Tuesday, March 24, 2015

Contraceptive patch တားဆေးကပ်ခွာ ပေါ်ပြူလာမဖြစ်

ဒီဖက်ခေတ်နောက်ပိုင်းမှာ တားဆေး၊တားနည်းအမျိုးမျိုး မရိုးရအောင် ပေါ်ပေါက်လာပါတယ်။ အရင်ခေတ်က သောက်ဆေး၊ထိုးဆေးနေရာမှာ လွယ်ကူတဲ့ ကပ်ခွာ၊လိမ်းဆေးဆိုတာတွေ ပေါ်ပေါက်လာတယ်။ တားဆေးနည်းအမျိုးမျိုး မရိုးရအောင် ပေါ်ပေါက်လာပေမယ့် လက်တွေ့သဘောတရားက ဟော်မုန်းကို အသုံးချတာပါဘဲ။  ဟော်မုန်းတမျိုး(သို့)နှစ်မျိုးကို အလျင်းသင့်သလို အသုံးပြုကြတယ်။ လေ့လာကြည့်ရင် တားဆေးကပ်ခွာ(contraceptive patch)မှာ ပါဝင်တာလည်း ဟော်မုန်းပဲဖြစ်ပါတယ်။birth control patch(သို့)transdermal patchလို့လည်း ခေါ်တယ်။ကပ်ခွာ(patch)မှာ progestogenနဲ့ estrogen ဟော်မုန်းတွေကို အသုံးပြုထားတယ်။ ဟော်မုန်း(၂)မျိုးပါတဲ့ တားဆေးကဒ်(COC)ကဒ်နဲ့ သဘောတရားချင်း အတူတူဘဲ။ ကွာသွားတာက သောက်စရာမလိုဘဲ အရေပြားပေါ်ကပ်ရ၊ခွာရတာလေးပဲ
ဖြစ်ပါတယ်။ COCတားဆေးကဒ်ထက် ပိုထူးခြားတာက estrogen ပမာဏ ပိုပါလာတယ်။ သမားရိုးကျ တားဆေးကဒ်မှာပါဝင်တဲ့ အီစတိုဂျင်ထက် ၆၀ရာခိုင်နှုန်း ပိုများတယ်။နောက်တချက်က patchကို တပတ်တခါ ခွာပြီးလဲပေးရတယ်။ နောက်မှ ပေါ်လာတာဖြစ်လို့ ဈေးလည်း ပိုကြီးသွားတယ်။ တလကို ဒေါ်လာ ၁၅မှ ၅၀ ထိ ကုန်ကျတယ်။ အသစ်ပေါ်တဲ့ဆေးတိုင်းဟာ ဈေးကြီးတာက ထုံးစံတခုပါ။ လိုချင်ပေမယ့် နေရာတိုင်းမရနိုင်ဘူး။ အထူးသဖြင့် မြန်မာနိုင်ငံလို ဖွံ့ဖြိုးဖို့ စလုံးရေစတဲ့နိုင်ငံမျိုးမှာ မရနိုင်သေးဘူး။ ဒါ့ကြောင့် လူသိနည်းရတာပါ။ အင်္ဂလန်မှာ ကိုယ်ဝန်ဆောင်အရွယ် အမျိုးသမီးတွေရဲ့ ၁-ရာခိုင်နှုန်းဟာ တားဆေးကပ်ခွာကို အသုံးပြုကြတယ်။ အသက်ငယ်ရွယ်သူတွေ အသုံးများကြတယ်။အင်္ဂလန်၊ကနေဒါမှာ Evra ဆိုတဲ့နာမည်၊အမေရိကားမှာ Ortho Evra နာမည်နဲ့ ရရှိနိုင်တယ်။ 

ကပ်ခွာတဗူးမှာ patch ၃-ခုစီ ပါဝင်လိမ့်မယ်။ တစ်ပတ် တစ်ခုစီ အပတ်စဉ် ကပ်ပြီး ၄ပတ်မြောက်မှာ ကပ်ဖို့မလိုအပ်ဘူး။ ဒါ့ကြောင့် ဆေးတစ်ဗူးဟာ တစ်လ(၄ပတ်)စာဖြစ်တယ်။ ကပ်ခွာpatchတခုစီမှာ Ethinylestradiol နဲ့ Norelgestromin ဆိုတဲ့ ဟော်မုန်းနှစ်မျိုးပါဝင်ပါတယ်။ Ortho Evra contraceptive patch မှာ 750 µg ethinyl estradiol (estrogen) နဲ့ 6000 µg norelgestromin (progestin) ပါဝင်တယ်။ Evra contraceptive patchမှာ 600 µg ethinyl estradiol နဲ့ 6000 µg norelgestromin ပါဝင်တာ တွေ့ရတယ်။ ကပ်ခွာ နှစ်မျိုးလုံးဟာ ဆေးအာနိသင်နည်းနည်းချင်းစီ ထွက်အောင် လုပ်ဆောင်ထားတယ်။ နေ့စဉ် ethinyl estradiol 20 µg၊ norelgestromin 150 µg ပမာဏလောက် သွေးကြောထဲရောက်နေအောင် စီစဉ်ထားတယ်။

Birth Control Patchရဲ့ အာနိသင်က COC pillsသောက်ဆေးနဲ့အတူတူပါပဲ။ နည်းလမ်းတကျသုံးရင် ၉၉ရာခိုင်နှုန်း စိတ်ချရတယ်။ 
တားဆေးကပ်ခွာ patch သဘောက-
၁။မျိုးဥမကြွေအောင်တားဆီးပေးတယ်။
၂။သားအိမ်ဝမှာ အကျိအချွဲများစေတယ်။သုတ်ကောင်(sperm)မဝင်ရောက်အောင် လုပ်ပေးတာဖြစ်တယ်။
၃။သားအိမ်အတွင်းနံရံကို ပါးလွှာစေတယ်။တနည်းအားဖြင့် သန္ဓေသားက ပါးတဲ့နံရံမှာ မတွယ်ကပ်နိုင်အောင် ကာကွယ်ပေးတယ်။

Birth control patchဆိုတာ သောက်ဆေး(အစာလမ်းကြောင်း)နေရာမှာ အရေပြားကို အသုံးချပြီး ဟော်မုန်းနည်းနည်းစီပေးတာဖြစ်တယ်။ အရွယ်အစား ၂-လက်မလောက်သာ ရှိတယ်။ ဝမ်းဗိုက်အောက်ပိုင်း၊ခန္ဓာကိုယ်အထက်ပိုင်း၊ကျောပြင်၊လက်မောင်း၊တင်ပါး စတဲ့နေရာတွေမှာ ကပ်ထားနိုင်တယ်။ ကပ်ခွာတခုရဲ့အာနိသင်က ၇ရက်(၁ပတ်)သာ ခံတယ်။ ၇ရက်ပြည့်ရင် နောက်ကပ်ခွာအသစ်တခုလဲပေးရမယ်။ ကိုယ်ကပ်တဲ့ရက်၊အချိန်အတိအကျ လဲပေးသင့်တယ်။ 

အသုံးပြုပုံ
ကပ်ခွာ Patch ကို အရေပြား မှာ ကပ်ပါ။ အကောင်းဆုံးက ချက်ရဲ့ဘေး၊အောက်ဖက် နှစ်လက်မအကွာမှာ ကပ်ပါ။ သားဥအိမ်ရှိတဲ့နေရာလောက်ကို ကပ်ပါ။ ဆေးတခါကပ်ရင် ၇ရက် ခံပါတယ်။ ၇ရက်ပြည့်ရင် နောက်အသစ်တခု လဲကပ်ပါ။ နေ့ရက်၊အချိန်မှန်ကပ်ရတယ်။ တပတ်တကြိမ်နဲ့ ၃ပတ် ကပ်ပေးရတယ်။ ပထမ၊ဒုတိယနဲ့ တတိယကပ်ခွာတွေကို အပတ်စဉ်သုံးပါ။ စတုတ္ထအပတ်ကို patch free period လို့ခေါ်ပါတယ်။ ကပ်ခွာသုံးစရာမလိုဘူး။ ဆေးကို မှတ်ရလွယ်အောင် ရာသီလာပြီး ပထမဆုံး တနင်္ဂနွေမှာ ကပ်ကြတယ်။ နောက်တနင်္ဂနွေဆိုရင် အသစ်လဲရမယ်။ ဒီလိုနဲ့ကိုယ်ဝန်မဆောင်မချင်း အပတ်စဉ် ကပ်ပေးသင့်တယ်။ 

ဆေးမကပ်ခင် သတိပြုစရာတွေ ရှိသေးတယ်။
ကပ်တဲ့နေရာက ခြောက်သွေ့သန့်ရှင်းပြီး ညီညာတဲ့အရေပြားပေါ်ကပ်ရတယ်။အမွှေးကင်းစင်တဲ့နေရာမှာ ကပ်ရတယ်။ ရင်သား၊နှလုံးတဲ့နီးတဲ့နေရာမှာ မကပ်သင့်ဘူး။ ပိုကပ်အောင်ဆိုပြီး ပလာစတာထပ်ကပ်တာမျိုးမလုပ်ရဘူး။ ရေချိုးနေရင်လည်း ကပ်ထားရမယ်။ လုံးဝမခွာရဘူး။ ကပ်ခွာက ရက်မပြည့်မှီကွာသွားရင် ပြန်ကပ်ကြည့်ပါ။ မရရင် နောက်အသစ်တခု ထပ်ကပ်ပါ။ တနင်္ဂနွေနေ့ရောက်ရင် ထုံးစံအတိုင်းလဲပြီးအသစ် ကပ်ပါ။ အကယ်၍ ကျွတ်တာ၊ကွာတာက ၂၄နာရီထက်ကျော်သွားရင် တားနည်းနောက်တမျိုး(ဥပမာ ကွန်ဒုံး)ကို အနည်းဆုံး တပတ်သုံးသင့်တယ်။ ရာသီထိန်တာ နှစ်လကျော်ရင် ကိုယ်ဝန်စစ်ကြည့်ပါ။ 

ဘေးထွက်ဆိုးကျိုး
ကိုယ်ဝန်တားဆေးကပ်နဲ့အတူတူပါဘဲ။ estrogenပိုမိုပါဝင်လို့ ဘေးထွက်ဆိုးကျိုးလည်း ပိုများနိုင်တယ်။
-ပျို့ချင်၊အန်ချင်ဖြစ်နိုင်တယ်
-ခေါင်းကိုက်၊ခေါင်းမူးဖြစ်တယ်
-ရင်သားတင်းမယ်
-ခေါင်းတခြမ်းကိုက်မယ်
-ဓမ္မတာသွေးတစက်စက်ယိုနိုင်တယ်
-တုပ်ကွေးဆန်ဆန် ခြေလက်ကိုက်ခဲတယ်
-ဝလာတယ်၊(ဝိတ်)တက်မယ်
(အချို့လက္ခဏာတွေဟာ ယာယီသာခံစားရတယ်)

အားသာချက်
-နေ့စဉ်ဆေးသောက်ဖို့မလိုဘူး(တပတ်တခါ လဲပြီး ကပ်နေယုံပဲဖြစ်ပါတယ်)
-ကပ်ခွာကိုမြင်နေရတော့ လဲဖို့သတိရနေတယ်
-အရေပြားမှာ အလွယ်ကပ်နိုင်လို့ မိမိဘာသာကပ်နိုင်တယ်
-သောက်ဆေးမဟုတ်လို့ ပျို့ချင်၊အန်ချင်အဖြစ်နည်းတယ်

အားနည်းချက်
-estrogen ပိုများလို့ ဘေးထွက်ဆိုးကျိုးပိုနိုင်တယ်
-အသက် ၃၅ကျော်ရင် သတိထားသင့်တယ်
-နှလုံးရောဂါ၊သွေးကြောပိတ်ရောဂါ ရှိသူတွေ မသုံးစွဲသင့်ဘူး
-အဝလွန်သူ(ပေါင် ၁၉၈အထက်)တွေမှာ အာနိသင်နည်းတယ်
-ဝိတ်တက်လာနိုင်တယ်
-ကိုယ်ဝန်ရှိမှန်းမသိဘဲ သုံးစွဲမိရင် ectopic pregnancy(သားအိမ်ပြင်ပ သန္ဓေတည်)နိုင်တယ်
-လိင်မှတဆင့်ကူးစက်ရောဂါတွေကို မကာကွယ်နိုင်ဘူး
-ကပ်ခွာဖြစ်လို့ အရေပြားက ကျွတ်ပြီး ကွာကျနိုင်တယ်

သတိပြုစရာ
-သွေးကြောကျဉ်း၊သွေးကြောပိတ်လက္ခဏာရှိသူတွေ မသုံးရဘူး။
-နှလုံး၊သွေးတိုး၊ဆီးချိုရှိရင် မသုံးသင့်ဘူး။
-သွေးပစ်သူတွေလဲ ရှောင်ကြဉ်သင့်တယ်။
-အချိန်ကြာမတ်တပ်ရပ်နေရသူ၊လေယာဉ်မယ်၊လေယာဉ်ခရီးကြာရှည်စီးရသူတွေ မသုံးစွဲသင့်ဘူး။
-ခွဲစိတ်မယ်ဆိုရင် ကြိုတင်ဖြတ်ထား၊ခွာထားရတယ်။
-ခေါင်းတခြမ်းကိုက်သူတွေမှာ ဝေဒနာပိုခံစားရတယ်။

ကပ်ခွာသုံးစွဲသူ အမျိုးသမီး (၃၃၃၀)ကို တစ်နှစ်ကြာလေ့လာမှုပြုလုပ်တဲ့အခါ ၁၂-ရာခိုင်နှုန်းဟာ ဘေးထွက်ဆိုးကျိုးကြောင့် ဆက်မသုံးဘဲ ရပ်ပစ်လိုက်တာ တွေ့ရတယ်။ တွေ့ရှိချက်တွေအရသုံးစွဲသူတွေရဲ့ ၂.၄ရာခိုင်နှုန်းဟာ ပျို့ချင်၊အန်ချင် ဖြစ်တယ်။ ၁.၉ရာခိုင်နှုန်းဟာ ကပ်တဲ့နေရာမှာ ဓာတ်မတဲ့တာရှိတယ်။ ၁.၉ရာခိုင်နှုန်းဟာ ရင်သားတင်းတာ၊နာကျင်တာရှိတယ်။ ခေါင်းကိုက်တာ ၁.၁ရာခိုင်နှုန်း၊စိတ်ပြောင်းလဲတာ ၁ရာခိုင်နှုန်း အသီးသီးရှိတယ်။ Ortho Evra / Evra patch ကပ်ခွာအသုံးပြုစဉ် အဖြစ်များဆုံး ဆိုးကျိုးတွေကို လေ့လာကြည့်ရင် ရင်သားတင်းနာ(၂၂%)၊ ခေါင်းကိုက်တာ(၂၁%)၊ ဓာတ်မတဲ့တာ(၁၇%)၊ပျို့ချင်အန်ချင်(၁၇%)၊ဗိုက်နာဗိုက်အောင့်(၁၀%)အသီးသီးရှိတယ်။
ဓမ္မတာကြားရက်အတွင်း သွေးတစက်စက်ဆင်းတာ ပထမလအတွင်း ၁၈ရာခိုင်နှုန်း၊တတိယလအတွင်း ၁၂ရာခိုင်နှုန်း၊ဆဌမလအတွင်း ၈ရာခိုင်နှုန်း အသီးသီးရှိတာ တွေ့ရတယ်။ ဘေးထွက်ဆိုးကျိုးအများစုဟာ သုံးလနောက်ပိုင်းမှာ သက်သာကြတယ်။ 

(၂၁)ရာစုကို ပြန်ကြည့်လိုက်ရင် ရှိနေတာတွေကို ဆန်းသထက် ဆန်းအောင် ၊လူစိတ်ဝင်စားအောင် လုပ်ကြကိုင်ကြတာများတယ်။ လွယ်ကူအောင်ဆိုတာရဲ့ နောက်မှာ ဘေးထွက်ဆိုးကျိုးဘယ်လောက်ရှိလဲ မသိရသေးဘူး။ ဆိုးကျိုးဆိုတဲ့နေရာမှာ ရေရှည်အကျိုးသက်ရောက်မှု ဘယ်လိုလဲ။ ပေါ်လာတာ ဆယ်စုနှစ်ပဲရှိသေးလို့ သုံးသပ်မှု၊လေ့လာမှုတွေ ဆက်လုပ်ဖို့ လိုအပ်နေသေးတယ်။ ဆေးတချို့ဟာ မြန်မာနိုင်ငံဈေးကွက်ထဲမရောက်သေးခင် တားမြစ်ပိတ်ပင်တာမျိုး ရှိတတ်တယ်။ လေ့လာမှုဆိုတာ သုံးစွဲသူတွေပေါ်အခြေခံရတာဖြစ်လို့ မြန်မာလူမျိုးများဟာ ဒီလိုဒုက္ခထဲက ကင်းဝေးကြတယ်။ အစမ်းသပ်ခံရသူအများစုဟာ နိုင်ငံရပ်ခြားတိုင်းပြည်မှာ နေရသူတွေဖြစ်ကြတယ်။ ဘေးထိုင် လေ့လာနေရတာကတော့ မြန်မာနိုင်ငံက ဆရာဝန်တွေဖြစ်ပါတယ်။ ထွက်လာသမျှ researchတွေကို အွန်လိုင်းပေါ်က စောင့်မျှော်နေရတာလည်း မြန်မာဆရာဝန်တွေရဲ့ တာဝန်ပဲမဟုတ်ပါလား။

ဒေါက်တာ အေးမင်းထူး
Health Care Journal(11.4.14)

No comments:

Post a Comment