ တိုင်းနေကျဖြစ်ရင် အိမ်ကစက်ကို အတည်ယူပြီးတိုင်းပါ။နောက်တချက်က စတိုင်းတဲ့အမှတ်ကလည်း အရေးကြီးပါတယ်။စမှတ် သုညက ဖြစ်မှ မှန်ပါမယ်။ ဒီနှစ်ချက်ကိုက်ရင် ပြီးတာပါပဲ။ ဆေးခန်းတွေမှာ တိုင်းနေကျတဲ့ ဒစ်ဂျစ်တယ် သာမိုမီတာတွေလဲ တခုနဲ့တခု မတူကြဘူး။ အနည်းနဲ့ အများအပြောင်းအလဲ ရှိကြတယ်။ ကျွန်တော်တို့ သိချင်တာက ယေဘုယျနဲ့ စံသတ်မှတ်ချက်တခုကိုပါ။ ဒါ့ကြောင့် ကိုယ်အမြဲတိုင်းနေကျတခုတည်းကိုပဲ အတည်ယူပြီး တိုင်းပေးပါလို့။

ဒုတိယမေးထားတာက ခြေသလုံးတုတ်လို့။ ခြေသလုံးတုတ်တာက အဆီများလို့(သို့)လှုပ်ရှားမှုများပြီး ကြွက်သားထူလာလို့ ၂မျိုး ဖြစ်နိုင်တယ်။ သို့သော် မေးထားတဲ့ထဲမှာ အဆီများတယ် ထင်တယ်ဆိုတဲ့အတွက် အဆီများတာကို အဓိကထားပြောပါမယ်။ အဆီများတာဖြစ်ရင် ကုရပိုလွယ်ပါတယ်။ ဖြစ်နိုင်တာက အစားတော့စားပြီး အောက်ပိုင်းက လှုပ်ရှားမှုနည်းလို့ အဆီစုတဲ့သဘော ဖြစ်နိုင်ပါတယ်။ အဆီတွေစုနေရင် ကြွက်သားတွေလှုပ်ရှားပေးရတယ်။ ဒါ့ကြောင့် လမ်းလျှောက်တာ၊ပြေးတာ၊ရေကူးတာမျိုး လုပ်ကြည့်ပါ။ ခြေသလုံးကြွက်သားကို အဓိက တင်းအားဖြစ်စေတဲ့ လေ့ကျင့်ခန်းမျိုး လုပ်ကြည့်တဲ့အခါ အကျိုး ထူးတာ တွေ့ရပါလိမ့်မယ်။ လှုပ်ရှားမှုများတဲ့အခါ အဆီတွေကျပြီး ကြွက်သားတွေ ကျစ်လစ်လာပါလိမ့်မယ်။လေ့ကျင့်ခန်းဆိုတာမျိုးက သင်တန်းသွားမှ မဟုတ်ပါဘူး။ အိမ်မှာနေရင်းလည်း လုပ်ကြည့်နိုင်ပါတယ်။ နည်းနည်းလောက်အချိန်ပေးပြီး စမ်းသပ်ကြည့်ပါ။

တတိယမေးထားတာက ပိန်ဆေးပါ။ကျွန်တော့်အလိုအရ ဘယ်ပိန်ဆေးမှ သောက်ဖို့ အားမပေးပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ မဆိုင်လို့ပါ။ ဖြစ်တာခြေထောက်ဖြစ်လို့ သောက်လဲအကျိုးထူးမယ် မထင်ပါဘူး။ တကိုယ်လုံးဝတယ်ဆိုရင် တမျိုးပေါ့။ နောက်တချက်က lobeseဆိုတာ ကဆီဓာတ်အစားများပြီး ဝလာသူတွေ သောက်ရတဲ့ဆေးဖြစ်ပါတယ်။ ကျန်တဲ့ဆေးနှစ်ခုက orlistat ပါဝင်တဲ့အတွက် အဆီအဆိမ့်အစားများသူတွေ အဓိကသောက်သင့်တယ်။ အကြံပေးရရင် ပိန်ဆေးသောက်လို့ ထူးခြားလာမှာ မဟုတ်ပါဘူး။ ထူးခြားချင်ရင် ခြေသလုံးကြွက်သား လေ့ကျင့်ခန်းသာ လုပ်ပေးပါ။ အဆီတွေဖယ်ရှားပြီးတဲ့အခါ ကျစ်လစ်သွယ်လျတဲ့ခြေသလုံးတွေကို ပိုင်ဆိုင်နိုင်မှာပါ။ အချိန်သိပ်မရတဲ့အတွက် ဒီလောက်သာ ဖြေပေးနိုင်တာ ခွင့်လွှတ်ပါ။ လိုသေးရင်တော့ ထပ်မေးနိုင်ပါတယ်။ကံကောင်းပါစေ။ 

ဒေါက်တာ အေးမင်းထူး
၃၀.၈.၁၃
(မေးထားတဲ့ပိန်ဆေးတွေကို ဆေးဝါးကမ္ဘာဘလော့ခ်မှာ တင်ထားပြီး ဖြစ်ပါတယ်။ သေချာသိချင်ရင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။)

No comments:

Post a Comment