Sunday, February 15, 2015

Bioflor အရည်ဝမ်းတွေ သွားတဲ့အခါ

Bioflorဆိုတာ ပြင်သစ်ဆေးကုမ္ပဏီ biocodexက ထုတ်လုပ်ထားတဲ့ probiotic ဆေးတမျိုးဖြစ်တယ်။မြန်မာနိုင်ငံဈေးကွက်ထဲကို  DKSHက ဖြန့်ချိပေးတယ်။ probiotic ဆေးအမျိုးအစားထဲမှာ အသုံးများတဲ့ဆေးတစ်ခုဖြစ်သလို ဈေးလည်း မသေးလှဘူး။ တစ်ထုပ်ကို ၁၀၀၀ဝန်းကျင်လောက် ပေးရတယ်။ packing ထုပ်လုပ်ပုံလည်း အဆင့်မြင့်တယ်။ bioflorဆိုတဲ့အဓိပ္ပါယ်က bio-သက်ရှိ၊ flor-ဆိုတာ floraကို ဆိုလိုတဲ့သဘောမျိုးဖြစ်တယ်။ flora ဆိုတာ အစာအိမ် ၊အူလမ်းကြောင်း၊မွေးလမ်းကြောင်းမှာ ပုံမှန်ရှိနေတဲ့ သက်ရှိဇီဝပိုးမွှားတွေကို ခေါ်ပါတယ်။ လူ့ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အဏုဇီဝအကောင်ငယ်လေးတွေဆိုလည်း မမှားပါဘူး။ floraဆိုတဲ့နေရာမှာ bacteria၊ yeastစသည်ဖြင့် အမျိုးမျိုး ဖြစ်နိုင်တယ်။ 

bioflor ထဲမှာ ပါဝင်တာက yeast အမျိုးအစားဖြစ်တယ်။ saccharomyces boulardii ဆိုတဲ့ yeastအမျိုးအစား တမျိုး ထည့်ထားတယ်။ lyophilized အစိုဓာတ်ထုတ်ပြီး ကြာရှည်ခံတဲ့ ပုံစံမျိုးနဲ့ ထုတ်ထားတယ်။ freeze-dryer အေးခဲစေပြီး ဖိအားတတ်နိုင်သမျှလျှော့ချထားတဲ့ အပူထိန်းပုံစံမျိုးနဲ့ ထုတ်လုပ်ထားတယ်။ မြင်လွယ်အောင် ဥပမာပေးရရင် နောက်ပိုင်းလာတဲ့ ရေခဲချောင်းတွေကို ဒီလိုပဲ အထုပ်ထဲထည့်ပြီး ကြာရှည်ခံအောင်လုပ်လာကြတယ်။ ရေခဲသေတ္တာမလိုပဲ အေးခဲမှုကို ထိန်းပေးနိုင်တယ်။

Probiotic 
Probiotic ဆိုတဲ့ စကားလုံးဟာ ဆရာဝန်တွေအတွက် မထူးဆန်းပေမယ့် လူနာတွေအတွက် အစိမ်းသက်သက် ဖြစ်နေနိုင်တယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO ကတော့ လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးပေးတဲ့ သက်ရှိပိုးမွှားတွေလို့  အဓိပ္ပါယ်ဖွင့်ဆိုထားတယ်။ အူလမ်းကြောင်းမှာ  ရှိတာမျိုးကို normal gut floraလို့လည်း ခေါ်တယ်။အစာခြေအဖွဲ့အစည်းထဲမှာ ကောင်းကျိုးပြုတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုပိုး စတာတွေ ရှိကြတယ်။ ဝမ်းသွားတဲ့အခါ ဝမ်းမာတယ်ဆိုတာ သူတို့တွေရဲလုပ်ဆောင်မှုလည်း ပါဝင်တယ်။ ဝမ်းလျှောတဲ့အခါ ကောင်းကျိုးပြုတဲ့ပိုးမွှားတွေ အူကတဆင့် အပြင်ထွက်သွားတတ်တယ်။ ဝမ်းက တော်တော်နဲ့ ပြန်ကောင်းမလာတတ်ဘူး။ အဲလိုအခါမျိုးမှာ probiotic က အသုံးဝင်လာတယ်။ လျှော့နည်းသွားတဲ့ပိုးတွေ ပြန်ဖြည့်ပေးနိုင်တယ်။ တဖြည်းဖြည်း ဝမ်းမာလာပြီး ပုံမှန်အတိုင်း ဖြစ်လာတယ်။
Prebiotic ဆိုတာလည်း တစ်မျိုး ရှိသေးတယ်။ အူမှာ ပုံမှန်ရှိရမယ့် ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့၊ကြီးထွားဖို့ ကူညီပေးနိုင်တယ်။ probiotic နဲ့ prebiotic နှစ်မျိုးပေါင်းတာမျိုးကို synbiotic လို့ခေါ်ပါတယ်။

Yeast 
-yeast ကို တဆေးလို့ ဘာသာပြန်ကြတယ်။ cellတစ်မျိုးတည်းရှိတဲ့ မှိုအမျိုးအစားကို yeastလို့ခေါ်ပါတယ်။
-လက်ရှိအချိန်ထိ yeast အမျိုးအစားပေါင်း ၁၅၀၀လောက် တွေ့ရှိထားတယ်။
-အရွယ်အစားအားဖြင့် 3–4 µm လောက်သာရှိတယ်။ တချို့yeastတွေဟာ ပုံမှန်ထက် ၁၀ဆလောက် ရှိကြတယ်။
-yeastသဘောက ကာဗိုဟိုက်ဒရိတ်ကနေ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အရက်အဖြစ်ပြောင်းလဲပေးတယ်။
- အသီးတွေအချဉ်ဖောက်ပြီး အရက်ပြုလုပ်တာဟာ ဒီသဘောမျိုး ဖြစ်တယ်။
-ဝိုင်အမျိုးမျိုး၊ဘီယာ၊အရက်၊ဒိန်ချဉ်စတာတွေ ပြုလုပ်ရာမှာ yeast က အသုံးဝင်တယ်။ ဒိန်ချဉ်၊ပဲနို့စတာတွေမှာ ဒီဓာတ်တွေ ပါဝင်ကြတယ်။
-probiotic ထဲမှာ အသုံးများဆုံးyeastအမျိုးအစားက saccharomyces boulardii ဖြစ်ပါတယ်။

Saccharomyces boulardii
-S. boulardiiဆိုတာ normal gut flora တစ်မျိုးဖြစ်ပါတယ်။
-ပထမဆုံးသိရှိခဲ့တဲ့ yeastမျိုးစိတ် တခုလည်း ဖြစ်တယ်။ 
-တချို့က saccharomyces cerevisiae ရဲ့ အမျိုးအစားကွဲတစ်ခုလို့ သတ်မှတ်ကြတယ်။
-ထပ်ရှင်းရရင် saccharomyces ဆိုတာ မျိုးနွယ်စု အမည်ဖြစ်ပါတယ်။
-၁၉၂၃ခုနှစ်မှာ ပြင်သစ်ပညာရှင် Henri boulardဆိုသူက စတင်တွေ့ရှိခဲ့လို့ boulardii ဆိုတဲ့အမည် တွင်ခဲ့တယ်။
-"yeast မျိုးစိတ်အစ၊ အရှေ့တောင် အာရှက"လို့ ဆိုရင် မမှားလောက်ဘူး။
-အရှေ့တောင်အာရှနိုင်ငံတွေမှာ ကာလဝမ်းရောဂါသက်သာစေဖို့ မင်းဂွတ်၊လိုင်ချီး စတဲ့အသီးတွေ စားခဲ့ကြတယ်။
-သက်သာစေတဲ့အကြောင်းအရင်းကို လေ့လာကြည့်တဲ့အခါ yeastတစ်မျိုးကြောင့် ဖြစ်တာ စတင်သိရှိခဲ့တယ်။
-ဟင်နရီ ဘိုးလက်(Henri boulard)ဆိုသူက စတင်တွေရှိခဲ့လို့ saccharomyces boulardii လို့ သတ်မှတ်ခဲ့တယ်။ နောက်ပိုင်းလေ့လာမှုတွေကတဆင့် တခြားမျိုးစိတ်တွေ ဆက်လက်တွေ့ရှိခဲ့ကြတယ်။
-ပုံမှန်အားဖြင့် အပူချိန် အနည်းဆုံး ၃၇ ဒီဂရီ စင်တီဂရိတ် မှာ ပေါက်ဖွားတယ်။ အပူချိန် ၅၀ဒီဂရီကျော်ရင် ပျက်ဆီးနိုင်ပြန်တယ်။

S. boulardii ရဲ့ အာနိသင်
-yeastကထွက်လာတဲ့ protease ဓာတ်က Clostridium difficile ရဲ့toxin Aနဲ့ Bကို ဓာတ်ပြယ်စေတယ်။
-salmonella၊E.coliစတဲ့ ဘက်တီးရီးယားပိုးတွေက yeastမျက်နှာပြင်ကို တွယ်ကပ်စေတယ်။ ဝမ်းသွားတဲ့အခါ yeastနဲ့အတူ အပြင်ကို ထွက်သွားကြတယ်။
-ရောင်ရမ်းခြင်း ဖြစ်စေတဲ့ IL-8ကို တားမြစ်ပေးလို့ အူရောင်တဲ့ရောဂါတွေမှာ အသုံးပြုနိုင်တယ်။
-အူသိမ်လမ်းကြောင်းတစ်လျှောက် immunoglobulin Aကို များစေတယ်။ Ig Aဆိုတာ ပိုးမွှားတွေတိုက်ဖျက်ပေးတဲ့ အင်တီဘော်ဒီဓာတ်တမျိုး ဖြစ်ပါတယ်။
-အူလမ်းကြောင်းမှာရှိတဲ့ ဗီတာမင်ဘီတချို့ကို synthesis လုပ်ပေးနိုင်တယ်။ ဒါ့ကြောင့် တချို့က အစားအသောက်ပျက်သူတွေမှာ အသုံးချနိုင်တယ်လို့ ဆိုတယ်။

Bioflorနဲ့ ပုံစံနှစ်မျိုး
Bioflorမှာ ပုံစံနှစ်မျိုးနဲ့ လာတယ်။ capsule အတောင့်ပုံစံနဲ့ sachetအထုပ်ပုံစံ ဆိုပြီးရှိတယ်။ ပုံစံနှစ်မျိုးလုံးမှာ ပါဝင်တဲ့ mg တွေတော့ တူညီကြတယ်။ 
-bioflor capsuleတစ်တောင့်မှာ saccharomyces boulardii 250mg ပါဝင်ပါတယ်။ တစ်ပုလင်းမှာ ဆေးတောင့် ၁၀တောင့်သာ ပါဝင်တယ်။ အထုပ်ထက် ဈေးပိုချိုတယ်။ 
-bioflor sachetတစ်ထုပ်မှာ saccharomyces boulardii 250mgပဲ ထည့်သွင်းထားတယ်။ အမှုန့်ပုံစံမျိုးဖြစ်တယ်။တစ်ဗူးမှာ ဆေးထုပ်၁၀ထုပ် ပါဝင်တယ်။ ကလေးငယ်တွေအတွက် ပိုမိုသင့်တော်တယ်။ 

Bioflor ရဲ့ အသုံးဝင်ပုံ
-ဝမ်းပျက်ဝမ်းလျှောတဲ့အခါ(အထူးသဖြင့် ဗိုင်းရပ်စ်ကြောင့် အရည်ဝမ်းတွေ သွားတဲ့အခါ)မှာ အသုံးပြုနိုင်တယ်။
-တချို့က ပိုးသတ်ဆေးကြောင့် ဝမ်းသွားတဲ့အခါမျိုးမှာ floraပြန်ဖြည့်ဖို့ သုံးတတ်ကြတယ်။
-ခရီးသွားတဲ့အခါ ဝမ်းပျက်တတ်သူတွေ ကြိုတင်ကာကွယ်ဖို့ ပေးနိုင်တယ်။
-နို့တိုက်ကလေးငယ်တွေ ဝမ်းပျက်တဲ့အခါမျိုးမှာလည်း ပေးနိုင်တယ်။

သုံးစွဲနိုင်တယ်လို့ ယူဆထားတဲ့ ရောဂါအချို့
-UTIဆီးလမ်းကြောင်း ပိုးဝင်ခြင်း
-cold sore ပါးစပ်နာ
-Lyme disease လိုင်းမ် ရောဂါ
-IBS အူလမ်းကြောင်း လှုပ်ရှားမှုရောဂါ
-inflammatory bowel disease အူရောင်တဲ့ ရောဂါ
-lactose intolerance လက်တို့စ်ဓာတ် မတဲ့တဲ့ ရောဂါ
-infant eczemaကလေး နှင်းခူနာ
-Chronic acne နာတာရှည် ဝက်ခြံ
သီအိုရီအရ ဒီလိုရောဂါတွေမှာ သုံးစွဲနိုင်တယ် ခန့်မှန်းကြပေမယ့် ကျေနပ်ဖွယ်ရလာဒ်တွေ မတွေ့ရသေးဘူး။ လေ့လာမှုတွေ ဆက်လုပ်ဖို့ လိုအပ်သေးတယ်။

Bioflor ဆေးညွှန်း
ပုံမှန်အားဖြင့် တစ်ရက် 250-1000mg ပေးကြတယ်။ တနေ့ ၁-၄ထုပ်ထိ ပေးနိုင်တယ်။ ရောဂါတစ်ခုနဲ့ တစ်ခု ဆေးပေးပုံမတူညီကြဘူး။
-Acute diarrhoea ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် တခါသောက်ရင် တစ်ထုပ်၊ တစ်နေ့နှစ်ကြိမ် ၅ရက်ဆက်တိုက် ပေးရတယ်။
-antibiotic associated diarrhoea ပိုးသတ်ဆေးကြောင့် ဝမ်းပျက်တဲ့အခါ တခါသောက်၁-၂ထုပ် တစ်နေ့ နှစ်ကြိမ်မှ လေးကြိမ်ထိ သောက်နိုင်တယ်။
-clostridium difficile ပိုးကြောင့် မကြာခဏဝမ်းပျက်တတ်သူတွေ တခါသောက် ၂ထုပ် တနေ့ ၂ကြိမ်သောက်ပေးသင့်တယ်။ အနည်းဆုံး ၁လထိ သောက်ခိုင်းတယ်။ ပဋိဇီဝပိုးသတ်ဆေး တမျိုးမျိုးပါ ထည့်သောက် ပေးရတယ်။
-inflammatory bowel diseaseမှာ တစ်ထုပ် တနေ့သုံးကြိမ်သောက်ပေးသင့်တယ်။ လိုအပ်ရင် ၉ပတ်ထိ ဆက်သောက်ရတယ်။
-traveller's diarrhoea ခရီးသွား ဝမ်းပျက်တဲ့အခါ တစ်နေ့ တစ်ထုပ် သောက်ပေးနိုင်တယ်။ ကာကွယ်ဖို့အတွက်လည်း ကြိုတင်သောက်နိုင်တယ်။ ခရီးရှည်သွားတဲ့အခါမျိုးမှာ ၅ရက်လောက် ကြိုသောက်သင့်တယ်။
-infant diarrhoea မှာ ၃လအောက် ကလေးငယ်ဖြစ်ရင် ဝမ်းသွားတဲ့အခါ ဆေးထုပ်တစ်ဝက်ကို မနက်တစ်ကြိမ် ညနေတစ်ကြိမ် တိုက်ပေးနိုင်တယ်။၅ရက်ပေးဖို့ ညွှန်းတယ်။ နို့ဗူးကြောင့် ဝမ်းလျှောတဲ့ကလေးတွေလဲ ဒီလိုတိုက်ပေးနိုင်တယ်။
-AIDSလူနာတွေမှာ မကြာခဏဝမ်းပျက်တတ်သူတွေ သုံးစွဲနိုင်တယ်။ တခါတရံ maximum dose 3Gထိ လိုလာတတ်တယ်။ဆေးပေးတဲ့ အခါ တစ်ခါ သောက် ၄ထုပ် တစ်နေ့ သုံးကြိမ်(သို့) ၃ထုပ် လေးကြိမ် သောက်ခိုင်းတယ်။ သက်သာလာရင် ဆေးdose ပြန်လျှော့ပေးနိုင်တယ်။ နာတာရှည်ဖြစ်ရင် နှစ်ပတ်တစ်ခါ 1Gဆီ ဖြည်းဖြည်းချင်း လျှော့ချခိုင်းတယ်။
ပြင်သစ်နိုင်ငံ လေ့လာမှုတစ်ခုမှာ  ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှောလူနာတွေကို ပေးကြည့်တဲ့အခါ အကျိုးရှိတာ တွေ့ရတယ်။တစ်နေ့ ဝမ်းပမာဏ  ၆လီတာ(ရေသန့်ဗူး ၆ဗူး)လောက် သွားတဲ့ လူနာတွေကို ဆေးပေးကြည့်တဲ့အခါ ဆေးပေးပြီး ၂ရက်အတွင်း ဝမ်းပမာဏဟာ တစ်လီတာလောက်ထိ လျှော့ကျတာ တွေ့ရတယ်။ ၈ရက်အတွင်း ပုံမှန်ဝမ်းအတိုင်းဖြစ်ကြတယ်။ 

ဆေးထုပ်သောက်တဲ့အခါ
-အထုပ်ကို ဖောက်၍ ရေ(သို့)ဖျော်ရည်(သို့) အစားအသောက် တစ်ခုခုထဲ ထည့်ပါ။
-ထို့နောက် အနည်းငယ်မွှေ၍ သောက်သုံးနိုင်ပါသည်။
-ပါးစပ်ထဲ တိုက်ရိုက်ထည့်၍လည်း သောက်သုံးနိုင်သည်။
-ပူလွန်း၊အေးလွန်းတဲ့ အရည်(သို့) ဘီယာ၊အရက်နဲ့ တွဲမသောက်ရ။
-အစာနဲ့ နီးနီး ဝေးဝေး သောက်နိုင်ပါသည်။

ဘေးထွက်ဆိုးကျိုး
-လေထိုး၊လေပွတာ၊ရင်ပြည့်ရင်ကယ် အဖြစ်များတယ်။ ဆက်သုံးစွဲသွားရင် အများစုဟာ သက်သာကြတယ်။ 
-ဝမ်းချုပ်တာ၊ ရေငတ်တာ ရှိနိုင်တယ်။

တွဲမသောက်သင့်တဲ့ဆေး
-anti fungal မှိုပိုးသတ်ဆေး
-MAOI စိတ်ကျရောဂါဆေး
-herbalဆေးဖက်ဝင် တိုင်းရင်းဆေး

ဆေးမသောက်သင့်သူတွေ
ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်တွေ မသုံးစွဲသင့်ဘူး။ ခုခံအားအလွန်အမင်း ကျဆင်းသူတွေ မသုံးစွဲသင့်ဘူး။ fungemia ခေါ်တဲ့ မှိုပိုးတွေ သွေးကြောထဲ ပြန့်သွားတတ်တယ်။ အခန့်မသင့်ရင် သေဆုံးတတ်တယ်။ 

သတိပြုရန်အချက်များ
-၂ရက်အတွင်း တိုးတက်မှုမရှိတဲ့အခါ၊
-ဖျားတာ၊အန်တာ ဖြစ်လာတဲ့အခါ၊
-ဝမ်းထဲမှာ သွေး၊အကျိအချွဲပါလာတဲ့အခါ၊
အထက်ပါ အချက်တွေရှိရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသပါ။

အကြံပြုချက်
-အသက် ၁နှစ်အောက် ကလေးငယ်တွေ စိတ်ချလက်ချ သောက်သုံးနိုင်တယ်။
-အထူးသဖြင့် အရည်ဝမ်းသွားသူတွေ သောက်သုံးသင့်တယ်။
-ကလေးငယ်တွေမှာ ဆေးထုပ်ပုံစံက သောက်ရလွယ်ကူစေတယ်။
-လူကြီးဖြစ်ရင် ဆေးတောင့်ကို ပိုမိုသုံးစွဲတတ်ကြတယ်။
-ခုခံအားကျဆင်းမှု များသူတွေ မသောက်သုံးသင့်ဘူး။
-အမေရိကား FDAက အသိအမှတ်ပြုထားတဲ့ ဆေးမျိုးမဟုတ်ဘူး။
-ဆေးအချိန်အဆက လူနာအခြေအနေ၊ရောဂါအနေအထားပေါ် မူတည်ပြီး မတူညီနိုင်ဘူး။
-ဆေးဆိုင်တွေမှာ ကိုယ့်သဘောနဲ့ ဝယ်သောက်တာမျိုး အားမပေးချင်ဘူး။
-ရောဂါအခံ၊ဓာတ်မတဲ့တာ ထည့်သွင်းစဉ်းစားသင့်တယ်။
-မကြာခဏ ဝမ်းလျှောတတ်သူတွေ ကာကွယ်ဖို့ အသုံးပြုနိုင်တယ်။
-အကောင်းဆုံးက ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း သုံးစွဲဖို့ အကြံပေးပါရစေ။

ဒေါက်တာ အေးမင်းထူး
၁၆.၆.၁၃

1 comment: