Sunday, February 15, 2015

Livolin ဖေ့စ်ဘွတ်ကမေး အသည်းအားဆေး

ဆရာ ကျွန်တော်က _ပါ။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဖေ့စ်ဘွခ်မှာ ဆေးသောက် သင့်သလားမေးခဲ့ဘူးပါတယ်။ ဆရာသိမလားမသိဘူး။ ကျွန်တော့်ဦးလေးက အသည်းရောင်နေလို့ livolinအသည်းအားဆေး သောက်သင့်လား လှမ်းမေးတဲ့တယောက်ပါ။ အကြောင်းမပြန်လို့မေးလ်ကနေ တဆင့် မေးရခြင်း ဖြစ်ပါတယ်။ဆေးသောက်သင့်သလား အကြောင်းပြန်ပေးပါဦးဆရာ



ဆောရီးပါ ကို_။ ကျွန်တော်မသိလိုက်လို့ ဖြစ်ပါမယ်။အမှန်ဝန်ခံရရင် Facebookကို ကျွန်တော်သိပ်ကြီးမသုံးဖြစ်ပါဘူး။ သုံးဖြစ်ရင်လည်း မိနစ်ပိုင်းလောက်ပဲ ဖြစ်ပါတယ်။ friend requestလောက်ပဲကြည့်ပြီး acceptလုပ်ပါတယ်။ကျန်တာတွေ သိပ်မကြည့်ဖြစ်ပါဘူး။ Facebook မှာ စားတာရယ်၊အိပ်ချင်တာတွေ၊ရည်းစားနဲ့ အဆင်မပြေတာတွေတင်တာများတော့ သိပ်မကြည့်ဖြစ်တာပါ။ ကိုယ်မျက်စိညောင်းရတာနဲ့သိပ်မတန်လို့ပါ။ နောက်တချက်က ကျန်းမာရေးနဲ့ပတ်သက်တာတွေ Facebookကနေ အမေးနည်းပါတယ်။ မေးလ်ကတဆင့်မေးတာက ပိုအဆင်ပြေပါတယ်။ တခါတရံ ဖေ့စ်ဘွတ်ကို သုံး၊လေးရက်နေမှ တခါလောက်ပဲ သုံးဖြစ်ပါတယ်။ ကိုယ်ရေးထားတဲ့ဆောင်းပါးတွေ ကြည့်စေချင်တဲ့အခါ ကြေငြာဝင်တာပေါ့။ ကြေငြာဝင်ပြီးရင် ပြန်ထွက်လိုက်တာ များပါတယ်။ အခုလဲ မသိလို့ပြန်မဖြေဖြစ်တာပါ။ မေးလ်အကောင့်နဲ့ ဖေ့စ်ဘွတ်အကောင့်ကို ခွဲထားပါတယ်။ 
မေးထားတာ ပြန်ဆက်ရရင် အသည်းရောင်တိုင်း ဆေးသောက်ရမှာလားဆိုတာ ပြောရခက်ပါတယ်။ အသည်းဘာ့ကြောင့်ရောင်တာလဲဆိုတာ အရေးကြီးပါတယ်။ အရက်ကြောင့်လား၊ဆေးကြောင့်လား၊ရောဂါပိုးကြောင့်လား။ တခုနဲ့တခုမတူပါဘူး။ နောက်တချက်က အသည်းရောင်တာ ဘယ်လောက်ကြာနေပြီလဲ။ သိနေတာကော ကြာပြီလား။ သိစေချင်တဲ့အချက်က အသည်းအားဆေးအများစုဟာ ဗီတာမင်ဓာတ်တွေ ပြန်ဖြည့်တဲ့သဘောပါ။ ဝယ်သောက်ရလွယ်အောင် နာမည်ပေးထားတဲ့သဘောပါ။ အများစုက ဗီတာမင်ဘီတွေ၊လက်စီသင်လိုဓာတ်တွေထည့်ပြီး အသည်းအားဆေးလုပ်ပစ်ကြတယ်။ အသည်းရောဂါမျိုးက အဖြစ်လည်းများတော့ ရောင်းအားလည်း ကောင်းတာပေါ့။ 
Livolin forte ထဲမှာ-
Phosphatidylcholine 300 mg, 
nicotinamide 30 mg, 
vitamin E 10 mg, 
vit B1 10 mg, 
vit B2 6 mg, 
vit B6 10 mg, 
vit B12 10 mcg  ပါဝင်ပါတယ်။ တခုချင်းကို အကျယ်မရှင်းတော့ပါဘူး။
ဆေးသောက်သင့်လားမေးရင် သောက်နိုင်ပါတယ်လို့ပဲ ဝိနည်းလွတ် ဖြေပါရစေ။ ဘာလို့လဲဆိုတော့ ဘယ်အသည်းအားဆေးကဖြင့် ဘယ်လောက်ကောင်းလဲ၊အကျိုးပြုနိုင်လည်း ယနေ့ချိန်ထိ သက်သေမပြနိုင်သေးလို့ပါ။ သောက်ချင်တဲ့စိတ်ရှိရင် သောက်လိုက်ပါ။ placebo ခေါ်တာပေါ့။ အာနိသင်ထက် ဆေးသောက်ထားတာပဲဆိုပြီး စိတ်ကျေနပ်မှုရသွားတာပေါ့။အကျိုးလုံးဝမရှိဘူးလို့လည်း မဟုတ်ပြန်ဘူး။ နည်းနည်းပါးပါးတော့ ရှိနိုင်ပါတယ်။ brandကို သိပ်တော့ အစွဲလမ်းမကြီးပါနဲ့။ ဘာလို့လဲဆိုတော့ mega ကုမ္ပဏီက ဆေးကို ဈေးကွက်ထိန်းထားတဲ့သဘောရှိတယ်။ တခါတရံဘာမှမဟုတ်ပဲ ပစ္စည်းပြတ်တယ်။ ဈေးကလည်း အဆမတန်တက်သွားတော့ သုံးစွဲသူအချို့ သိပ်အဆင်မပြေကြဘူး။ ပုံမှန်အားဖြင့် ဆေးတကဒ်ကို ၁၇၀၀၊၁၈၀၀ပဲ ရှိတယ်။ အဲဒီထက်များရင် ဝယ်မသောက်ပါနဲ့။ တခြားအသည်းအားဆေး ပြောင်းသောက်နိုင်ပါတယ်။ ကြုံရင် livolin အကြောင်း ဆောင်းပါးတစ်ပုဒ် ရေးပေးပါမယ်။

ဒေါက်တာအေးမင်းထူး
၂၈.၆.၁၃



ကျေးဇူးတင်ပါတယ်ဆရာ၊ ဦးလေးက အသည်းရောင်ဘီပိုးလည်း မရှိပါဘူး။သွေးစစ်ပြီးပါပြီ။အရက်က တခါတရံလောက်ပဲသောက်တာပါ အမြဲမသောက်ပါဘူး။ တရက်က ဓာတ်မှန်ရိုက်တော့ ဆရာဝန်က အသည်းနည်းနည်းရောင်တယ်ပြောလို့ပါ။ဦးလေးကအသည်းအားဆေးသောက်ချင်တယ်ဆိုလို့ တီဗွီမှာကြေငြာတဲ့ဆေးကို မေးကြည့်တာပါ အခုလိုပြည့်ပြည့်စုံစုံပြန်လည်ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဆရာစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့အများအကျိုးသယ်ပိုးနိုင်ပါစေ
ကို_

No comments:

Post a Comment