Friday, March 20, 2015

ယားနာပျောက်ဆေး


ဒေါက်တာခင်ဗျား
နေ့စွဲ။ ၂၄၊၁၁၊၂၀၁၃ (တနင်္ဂနွေနေ့)
ကျွန်တော့တွင် ပူးတွဲပါ ဓာတ်ပုံထဲမှ အတိုင်းယားနာများ ပေါက်နေပါသဖြင့် မည်သို့ ကာကွယ်၍ မည်သည့်ဆေးဝါးများ မှီဝဲသင့်ကြောင်း ပြန်ကြားပေးပါခင်ဗျာ။ 
၆၊၁၁၊၂၀၁၃ နေ့ညနေပိုင်းတွင် ယားဖုလေးတစ်ဖု လက်ဖျံတွင် စပေါက်ပါသည်။ ၄ ရက်ကြာပြီး လက်ဖျံနေရာ ကျဲကျဲတွင် ထပ်ထွက်လာ၍ ဆရာဝန်နှင့် သွားတွေ့ပါသည်။ 
ဆရာဝန်မှ ပထမ chickenpox ဆိုပြီး 
CHLORPHENIRAMINE 4MG 10 TAB
(၁၀) လုံး ကို ညနေပိုင်းတစ်နေ့တစ်လုံးသောက်ခိုင်း၍
CETIRIZINE 10MG (၁၀) လုံး ကို မနက်ပိုင်း တစ်နေ့တစ်လုံး သောက်ခိုင်းပါသည်။ လိမ်းရန် ပန်းနုရောင် CALAMINE LOTION လည်း ပေးပါသည်။
(၁၀) ရက်ပြည့်၍ မပျောက်သောအခါ chickenpox မဟုတ်ဟုဆိုကာ CETIRIZINE 10MG ကိုသာ မနက်တိုင်း တစ်နေ့ တစ်လုံးသောက်ရန် ညွှန်ကြားပါသည်။ လိမ်းဆေးပန်းနုရောင် CALAMINE LOTION လည်းပေး၍လိမ်းရပါသည်။ ပျောက်ကင်းရန် ၆ ပတ်ခန့် အချိန်ယူရမည်ဟုလည်း ပြောပါသည်။ ယခုအခါ မသက်သာပဲ ပို၍ အနီစက်များ များလာပါသဖြင့် မည့်သို့ပြုလုပ်သင့်သည်ကို ပြန်ကြားအကြံဥာဏ် ပေးပါရန် လေးစားစွာ တောင်းခံအပ်ပါသည်။

ကို__



ဖြစ်တာကို ခွဲပြောရရင် နှစ်ပိုင်းရှိပါတယ်။ 
ပထမဆုံးစ ဖြစ်တာက မွေးကျွတ်နာ၊အနာစိမ်းဖြစ်ပါမယ်။လက်ဖျံ၊ရင်ဘတ်၊ကျောမှာ အဖြစ်များတယ်။ ပိုးသတ်ဆေးပေးမှသက်သာတယ်။ သတိထားရမှာက လုံးဝထိတာ၊ကိုင်တာ မလုပ်ရဘူး။ flumox တနေ့ သုံးကြိမ်သောက်ပါ။ အနာကျက်မြန်ချင်ရင် ရေနွေးဝတ်ကပ်ပါ။ အများစုဟာ တပတ်အတွင်း သက်သာကြတယ်။
နောက်ပုံက အောက်ပိုင်း(ပေါင်ခြံလား)ထင်ပါတယ်။ အနီစက်ဖုလေးတွေ အကွက်လိုက်ဖြစ်တာက မှိုပိုးကြောင့် ဖြစ်နိုင်တယ်။ မှိုကိုနိုင်တဲ့ လိမ်းဆေး၊သောက်ဆေး လိုအပ်ပါတယ်။ တကိုယ်ရေသန့်ရှင်းရေး အထူးဂရုစိုက်ပါ။ ကောင်းတာက itraconazole 100mg တနေ့၂ကြိမ်သောက်ပါ။ ပိုးသတ်ဆေးနဲ့ တနာရီလောက်ခြားသောက်ပါ။ လိမ်းဆေးထဲမှာ fungiderm(သို့)silkron(သို့)betacloge တမျိုးမျိုးလိမ်းပေးပါ။ တနေ့ ၃ကြိမ်လိမ်းသင့်တယ်။

အကြံပြုချက်
-flumox တနေ့ သုံးကြိမ်သောက်ပါ(တပတ်သောက်)
-ပြည်ဖုပေါက်သော လက်ဖျံ၊ကျောကို မထိရ၊မကိုင်ရ။
-အနီစက်ပေါက်သော နေရာကို betacloge(သို့)silkron တနေ့သုံးကြိမ်၊ အနည်းဆုံး နှစ်ပတ် လိမ်းပါ။
-မှိုသတ်ဆေး itraconazole 100mg တနေ့နှစ်ကြိမ်၊ ၁၀ရက် သောက်ပါ(flumoxနဲ့ တနာရီခြား သောက်ပါ)၊ 
-အနာကျက်မြန်ဖို့ antoxyl forte တနေ့ တလုံး သောက်ပါ။
-ရေများများသောက်၊ပင်လည်စာ ရှောင်ပါ။
-ယားတဲ့နေရာကို ကုတ်တာ၊ဖဲ့တာ လုံးဝရှောင်ကြဉ်ပါ။
-အများစုဟာ တပတ်အတွင်း သက်သာကြပါတယ်။ကံကောင်းပါစေ။

ဒေါက်တာ အေးမင်းထူး
၂၄.၁၁.၁၃



ဟုတ်ကဲ့ပါ ဒေါက်တာ 
ကျေးဇူးတင်ပါတယ်။
ကျွန်တော့ရဲ့ "အရေပြားတွင် အနီဖုများပေါက်ခြင်း" မေးလ်ကို ပြန်ပေးတဲ့အတွက်။ 

ကျွန်တော် ဒေါက်တာ ပြောတဲ့ ဆေးတွေကို ရှာပြီး ဒေါက်တာပြောတဲ့အတိုင်း လိုက်နာပါ့မယ်။

လေးစားစွာဖြင့်

ကို__

No comments:

Post a Comment