Tuesday, March 24, 2015

Exluton လေးဆယ်အရွယ် ကလေးတားမယ်

Exlutonဆိုတာ Mini pills(progestogen-only pills) ပရိုဂျက်စတိုဂျင် ဟော်မုန်းတမျိုးထဲပါတဲ့ တားဆေးကဒ်မျိုး ဖြစ်ပါတယ်။ progestogenဆိုတာ အမျိုးသမီးဟော်မုန်း progesteroneကို တုပထုတ်လုပ်ထားတဲ့ ဟော်မုန်းတမျိုးလည်း ဖြစ်တယ်။ exlutonထဲမှာ lynestrenol 0.5mg ပါဝင်တယ်။ lynestrenolဆိုတာက ခန္ဓာကိုယ်အတွက်active မဖြစ်သေးတဲ့ pro-drugဖြစ်တယ်။ 
ဆေးသောက်ပြီးတဲ့အခါ ခန္ဓာကိုယ်က lynestrenol(LYN)ကို norethisterone(NET)အဖြစ် ပြောင်းလဲပေးတယ်။ကလေးမရအောင် တားဆီးတဲ့နေရာမှာ  norethisteroneရဲ့ အာနိသင်ကအဓိကကျတယ်။ norethisterone(NET)က သားအိမ်နံရံမှာရှိတဲ့ progesterone receptorကို သွားပေါင်းတယ်။ ပြီးရင် ကိုယ်ဝန်မရအောင် တားဆီးပေးတယ်။ 

ဘယ်လိုတားဆီးပေးလဲ
၁။သားအိမ်ခေါင်းအကျွိအချွဲ များလာပြီး သုတ်မဝင်နိုင်အောင် တားဆီးတယ်။
၂။သားအိမ်အတွင်းသား ပါးလာပြီး အချင်းမတွယ်ကပ်နိုင်ဘူး။
၃။သားဥပြွန်ရဲ့ လှုပ်ရှားမှုအားနည်းစေတယ်။
၎။မျိုးဥမကြွေအောင် တားဆီးပေးတယ်။

ဆေးဘယ်လိုသောက်မလဲ
-ရာသီစပေါ်တဲ့ ပထမရက်ကစပြီး ဆေးသောက်ရတယ်။ ၂၈ရက်အတွက် ၂၈လုံး အပြည့်သောက်ရတယ်။ ဆေးတကဒ်ကုန်တာနဲ့ ရာသီသွေးကို မကြည့်ပဲ နောက်တကဒ်ဆက်သောက်ပါ။ ဆေးကို အချိန်မှန်ဂရုစိုက်ပြီး သောက်ပေးရတယ်။ ဆေးသောက်ချိန် ၃နာရီထက် ကျော်လို့မကောင်းဘူး။ ရာသီလာပြီး၂-၅ရက်အတွင်း သောက်ရင် အကာအကွယ်တခုခု(ကွန်ဒုံး)ကို တပတ်လောက် သုံးပေးရတယ်။ 

သတိပြုစရာ
-ဆေးမသောက်ခင် ရာသီနည်းတာ၊မလာတာ အရင်စစ်ဆေးပါ။
-ဆေးသောက်စမှာ ရာသီမမှန်ဖြစ်တတ်တယ်။
-၇၀ရာခိုင်နှုန်းဟာ မျိုးဥမကြွေကြဘူး။
-luteal stageမှာ progesterone တက်လာတာလည်း မရှိဘူး။

ဘေးထွက်ဆိုးကျိုး
-ရာသီတစက်စက်ဆင်းနိုင်တယ်။
-ဝိတ်နည်းနည်း တက်လာနိုင်တယ်။
-ပျို့ချင်၊အန်ချင်ရှိမယ်။
-ဝမ်းလျှောနိုင်တယ်။
-ရင်သားတင်းနိုင်တယ်၊နာနိုင်တယ်။
-စိတ်ဓာတ်ကျဆင်းမယ်။
-ခေါင်းကိုက်၊ခေါင်းမူးဖြစ်နိုင်တယ်။
-လင်မယားစိတ် လျှော့နည်းလာနိုင်တယ်။

ဟော်မုန်းပါဝင်တဲ့ ဆေးကဒ်ချင်းယှဉ်ရင် နှစ်မျိုးပါတားဆေးထက် ကောင်းတဲ့ အားသာချက်တွေ ရှိတယ်။

အားသာချက်
• COCထက် ဘေးထွက်ဆိုးကျိုး ပိုနည်းတယ်။
• အသက်အရွယ်မရွေးသောက်သုံးနိုင်တယ်(ဥပမာ အသက်၃၅အထက်)
• နို့တိုက်မိခင်တွေလည်း သောက်နိုင်တယ်။
• သွေးပေါင်ချိန်ကို မတက်စေဘူး။
• ဆေးလိပ်သောက်သူတွေနဲ့သင့်တော်တယ်။

အားနည်းချက်
• COCလောက် အာနိသင်မကောင်းဘူး။
• ဓမ္မတာကို ပြုပြင်လို့မရဘူး။
• သားအိမ်ပြင်ပ သန္ဓေတည်နိုင်တယ်။
• ဝိတ်များသူ(ကီလို ၇၀)အထက်မှာ အာနိသင်နည်းတယ်။
• အချိန်မှန်၊သတိတရ သောက်ပေးနေရမယ်။(၃နာရီအတွင်း)

တခြားတားဆေးတခုကနေပြောင်းသောက်မယ်ဆိုရင်
-ဒီနေ့ဆေးဖြတ်ရင် နောက်ရက်ကစပြီး ဆေးသောက်နိုင်တယ်။အကာအကွယ် ထပ်မံအသုံးပြုဖို့ မလိုအပ်ဘူး။
-ပထမသုံးလကိုယ်ဝန်ပျက်ကျပြီးရင် ဒီဆေးကို အချိန်မရွေးစသောက်နိုင်တယ်။ 
-ဒုတိယသုံးလမှာ ကိုယ်ဝန်ပျက်တဲ့အခါ တလလောက်ခြားပြီးမှ ဒီတားဆေးစသောက်သင့်တယ်။
-ကလေးမွေးပြီးသူတွေမှာ ၆ပတ်(၁လခွဲ)ကြာမှ ဆေးစသောက်သင့်တယ်။ 
-နို့တိုက်မိခင်တွေလည်း သောက်သုံးနိုင်တယ်။

ဆေးအာနိသင်ကျစေနိုင်တဲ့ အချက်(၃)ချက်
• ဆေးသောက်ဖို့မေ့လျှော့နေတာ
• တခြားဆေးတွေနဲ့ ရောသောက်တာ
• အစာအိမ်၊အူလမ်းကြောင်း စုပ်ယူမှုအားနည်းတာ

ဆေးမသောက်သင့်သူ
• အကြောင်းရင်းခံမရှိဘဲ မွေးလမ်းက သွေးသွန်ခြင်း
• သွေးကြောရောဂါအခံရှိသူ
• အသည်းအလုံးအကျိတ်ရှိသူ
• အသည်းမကောင်းတဲ့သူ
• ရင်သားကင်ဆာ မျိုးရိုးရှိသူ
• သားအိမ်ပြင်ပသန္ဓေတည်သူ
• သွေးကြောပိတ်ရောဂါ အခံရှိသူ

သိစရာအချက်များ
-ဆေးသောက်ဖို့မေ့နေရင် သတိရရချင်းသောက်လိုက်ပါ။ ကျန်တဲ့ဆေးကို ပုံမှန်အတိုင်းပဲသောက်ပေးရမယ်။
-သောက်ချိန်သုံးနာရီထက်ကျော်ရင် အကာအကွယ်နည်း(ကွန်ဒုံး)တပတ် သုံးရမယ်။
-သောက်ဆေးဖြစ်လို့ အူလမ်းကြောင်းပေါ် မူတည်တယ်။ဆေးသောက်ပြီး သုံးနာရီအတွင်းအန်ရင် အကာအကွယ်တခုခုကို တပတ်သုံးပေးရမယ်။
-တားဆေးကဒ်က လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေကို ကာကွယ်မပေးနိုင်ဘူး။
-မတော်တဆ ကိုယ်ဝန်ရှိပြီဆိုတာနဲ့ ဆေးသောက်တာ ချက်ချင်းရပ်ပစ်ရမယ်။ 
-တိရိစ္ဆာန်တွေကို progesteroneများများပေးပြီး လေ့လာတဲ့အခါ မိန်းကလေးဖြစ်ရင် ယောကျာင်္းဆန်တဲ့စရိုက်လက္ခမျိုး တွေ့ရတယ်။ 

ယူကေမှာ ရရှိနိုင်တဲ့နာမည်များMini-pills(POP)
• Aizea (desogestrel)
• Cerazette (desogestrel)
• Cerelle (desogestrel)
• Nacrez (desogestrel)
• Micronor (norethisterone)
• Noriday (norethisterone)
• Norgeston (levonorgestrel)
• Zelleta (desogestrel)

Exlutonကို အသက်(၄၀)ကျော် အရွယ် အမျိုးသမီးတွေ စိတ်ချစွာသုံးစွဲနိုင်ပါတယ်။အထူးသဖြင့် အသက်၃၅ကျော်သူတွေ တားဆေးကဒ်သောက်တဲ့အခါ ဟော်မုန်း(၂)မျိုးထက် ဟော်မုန်း(၁)မျိုးပါဝင်တဲ့တားဆေးမျိုး ဦးစားပေးသောက်ရပါတယ်။ နို့တိုက်မိခင် ၊အသက်၄၀အရွယ် အမျိုးသမီးတွေကို လေ့လာကြည့်တဲ့အခါ တနှစ်အတွင်း သုံးစွဲသူ လူတရာမှာ ကိုယ်ဝန်ရဖြစ်နိုင်ချေ ၃ယောက် ထက်နည်းပါးတယ်။ နည်းလမ်းတကျသုံးစွဲရင် ၉၉ရာခိုင်နှုန်းလောက် စိတ်ချရတယ်။ ဒါ့ကြောင့် အသက်ကြီးသူ အမျိုးသမီးတွေ တားဆေးရွေးချယ်တဲ့အခါ ဟော်မုန်းတမျိုးပါတားဆေးကိုသာ ရွေးချယ်သင့်ပါတယ်။ 

ဒေါက်တာ အေးမင်းထူး
၂၆.၅.၁၄

No comments:

Post a Comment