Monday, February 16, 2015

Premarin ဟော်မုန်းအစားထိုးခြင်း

ဆရာ သမီးအဒေါ်ကို နိုင်ငံခြားမှာဆရာဝန်နဲ့သွားပြတော့ premarin ဟော်မုန်းဆေး သောက်ခိုင်းပါတယ်။ အဲဒီကဆရာဝန်ကတော့ သုံးနှစ်လောက်သောက်ခိုင်းပါတယ်။ သမီးစိတ်ပူတာက ဟော်မုန်းဆေးဆိုတော့ ဆိုးကျိုးများရှိမလားလို့။ အခုလည်း အဒေါ်က ရင်သားနာပြီး ရာသီသွေးတစက်စက်ဆင်းနေပါတယ်။ ဒီလိုဆင်းတာလည်း နှစ်လလောက် ရှိပါပြီ။ အခု အဒေါ်က ဆေးဆက်သောက်ရမှာ ကြောက်နေလို့ ဘာဆက်လုပ်ရမလဲဆရာ။ ဒီဆေးကို ဆက်သောက်သင့်လားဆရာ။ ရပ်ထားရမှာလား။ တခုခု အကြောင်းပြန်ပေးပါဦးဆရာ။



premarinထဲမှာ conjugated estrogen ဆိုတာ ပါတယ်။ ပါဝင်တဲ့ အီစတိုဂျင်ပုံစံတွေက estrone (>50%), equilin (15-25%) နဲ့ equileninတို့ဖြစ်ကြတယ်။ "conjugated equine estrogens" (CEE) လို့လည်း ခေါ်တယ်။ အကုန်လုံးက သဘာဝကရတဲ့ အီစတိုဂျင်ဟော်မုန်းကို ပေါင်းထားတယ်။ Premarin သောက်ပြီးတာနဲ့ ဆေးမှာပါဝင်တဲ့ Estrone sulfateက အမျိုးသမီးတွေမှာ ထုတ်နေတဲ့ estradiol ဟော်မုန်း အဖြစ်ပြောင်းလဲသွားတယ်။ပုံမှန်အားဖြင့် အမျိုးသမီးရဲ့သားဥအိမ်ကနေ အီစတိုဂျင်ဟော်မုန်း ထုတ်ပေးနေတယ်။ ရာသီသွေးဆုံးပြီဆိုတာနဲ့ အီစတိုဂျင်နည်းလာတယ်။ သွေးဆုံးကိုင်လက္ခဏာ(မျက်နှရဲတာ၊ပူတာ၊ပျို့အန်ချင်၊ခေါင်းမူး၊စိတ်ထွေပြား၊အင်္ဂါစပ်ခြောက်သွေ့တာ)တွေ ဖြစ်လာတယ်။ ဒီလို မဖြစ်အောင် ဟော်မုန်းအစားထိုးဖို့ လိုအပ်ပါတယ်။ အင်္ဂလိပ်လို Hormone Replacement Therapy(HRT)လို့ ခေါ်ပါတယ်။ သွေးဆုံးပြီး အမျိုးသမီးတွေမှာ အရိုးကလည်း ပွပြီး ကြွတ်ဆတ်လာတယ်။ အရိုးကျိုးလွယ်လာတယ်။ ဒီလိုမဖြစ်အောင်လည်း အီစတိုဂျင် ဟော်မုန်းအစားထိုးပေးနိုင်တယ်။ ဒါ့ပြင် သွေးမဆုံးသေးသူတွေမှာ သားဥအိမ်ကြောင့် အီစတိုဂျင်အထွက်နည်းရင် ဟော်မုန်းအစားထိုးပေးပါတယ်။ 

Premarinသောက်ဆေးဟာ 0.3mg,0.625mgနဲ့ 1.25mgဆိုပြီး ပုံစံသုံးမျိုးနဲ့ ရှိတယ်။ အရောင်ကြည့်ပြီး ဆေးကို ခွဲခြားလို့ရတယ်။ အစိမ်းရောင်ဆေးဆိုရင် 0.3mgဖြစ်တယ်။ 0.625mgက နီညိုရောင်ရှိပြီး 1.25mgဆိုရင် အဝါရောင်ဖြစ်တယ်။
 ဒီတော့ ဆေးရောင်ကြည့်ပြီး ပြောလို့ရတယ်။ မေးထားတဲ့ထဲမှာ ဆေးပမာဏကို ထည့်ပေးမထားဘူး။ အင်္ဂါစပ်ခြောက်သွေ့ခြင်းအတွက် လိမ်းဆေး ပုံစံလာတာလည်း ရှိတယ်။

ဆေးညွှန်း
တခါသောက်တလုံး နေ့စဉ်အချိန်မှန်သောက်ပါ။ ဆေးသောက်ဖို့ ရာသီစက်ဝန်းနဲ့ တိုက်ဖို့လည်း မလိုအပ်ပါ။ ဆရာဝန်ညွှန်ကြားတဲ့အချိန် စသောက်လို့ရပါတယ်။ ပုံမှန်အားဖြင့် ဆေးကို ၅နှစ်လောက် သောက်ခိုင်းတယ်။ တချိုဆရာဝန်တွေက ဆေးကို ၂၁ရက်သောက်ခိုင်းပြီး ၇ရက်နားတတ်တယ်။ ဒါကတော့ ဆရာဝန်ရဲ့ သဘောဖြစ်တယ်။ လိုအပ်သလို သောက်ခိုင်းပါတယ်။ ဆေးသောက်နေစဉ် ပထမနှစ်မှာ ဆရာဝန်က ၃လတကြိမ်ပြန်ကြည့်သင့်တယ်။ ဘေးထွက်ဆိုးကျိုးအများစုဟာ တနှစ်အတွင်း ဖြစ်ကြတယ်။ ဒါ့ကြောင့် ဆေးပြောင်းတာ၊ဆေးအတိုးအလျှော့ လုပ်ပေးရတယ်။ဒုတိယနှစ်မှာ ၆လတကြိမ်ပြန်ကြည့်ပါ။ နောက်ပိုင်းနှစ်တွေမှာ တနှစ်တကြိမ် အနည်းဆုံးကြည့်ပေးသင့်တယ်။ ရာသီသွေးဆင်းမမှန်ရင် ဒါမှမဟုတ် သားအိမ်မထုတ်သေးသူမှာ progestogen ဟော်မုန်းကို ၁၄ရက်လောက် ထည့်ပေးသင့်တယ်။ ဆေးဖြတ်ပြီးရင် withdrawal bleeding လာလိမ့်မယ်။ ရာသီသွေးကို ဟော်မုန်းနဲ့ တိုက်ပြီး မှန်စေတယ်။ ကောင်းတဲ့အချက်က endometrial cancerဖြစ်နိုင်ချေ ပြန်နည်းသွားတယ်။ 

ဘေးထွက်ဆိုးကျိုး
• ရာသီသွေးတစက်စက်ဆင်းခြင်း
• ရာသီလာရင် နာကျင်ကိုက်ခဲခြင်း
• ရင်သားတင်းခြင်ာ
• အစာမကြေ ပျို့အန်ချင်ဖြစ်ခြင်း
• ခေါင်းတခြမ်းကိုက်ခြင်း
• စိတ်အာရုံပြောင်းလဲခြင်း
• ခြေလက် အကြောတက်ခြင်ာ
• ခြေထောက်ရောင်ခြင်း
• အမျိုးသမီးအင်္ဂါစပ် မှိုပိုးဝင်ခြင်း
• ထရိုင်ဂလစ်စရွိုက်အဆီများခြင်း

(ဆိုးကျိုးအများစုဟာ ရေတိုသာဖြစ်တယ်။ တဖြည်းဖြည်းနဲ့ သက်သာ ကောင်းမွန်လာတယ်။မေးထားတဲ့ထဲမှာ ရာသီတစက်စက်ဆင်းတာမျိုးက ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်တယ်။ တကယ်က သုံးလနေရင် ပေးထားတဲ့ဆရာဝန်က ပြန်ကြည့်ရတယ်။ဒါ့ကြောင့် လောလောဆယ်တော့ ဆေးမဖြတ်ဘဲ ဆက်သောက်ထားပါဦး။ )

အောက်ပါအချက်တွေရှိရင် ဆေးကို သတိထားသောက်သင့်တယ်။
-သွေးတိုးရောဂါ
-နှလုံးရောဂါ
-သွေးခဲပိတ်ရောဂါ
-အသည်းရောဂါ
-သည်းခြေအိတ်ရောဂါ
-ကျောက်ကပ်ရောဂါ
-endometriosisရောဂါ
-သိုင်းရွိုက်ရောဂါ
-အဝလွန်ရောဂါ
-အတက်ရောဂါ
-ရင်ကျပ်ပန်းနာရောဂါ
-SLEရောဂါ
-မိုက်ဂရိမ်းခေါင်းကိုက်ခြင်း
-လေဖြတ်ရောဂါမျိုးရိုးရှိသူတွေမှာ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး သောက်သင့်တယ်။ 

အထူးသတိပြုရမှာက Premarinကို ကိုယ်ဝန်ဆောင်နေစဉ် မပေးသင့်ဘူး။ နှလုံးရောဂါနဲ့ စိတ်ကစဉ့်ကလျားရောဂါမှာ ရှောင်ကြဉ်သင့်တယ်။ အသည်းကို ထိခိုက်နိုင်တယ်။မွေးလမ်းကြောင်း ပုံမမှန်သွေးဆင်းတာရှိရင် ဆရာဝန်နဲ့တိုင်ပင်ပါ။ ပုံမှန်အားဖြင့် အသက်(၁၈)နှစ်အောက်တွေမှာ မပေးသင့်ဘူး။ ကိုယ်ဝန်ဆောင်စဉ် ဆေးသောက်ရင် ကလေးကို ဆိုးရွားစွာထိခိုက်စေတယ်။ နို့တိုက်မိခင်မှာလည်း ဆေးမပေးသင့်ဘူး။ဆေးကြောင့် နို့ထွက်နည်းစေတယ်။ မိခင်နို့ထဲဆေးပါလာမယ်။ 

Premarin ဆေးကို ရေရှည်သုံးရင် နှလုံး၊လေဖြတ်၊သွေးကြောပိတ်၊ရင်သားကင်ဆာ၊သားအိမ်ကင်ဆာကို ပိုဖြစ်စေနိုင်တယ်။ အဝလွန်သူ၊ဆေးလိပ်သောက်သူတွေမှာ ပိုဖြစ်တာတွေ့ရတယ်။ blood clot သွေးခဲနိုင်ခြေ နှစ်ဆ တက်လာတယ်။ရင်သားကင်ဆာ မျိုးရိုးရှိသူတွေမှာ မပေးသင့်ဘူး။ဆေးသောက်နေစဉ် မိမိတို့ရင်သားကို လစဉ်စမ်းသပ်သင့်တယ်။ အလုံးအကျိတ်တွေ့ရင် ဆရာဝန်နဲ့ ချက်ချင်းပြသသင့်တယ်။ ဒါ့ပြင် ဆေးကြောင့် endometrial hyperplasia(သားအိမ်နံရံထူလာပြီး) သွေးဆင်းများတတ်တယ်။ ဒီအချက်ကို လျှော့နည်းအောင် progestogen ဟော်မုန်ုးကို ရက်တိုထည့်ပေးရတတ်တယ်။  သွေးမဆုံးသေးသူတွေမှာ ဆေးသောက်တဲ့အခါ တားနည်းတမျိုးမျိုး သုံးစွဲပေးသင့်တာ သတိချပ်ပါ။

ဒေါက်တာ အေးမင်းထူး
၃၀.၇.၁၄

No comments:

Post a Comment