Monday, February 9, 2015

Alcoliv(Metadoxine 500mg) အရက်ကြောင့် ခက်နေတဲ့အသည်း

Alcolivဆိုတာ အရက်သောက်ပြီးတဲ့အခါ အသည်းပျက်ဆီးမှုနည်းအောင် ကာကွယ်ပေးတဲ့ဆေးတမျိုး ဖြစ်ပါတယ်။  ဆေးရဲ့ အာနိသင်က အရက်မူးဝေခြင်းကိုလည်း လျင်မြန်စွာ သက်သာစေတာ တွေ့ရတယ်။အသည်းရောဂါအမျိုးမျိုးကို ကာကွယ်ကုသဖို့လည်း အသုံးပြုကြတယ်။ အသည်းအဆီဖုံးခြင်း၊အသည်းရောင်ခြင်းကို သက်သာစေတယ်။ ဒါ့ကြောင့် အသည်းအားဆေးတချို့မှာ Metadoxineကို ထည့်သွင်းလာကြပါတယ်။ ဒါတင်မက တခြားရောဂါတွေမှာ သုံးစွဲနိုင်ဖို့
ဆက်လက်လေ့လာနေဆဲ ဖြစ်ပါတယ်။ Alcolivကို အိန္ဒိယဆေးကုမ္ပဏီတခုဖြစ်တဲ့ SUN က ထုတ်လုပ်ပါတယ်။ Alcoliv ဆေးတလုံးမှာ Metadoxine 500mgပါဝင်ပါတယ်။ ဆေးတကဒ်မှာ ဆေးလုံး(၁၀)လုံး စီပါဝင်ပါပြီး ဆေးတဗူးမှာ ဆေးကဒ် ၅ကဒ် ရှိပါတယ်။

Metadoxineဆိုတာ pyridoxine-pyrrolidone carboxylate မော်လီကျူး တခု ဖြစ်ပါတယ်။ pyridoxineဆိုတာ ဗီတာမင် ဘီစစ်(B6)ဖြစ်ပြီး pyrrolidone carboxylateဆိုတာ အမိုင်နိုအက်ဆစ် ဖြစ်ပျက်ခြင်းမှာ ပါဝင်တယ်။ အထူးသဖြင့် Glutathione ဆိုတဲ့ အမိုင်နိုအက်ဆစ်ဖြစ်ပေါ်ဖို့ ပါဝင်ကူညီပေးတယ်။ တနည်းအားဖြင့် ဓာတ်တိုးဆန့်ကျင့်သတ္တိရှိသလို စွမ်းအင်ဖြစ်စေဖို့ ကူညီထောကိပံ့ပေးတယ်။ အရက်သောက်တတ်သူတွေမှာ ကုသဖို့လိုအပ်တဲ့အခါ Metadoxine ကို ထည့်ပေးကြတယ်။ အရက်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အသည်းအဆီဖုံးခြင်းကို လျှော့နည်းစေတယ်။ အရက်စွဲသူတွေမှာ ဘေးဥပါဒ်ဖြစ်စေမယ့် အဆိပ်အတောက်ကို ခန္ဓာကိုယ်မှ လျင်မြန်စွာ ဖယ်ရှားပေးမယ်။ အရက်နာကျတဲ့ လက္ခဏာတွေကို လျင်လျင်မြန်မြန် သက်သာစေတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အရက်မူးတဲ့ ဝေဒနာတွေ သက်သာလျှော့ပါးစေဖို့ Metadoxineကို အဓိက အသုံးပြုတတ်ကြပါတယ်။ အနောက်နိုင်ငံတွေမှာ သုံးစွဲဖို့လည်း လက်ခံထားပြီး ဖြစ်ပါတယ်။

အသုံးဝင်ပုံ
• အရက်မူးခြင်း
• အသည်းရောင်ခြင်း
• အသည်းအဆီဖုံးခြင်း
• အသည်းပျက်ဆီးခြင်း

ဆေးသောက်နည်း
အသည်းရောဂါအခြေအနေပေါ်မူတည်ပြီး သောက်ရမယ့် ဆေးပမာဏတွေ မတူညီကြဘူး။ hepatitis အသည်းရောင်တဲ့ အခြေအနေမှာ Alcoliv 500mg တနေ့ တကြိမ် ရေများများနဲ့သောက်ပေးသင့်တယ်။ fatty liver အသည်းအဆီဖုံးတဲ့အခါ Alcoliv 500mg တနေ့နှစ်ကြိမ် ရေများများနဲ့ သောက်ပါ။ တနေ့ကို 2000mg(၄လုံး)ထက် မပိုစေရပါ။ သတိပြုရမှာက မသောက်ခင် ကြိတ်ဝါးပြီး မျိုချတာ မလုပ်သင့်ဘူး။ အရက်သောက်ပြီးတဲ့အခါ Metadoxineကို သောက်ပေးနိုင်တယ်။ အရက်ဖြတ်တဲ့အခါမျိုးမှာပါ ထည့်သွင်းအသုံးပြုလာကြတယ်။ အသည်းရောဂါတွေမှာ လချီပြီး စွဲသောက်ရတာမျိုး ရှိနိုင်တယ်။ ဆေးပေးတဲ့ ကာလ၊ပမာဏကို ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာသောက်သုံးသင့်ပါတယ်။

ဘေးထွက်ဆိုးကျိုး
-အနီစက်ထွက်ခြင်း
-အင်ပြင်ထခြင်း
-ရင်ဘတ်အောင့်ခြင်း
-အသက်ရှူခက်ခြင်း
-အစာမျိုရခက်ခြင်း
-ဝမ်းလျှောခြင်း

တခြားနိုင်ငံမှာ ရနိုင်တဲ့ ဆေးနာမည်များ
-Abrixone (Eurodrug, Mexico)
-Alcotel (Il Yang, South Korea)
-Ganxin (Qidu Pharmaceutical, China)
-Xin Li De (Zhenyuan Pharm, China)
-Viboliv (Dr. Reddy's, India)
-Metadoxil (Russian Federation; Eurodrug, Colombia, Hungary; Eurodrug, Thailand; Micro HC, India)

အခုနောက်ပိုင်းမှာ အသည်းရောဂါအတွက် သာမက ADHD စိတ်ဂဏှာမငြိမ်ရောဂါ အာရုံစူးစိုက်မှုမရှိသူတွေ အတွက်ပါ ပေးလာကြပြီ ဖြစ်ပါတယ်။ ဒါ့ပြင် ဆေးရဲ့ အာနိသင်က မှတ်ဥာဏ်နဲ့ သင်ယူနိုင်စွမ်းကိုပါ တိုးတက်ကောင်းမွန်စေတာ တွေ့ရတယ်။ ဒါ့ကြောင့် Fragile X Syndrome ရောဂါအတွက်ပါ သင့်တော်ကောင်းမွန်တယ်လို့ ဆိုလာကြပါတယ်။ ဒီလိုရောဂါတွေမှာ ဆေးပေးတဲ့အခါ extended release pill ဖြည်းဖြည်းချင်းထွက်စေတဲ့ ဆေးမျိုးကိုပေးရတယ်။ တချို့ အသည်းအားဆေးတွေမှာ Metadoxineကို Silymarine နဲ့ ရောစပ်ထားတာမျိုးလည်း ရှိပါတယ်။ လောလောဆယ်အနေနဲ့ အရက်ကြောင့် ခက်နေတဲ့အသည်းကို ကာကွယ်ကုသဖို့ metadoxine ကို သုံးစွဲနိုင်ပါတယ်။ ဆီးချိုရောဂါနဲ့ metabolic syndrome ရောဂါတွေအတွက် အလားအလာရှိတဲ့ metadoxineရဲ့ အာနိသင်ကို  ဆက်လက်လေ့လာနေကြပြီ ဖြစ်ပါတယ်။

ဒေါက်တာ အေးမင်းထူး
၁.၆.၁၄

No comments:

Post a Comment