Tuesday, March 24, 2015

OrsL drink ဓာတ်ဆားဖျော်ရည် သောက်ကြမလား

OrsL drink ဆိုတာ လတ်တလောဝင်လာတဲ့ ဓာတ်ဆားအစားထိုးဖျော်ရည် ဖြစ်ပါတယ်။ ဓာတ်ဆားထုပ်ကို ဖျော်ဖို့မလိုအပ်အောင် ဖျော်ရည်ပုံစံအရသာနဲ့ လုပ်ထားတယ်။ ဓာတ်ဆားအရသာကို သစ်သီးအရသာနဲ့ အစားထိုးပြုလုပ်ထားတာပါ။ဖျော်ရည်တဗူးကို ၅၀၀လောက် ရှိမယ်။  ဖျော်ရည်တစ်ဗူးမှာ 200mlစီ ပါဝင်ကြတယ်။ ဗူးရဲ့ အပေါ်မှာ ထုတ်လုပ်တဲ့ ရက်စွဲတပ်ပေးထားတယ်။ဓာတ်ဆားဖျော်ရည်ရဲ့ အာနိသင်က တစ်နှစ်သာ ခံပါမယ်။ အိန္ဒိယနိုင်ငံ Jagdale ကုမ္ပဏီကထုတ်လုပ်ပြီး မြန်မာနိုင်ငံဈေးကွက်ထဲကို network marketingက ဖြန့်ဖြူးရောင်းချပေးတယ်။ 

OrsLဖျော်ရည်ကို မတူညီတဲ့ သစ်သီး အရသာသုံးမျိုးနဲ့ ထုတ်လုပ်ထားတယ်။ 
၁။ပန်းသီး(apple juice)
၂။ပန်းသီးစိမ်း(green apple juice)
၃။လိမ္မော်(orange juice)

တစ်ဗူးစီ(200ml)မှာ ဘာတွေပါဝင်လဲ။
Sodium chloride.        250mg
Potassium chloride.    300mg
Sodium citrate.           580mg
Dextrose.                     5.4mg
Carbohydrate               24mg

အာဟာရတန်ဖိုး(nutritional value per 100ml)
စွမ်းအင်(energy).                 48cal
ကစီဓာတ်(Carbohydrate).      12g
ဆိုဒီယမ်(Sodium).             117mg
ပိုတက်စီယမ်(potassium).     79mg
ကလိုရိုက်(chloride).           147mg
ဗီတာမင်စီ(vitamin C).          50mg

လိမ္မော်အရသာမှာ ထပ်ပါဝင်တာရှိသေးတယ်။ taurine 100mgနဲ့ magnesium sulphate 100mgတို့ ဖြစ်ကြတယ်။ ဒါ့ကြောင့် လိမ္မော်အရသာမှာ တော်ရင်းဓာတ်နဲ့ မဂ္ဂနီစီယမ်ဓာတ်တွေပါ အပိုပါဝင်လာတယ်။ ထပ်ပေါင်းအားဖြည့်ထားတာဖြစ်လို့ လိမ္မော်အရသာကို Orsl Plus လို့ ခေါ်ပါတယ်။ 

OrsL drinkမှာ ဓာတ်ဆားပါဝင်တာဖြစ်လို့ ဝမ်းလျှောသူတွေလည်း သောက်နိုင်တယ်လို့ ယူဆလို့ရတယ်။ 200ml သာ ပါဝင်တာဖြစ်လို့ ဓာတ်ဆားတစ်ဗူးစာ(1000ml) ဖြစ်အောင် (၅)ဗူးသောက်ရမလို ဖြစ်နေတယ်။ သာမန်ဓာတ်ဆားထုပ်ထက် သိသိသာသာနည်းနေတာက sodium chloride ဖြစ်ပါတယ်။ ဝမ်းလျှောလူနာတွေမှာ သွေးပေါင်တက်ဖို့ ဆိုဒီယမ်က အရေးပါတယ်။ ဖြစ်နိုင်တာက အချိုရည်ဖြစ်လို့၊ဒါမှမဟုတ် ဆိုဒီယမ် လွန်ကဲမှုမဖြစ်အောင် အငန်ဓာတ်ကို လျှော့ချင်တာလား မသိပါ။ ကလေးအတွက်ဆိုရင်တော့ ဆိုဒီယမ်လွန်ကဲတာ မကောင်းပါ။

သာမန်ဓာတ်ဆားတထုပ်(1000ml)ဆိုရင်-
Mild dehydration- 100ml/kg over 12hr
Moderate dehydration- 100ml/kg over 6hr
Severe diarrhoea - 15ml/kg/hr
နှုန်း နဲ့ ပေးရပါတယ်။ နို့တိုက်ကလေးဖြစ်ရင် ကြားထဲမှာ မိခင်နို့နိုင်နိုင် တိုက်ပေးပါ။ ဆိုဒီယမ်လွန်ကဲမှုမဖြစ်အောင် ရေများများတိုက်ပေးသင့်တယ်။

လက်တွေ့ကျကျပြောရရင် ဝမ်းလျှောတဲ့သူတွေက ထိန်းမနိုင်အောင် လျှောကြတာဖြစ်လို့ ဒီဓာတ်ဆားဗူး200ml လောက်နဲ့ အဆင်မပြေလှပါ။ ကြာရှည်ခံအောင် ထားတဲ့၊ထိန်းသိမ်းပစ္စည်းတွေ၊အရသာတွေပါဝင်တာ ဖြစ်လို့ acute severe diarrhoeaမှာ အဆင်မပြေနိုင်ပါ။ သာမန်ဓာတ်ဆားထုပ်ကသာ ပိုမိုသင့်တော်ပါမယ်။ ဒါပေမယ့် ဝမ်းလျှောပြီးစ နလံထလူနာတွေ၊ပါးစပ်ပျက်လူနာတွေ အားဖြည့်ဖို့အတွက် သင့်တော်ပါတယ်။ ချွေးထွက်များသူ၊မောပန်းနုံးချိသူတွေမှာလည်း တကယ့်ဓာတ်ဆားထုပ်လို အလုပ်ဖြစ်ပါတယ်။ တနေ့ကို ၃-၅ဗူးထိ အလွန်ဆုံး သောက်နိုင်ပါတယ်။ သမားရိုးကျ ဝမ်းပျက်တာလောက်ကိုတော့ ဒီဓာတ်ဆားဖျော်ရည်နဲ့ အဆင်ပြေကောင်း ပြေနိုင်ပါတယ်။ အခုလို အဆင့်သင့်ဖျော်ထားတဲ့ ready made အားဖြည့်ဓာတ်ဆားတွေ ဘယ်လောက်ပေါ်လာဦးမလဲ ဆက်လက်စောင့်ကြည့်ရပါဦးမယ်။ နောက်ဆုံးရ ဆေးဝါးများ၊နောက်ဆုံးပေါ်တင်သွင်းတဲ့ ဆေးအမည်တွေကို ဆေးဝါးကမ္ဘာဘလော့ခ်မှာ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါကြောင်း။

ဒေါက်တာ အေးမင်းထူး
၁၀.၅.၁၄

No comments:

Post a Comment