Thursday, March 19, 2015

ရှူဆေး(သို့)လေဆေးပေးခြင်း

ရှူဆေးဆိုတာကို မြန်မာလူမျိုးတိုင်း သိကြပါတယ်၊ကိုယ်တိုင်လည်း သုံးစွဲဖူးကြတယ်။အအေးမိတဲ့အခါဖြစ်ဖြစ်၊ ခေါင်းမူး၊ခေါင်းကိုက်တဲ့အခါ ပဲဖြစ်ဖြစ် ရှူဆေးရှူလိုက်ရင် သက်သာသွားကြတယ် မဟုတ်လား။ ငယ်ရွယ်စဉ်လူမှန်းသိတတ်ကတည်းက ရှူဆေးဗူးနဲ့ စတင်သိကျွမ်းခဲ့တာ ဖခင်ဖြစ်သူကြောင့်ပါ။ ခရီးတွေဘာတွေသွားရင် ဖခင်ဖြစ်သူက ရှုဆေးဗူးကို ဆောင်ထားတတ်တယ်။ အဲဒီအချိန်ထိ ခေါင်းမကြည်ရင် ရှူဆေးရှူပေးရတယ်လို့ပဲ သိခဲ့တယ်။ ဘာ့ကြောင့်မှန်း မသိခဲ့ပါဘူး။ဆရာဝန်ဖြစ်လာတဲ့အခါ အရင်ကထက် စပ်စုလာတတ်တယ်။ ဘာ့ကြောင့် ရှူရတာလဲ။ဘာအာနိသင်ရှိလို့လဲ။ရှူဆေးကြောင့် ဘာတွေ ကောင်းလာနိုင်သလဲ။

ရှူဆေးဋီကာ မဖွင့်ခင် ရှူဆေးတစ်ဗူးမှာ ပါဝင်တာတွေကို အရင်ဖော်ပြပါရစေ။ ရှူဆေးတဗူးမှာ menthol(ပရုတ်အေး)၊camphor(ပရုတ်ပူ)၊peppermint oil(ပင်စိမ်းဆီ)၊eucalyptus oil(ယူကလစ်ဆီ)စတာတွေ ပါဝင်ကြတယ်။သို့သော် ရှူဆေးတစ်ဗူးနဲ့တစ်ဗူး ပါဝင်တာချင်း မတူညီကြဘူး။ ကွဲပြားမှုအနည်းငယ်ရှိတယ်။ ရှူဆေးဗူးတိုင်းမှာအဓိကပါဝင်တာက menthol(ပရုတ်အေး)ဖြစ်ပါတယ်။ ပုံမှန်ရှူဆေးတဗူးမှာ menthol 70% လောက် ထည့်သွင်းတတ်ကြတယ်။ ကျန်တဲ့ပစ္စည်းတွေကို လိုအပ်သလို အချိုးကျထည့်သွင်းရတယ်။ mentholကို peppermint camphorလို့ ခေါ်ပါတယ်။ မြန်မာလို ပရုတ်အေးလို့ သိကြတယ်။ အပူဓာတ်ရော၊အအေးဓာတ်ရော ရှိလို့ပါ။ အမှန်တော့ ပင်စိမ်း၊ပူစီနံမှာ တွေ့ရတဲ့ သဘာဝ organic ဓာတ်တမျိုး ဖြစ်ပါတယ်။သဘာဝမဟုတ်ဘဲ ဓာတ်ခွဲခန်းကနေလဲ ထုတ်လုပ်နိုင်ပါတယ်။ thymolကို hydrogenationလုပ်တဲ့အခါ mentholဖြစ်လာတယ်။ 

Mentholကို ရှေးယခင် နှစ်ပေါင်းများစွာကတည်းက အာရှတိုက်နိုင်ငံတွေမှာ တိုင်းရင်းဆေးအဖြစ် အသုံးချခဲ့ကြပါတယ်။ တရုတ်နိုင်ငံမှာ ဘီစီ ၃၀၀၀လောက်ကတည်းက စတင်သုံးစွဲခဲ့တယ်။ အီဂျစ်မှာ ဘီစီ ၁၅၀၀လောက်ကတည်းက အသုံးပြုခဲ့တယ်။ အိန္ဒိယမှာ အာယုဗေဒတိုင်းရင်းဆေးအဖြစ် လွန်ခဲ့တဲ့နှစ်၂၅၀၀ကျော်လောက်တည်းက သုံးစွဲခဲ့ကြတယ်။ ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကျော်ကတည်းက သုံးစွဲခဲ့တဲ့အထောက်အထားတွေ တွေ့ခဲ့ရတယ်။ mentholရနံ့ကို အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါအများစုမှာ အသုံးပြုခဲ့ကြတယ်။ အရှေ့တိုင်းမှာ ရာစုနှစ်များစွာအသုံးပြုခဲ့တဲ့ mentholဟာ ၁၉ရာစုနှောင်းပိုင်းမှာ အနောက်တိုင်းကို စတင်ရောက်ရှိခဲ့တယ်။ တနည်းအားဖြင့် အနောက်တိုင်းကပါ ပရုတ်အေးကို သုံးစွဲလာကြတယ်။ အစားအစာ၊ဆေးလိပ်၊ရေမွှေး၊အလှအပစတဲ့ ပစ္စည်းတွေမှာ အနံ့၊အရသာအတွက် အသုံးပြုကြတယ်။ နောက်ပိုင်းမှာ လိမ်းဆေး၊သောက်ဆေး၊ကပ်ခွာ၊နှာဖြန်းဆေး၊ရှူဆေး၊ငုံဆေးအမျိုးမျိုးမှာ ထည့်သွင်းလာကြတယ်။ 

mentholကို လေ့လာကြည့်ရင် ဖယောင်းဆီလိုပြစ်နှစ်ပြီး အရောင်အဆင်း ကင်းမဲ့တယ်။ အခန်းအပူချိန်မှာ ခဲနေပြီး အပူချိန်မြှင့်လာတာနဲ့ အရည်ပျော်သွားတယ်။ ဓာတုဖွဲ့စည်းပုံကိုကြည့်ရင် ကာဗွန်အက်တမ် (၁၀)လုံး၊ဟိုက်ဒရိုဂျင်အက်တမ်(၂၀)လုံးနဲ့ အောက်ဆီဂျင်(၁)လုံး ပေါင်းစပ်ပါဝင်တယ်။  ငရုတ်သီးမှာပါဝင်တဲ့ capsaicin ဓာတ်နဲ့ ကွာခြားတာကmentholဟာ ပူရှိန်းရှိန်းနဲ့ အေးမြတယ်။ capsaicinက ပူတယ်၊စပ်တယ်။အေးမြတဲ့အရသာမရှိဘူး။ လိမ်းဆေး၊သောက်ဆေးတွေမှာ ပူရှိန်းရှိန်း အရသာခံစားရရင် menthol(ပရုတ်အေး) ပါဝင်တယ်လို့ ပြောနိုင်တယ်။ kappa opioid receptorပေါ်အာနိသင်ရှိလို့ အကိုက်အခဲကို သက်သာစေတယ်။ ဒါ့အပြင် ထုံစေတဲ့ အာနိသင် ရှိတာလည်းတွေ့ရတယ်။
၂၀၀၈ခုနှစ်က ရှူဆေးမှာ ပါဝင်တဲ့ mentholရဲ့ အာနိသင်သက်ရောက်မှု၊nasal mucosa temperature (နှာခေါင်း အတွင်းပိုင်း အပူချိန်ပြောင်းလဲမှု)နဲ့ nasal airflow(လေဝင်လေထွက်)နဲ့ ပတ်သက်လို့ လေ့လာမှုတခုပြုလုပ်ခဲ့တယ်။ အဖြေတွေထွက်လာတော့ menthol ကြောင့် အပူချိန်ပြောင်းလဲမှုနဲ့ လေဝင်လေထွက် ထူးခြားတိုးတက်မှုကို တိုက်ရိုက်မဖြစ်စေဘူးလို့ တွေ့ရတယ်။ သို့သော် အေးမြတဲ့ ခံစားမှု၊နှာခေါင်းပွင့်လာတယ်ဆိုတဲ့ ခံစားချက်ဟာ trigeminal cold receptorsကို သွားရောက်လှူံ့ဆော်မှုကြောင့် ဖြစ်တယ်လို့ ယုံကြည်ရတယ်။ 

ရှုဆေးရဲ့ အာနိသင်တွေကို လေ့လာကြည့်ရင် နှာခေါင်းအတွင်းပိုင်း မျက်နှာပြင်ကို အေးမြစေတယ်။ ပိတ်ဆို့နေတာတွေကို သက်သာလျှော့ပါးစေတယ်။ အသက်ရှူရလွယ်ကူစေတယ်။ ရှုဆေးကို 
-အအေးမိခြင်း၊
-နှာရည်ယိုနှာပိတ်ခြင်း၊
-နှာခေါင်းယားယံခြင်း၊
-ခေါင်းမူးခြင်း၊
-ခေါင်းကိုက်ခြင်း၊ 
-ကားမူးခြင်းစတဲ့နေရာတွေမှာ အသုံးပြုကြတယ်။ 

မြန်မာနိုင်ငံမှာရှိတဲ့ ရှူဆေးအများစုဟာ အိန္ဒိယနဲ့ ထိုင်းနိုင်ငံက ဝင်လာပါတယ်။ PAX inhaler,Poy-sian inhaler,jasmine inhaler,Vapex inhaler,Siang inhaler,Blank nasal inhaler စသည်ဖြင့် တံဆိပ်အမျိုးမျိုး ရှိတယ်။ 2 in 1 တို့၊two way nasal inhalerဆိုတာတွေလည်း ရှိသေးတယ်။ 2 in 1ဆိုတာ အပေါ်အဖုံးဖွင့် ရှူရှိုက်လို့ရသလို အောက်ဆင့်မှာ အရည်လိမ်းဆေးဗူးကိုပါ ထည့်သွင်းထားတယ်။ ရှုဆေးနဲ့ လိမ်းဆေးကို ဗူးတခုထဲမှာ အလွယ်သုံးနိုင်အောင် ပြုလုပ်ထားတယ်။ လိမ်းဖို့အတွက် Peppermint-menthol ဆီကို ထည့်သွင်းထားတယ်။ ညောင်းညာကိုက်ခဲတဲ့အခါ လိမ်းပေးနိုင်တယ်။ အင်းဆက်ပိုးမွှားတွေကြောင့် ဖြစ်တဲ့အခါ သုံးစွဲနိုင်တယ်။ 

အသုံးပြုပုံ
ရှူဆေးသုံးတဲ့အခါ နည်းလမ်းတကျသုံးရင် အာနိသင်ပိုကောင်းတယ်။ အရင်ဆုံး ရှူဆေးဗူးကို ပိတ်နေသော နှာခေါင်း တစ်ဖက်သို့ ထည့်ပါ။ အခြားတစ်ဖက်ကို ပိတ်ထားပေးပါ။ ထို့နောက် အသက်ပြင်းပြင်း ရှူ၍ လေကို ဖြည်းဖြည်းချင်း မှုတ်သွင်းပါ။ အခြား ပိတ်နေတဲ့ဖက်ကိုလည်း အလားတူ ပြုလုပ်ပေးပါ။ ရှုဆေးကို ၅မိနစ်တကြိမ် ရှူပေးနိုင်တယ်။ ညောင်းညာကိုက်ခဲတဲ့အခါ ဆေးရည်ကို အသုံးပြုပါ။ဆေးရည် ၃စက်မှ ၅စက် ထိချပြီး ပွတ်လိမ်းပေးသင့်တယ်။ ပိုးမွှားတွေကြောင့်ဖြစ်ရင် ဆေးရည် ၂စက်၊၃စက်လောက် အသုံးပြုပြီး လိမ်းပေးပါ။ စိမ့်ဝင်ပျံ့နှံ့မှု ကောင်းအောင် သေချာပွတ်လိမ်းပေးပါ။ 

ရှူဆေးဗူးအသုံးပြုတဲ့အခါ သတိပြုစရာတွေ ရှိသေးတယ်။ တခါဖွင့်ပြီးရင် လေလုံအောင်ပြန်ပိတ်သင့်တယ်။ ဆေးတစ်ဗူးကို လူတယောက်ထဲကပဲ အသုံးပြုသင့်တယ်။ တခြားတယောက်နဲ့ မျှဝေသုံးစွဲရင် ရောဂါပိုးပျံ့နှံ့နိုင်တယ်။ မှတ်မိလွယ်အောင် ရှုဆေးကို ကာလာစုံဗူးတွေနဲ့ ကွဲပြားအောင် ထုတ်လုပ်ပေးထားတယ်။

ဆေးပညာမှာ သဘာဝဆေးဖက်ဝင်အပင်ရဲ့ အဆီအနှစ်တွေနဲ့ကုသတာ၊ ရနံ့ပေးကုသတာကို aromatherapyလို့ခေါ်ပါတယ်။ ရှူဆေးဆိုတာလည်း aromatherapy(ရနံ့ကုထုံး)ထဲ ပါဝင်ပါတယ်။ မြန်မာလို လေဆေးလို့ နာမည်လှလှလေးပေးရင် ကောင်းမယ်။ ငယ်စဉ်က ဆေးကျောင်းတက်တော့မှာ တိုင်းရင်းဆေးပညာကို တီးမိခေါက်မိရုံ သင်ခဲ့ရဖူးပါတယ်။ ပထဝီ၊တေဇာ၊အာပေါ၊ဝါယောစတဲ့ ဓာတ်ကြီးလေးပါးရဲ့အရေးကြီးပုံကို သိခဲ့၊ဖတ်ခဲ့ရတယ်။ ဆရာဝန်ဖြစ်လာတော့ ဝါယောဓာတ်ရဲ့ အရေးကြီးပုံကို လက်တွေ့သိမြင်လာတယ်။ဆေးရုံမှာ တာဝန်ကျတော့ အသက်ရှုခက်၊မောပန်း၊ပြာနှမ်းနေတဲ့လူနာကိုလည်း အောက်စီဂျင်ပေးကုသရတယ်။ အသက်ကယ်ဖို့ အောက်စီဂျင်ဆိုတဲ့ လေကို သက်ကယ်ဆေးအဖြစ် သုံးစွဲခဲ့ရတယ်။ ဆေးခန်းရောက်တော့ လူနာတွေနဲ့ အလျဉ်းသင့်အောင်၊ပနံသင့်အောင် စကားစမည် ပြောဆိုရတယ်။ လူနာတွေကို ကျန်းမာရေးစကား ပြောရတယ်။ ဝါယောဓာတ်လွှတ်ရတယ်။ တနည်းပြောရရင် aerotherapy ခေါ်တဲ့ လေဆေးပေးတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်၊ နောက်ဆုံး ကောက်ချက်ချရရင် ရှူဆေးပေးတာပဲဖြစ်ဖြစ်၊လေဆေးပေးတာပဲဖြစ်ဖြစ် လူနာအတွက် အကျိုးရှိတာချည်းဖြစ်လို့ အသုံးပြုနိုင်ပါတယ်။

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၂၈.၄.၁၄)

No comments:

Post a Comment