Sunday, February 15, 2015

Alodise(Fish collagen,Aloe Vera gel) အလိုရှိတိုင်း နုပျိုစေရမည်

Alodiseဆိုတာ အသားအရည်ကို လှပချောမွေ့၊တင်းရင်းစေဖို့ ထုတ်လုပ်ထားတဲ့ သဘာဝဖြည့်စွက်ဆေး တမျိုးဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံ suheung Capsule ကုမ္ပဏီက ထုတ်လုပ်ဖြန့်ချီတယ်။ မြန်မာနိုင်ငံဈေးကွက်ထဲကို ဇီဇဝါ ကုမ္ပဏီက ဖြန့်ဖြူးရောင်းချပေးတယ်။ ဆေးတစ်ဗူးမှာ အစိမ်းရောင် capsuleတောင့် အလုံး၆၀ပါဝင်တယ်။ gelatin capsuleဖြစ်တာကြောင့် စုပ်ယူမှု မြန်ဆန်တယ်လို့ ဆိုနိုင်တယ်။ ဆေးတောင့်ထဲမှာ fish collagenငါးအကြေးခွံက ထုတ်ထားတဲ့ ပရိုတင်းဓာတ်တမျိုးနဲ့ Aloe Vera gelရှားစောင်းလက်ပတ် အဆီနှစ်ကို ပေါင်းစပ်ထားတယ်။ 

Collagen ကိုလာဂျင် ဆိုတာ ဘာလဲ။
Collagen ဆိုတာ ခန္ဓာကိုယ်ဖွဲ့စည်းမှုမှာ မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်း ဓာတ်တမျိုး ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ ပရိုတင်းစုစုပေါင်းရဲ့ ၃၀ရာခိုင်နှုန်းဟာ collagenဓာတ်တွေနဲ့ ဖွဲ့စည်းထားတယ်။အရေပြားရဲ့ ၇၀ရာခိုင်နှုန်းကို collagenဓာတ်တွေနဲ့ အဓိကတည်ဆောက်ထားတယ်။အရိုး၊အရိုးနု၊အကြော၊အဆစ်စတဲ့ တွယ်ဆက်တစ်ရှူးတွေမှာလည်း collagenရဲ့ အခန်းကဏ္ဍက မသေးလှဘူး။ အသားအရေမှာ collagenဓာတ်က အရေးပါလွန်းတယ်။

အသက်ကြီးလာတာနဲ့အမျှ collagenဓာတ်တွေဟာ တဖြည်းဖြည်းပျက်ဆီးလာတယ်။ ဒါတင်မကသေးပဲ ဆေးလိပ်သောက်ခြင်း၊အရက်သောက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ခရမ်းလွန်ရောင်ခြည်စတာတွေကလည်း အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်ပေါ်စေတယ်။ collagen တဖြည်းဖြည်း လျှော့နည်းလာတဲ့အခါ မျက်နှာမှာ အရေးအကြောင်းတွေ ထင်လာတယ်။ အသားအရေ တင်းရင်းမှု၊လှပမှု လျှော့ကျလာတယ်။ဒီလိုအခါမျိုးမှာ ဆုံးရှုံးသွားတဲ့ collagenဓာတ် ပြန်လည်ဖြည့်တင်းဖို့ အရေးကြီးလာတယ်။ Alodise က ဆုံးရှုံးသွားတဲ့ collagen ဓာတ်ကို အလျင်မြန်ဆုံး၊ အထိရောက်ဆုံး ပြန်လည်ဖြည့်တင်းပေးနိုင်တယ်လို့ ဆိုတယ်။

Alodise ထဲမှာ ပါဝင်တဲ့ collagen peptideဆိုတာ
-ပုံမှန်collagenထဲမှာ ရှိတဲ့ molecular weightသိပ်သည်းဆဟာ 300,00လောက်ရှိတယ်။အမိုင်နိုအက်ဆစ် အမျိုးပေါင်းတစ်ထောင်လောက်ကို ရစ်လိမ်ပြီး ဖွဲ့စည်းထားတယ်။molecular weightများရင် ကိုယ်ခန္ဓာက စုပ်ယူမှုအားနည်းတဲ့ သဘောရှိတယ်။
-collagenကို အပူပေးတဲ့အခါ collagen gelatinဆိုတဲ့ ပရိုတင်းဓာတ်တမျိုး ဖြစ်လာတယ်။ သာမန် collagenထက် molecular weightပိုနည်းသွားတယ်။ စုပ်ယူမှုပိုင်းမှာ ပိုမို အားကောင်းလာတယ်။
-collagen peptideဆိုတာ molecular weightသေးသထက် သေးအောင် ထပ်မံဖြိုခွဲထားတယ်။ ရေသွင်းဖြိုခွဲထားလို့ collagen hydrolysateလို့လည်း ခေါ်တယ်။ molecular weightက 5000အောက်ထိ ရောက်သွားသလို စုပ်ယူနိုင်စွမ်း အကောင်းဆုံးဖြစ်လာတယ်။အမိုင်နိုအက်ဆစ် အမျိုး ၂၀လောက် ပေါင်းစပ် ပါဝင်တယ်။

Collagen ဓာတ်က ဘာတွေ ကောင်းလဲ
-အသားအရည် ပြန်လည်ဖြည့်တင်းဖို့ ဒီဓာတ်က မရှိမဖြစ်လိုအပ်တယ်။
-အသားအရည်ရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်တယ်။
-လျှော့ရဲနေတဲ့ အသားအရေကို တင်းရင်းစေတယ်။
-မျက်နှာပြင်က အရေးအကြောင်းတွေကို လျှော့နည်းစေတယ်။
-ဝက်ခြံ၊တင်းတိပ်၊နှင်းခူ၊အမာရွတ်တွေ လျှော့ပါးသက်သာလာစေတယ်။
-ဆံပင်ကို နက်မှောင်စေသလို သန်မာစေတယ်။
-ခြေသည်း၊လက်သည်း လှပသန်စွမ်းလာမယ်

Collagen ရဲ့ တခြားကောင်းကျိုး
-အဆစ်အမြစ်ရောင်ခြင်းကို သက်သာစေတယ်။
-အရိုး၊အကြော၊အဆစ်အမြစ်ရောင်တဲ့ ရောဂါတွေမှာ အသုံးကျတယ်။
-အရိုးနုဖွဲ့စည်းမှုကို အားပေးတယ်။
-အရိုးပွရောဂါကို ကာကွယ်နိုင်တယ်။
-အားကစားသမားတွေ ထိခိုက်ဒဏ်ရာရတဲ့အခါ သက်သာမှုကို မြန်ဆန်စေတယ်။
-အလေးချိန်ကို လျှော့ချပေးနိုင်တယ်လို့ ဆိုသေးတယ်။ 
-မျက်စိရောဂါအချို့ကို ကြိုတင်ကာကွယ်ပေးတယ်။

Aloe Veraရှားစောင်လက်ပတ်ရဲ့ ကောင်းကျိုးတွေ
ရှားစောင်းလက်ပတ်ကို သဘာဝတရားက ပေးထားတဲ့ အလှလက်ဆောင်လို့ တင်စားခေါ်ဝေါ်ကြတယ်။ဒီလို ညွှန်းတာလည်း လွန်တယ်လို့တော့ မဆိုသာဘူး။ရောဂါတော်တော်များများမှာ အသုံးချနိုင်သလို အကျိုးဖြစ်ထွန်းတာ တွေ့ရတယ်။ သုံးစွဲနိုင်တဲ့ ရောဂါတွေလည်း မနည်းလှဘူး။ 
-အသားအရည် နူးညံ့ပြေပြစ်စေသလို အစိုဓာတ်ထိန်းပေးနိုင်တယ်။
-အမာရွတ်တွေကို ပျောက်ကင်းစေတယ်။
-မီးလောင်နာ၊ရေနွေးပူလောင်နာမှာ အသုံးပြုနိုင်တယ်။
-အနာကျက်တာ မြန်ဆန်စေတယ်။
-ခုခံအားတက်စေသလို အရောင်လျှော့ကျစေတဲ့ဂုဏ်သတ္တိလည်း ရှိတယ်။
-တချို့က ပိုးမွှားတွေ သေစေနိုင်တယ်လို့ ဆိုတယ်။
-အစာကြေသလို ဝမ်းမှန်စေတယ်။
-တိုင်းရင်းဆေးအဆိုအရ ဝမ်းမီးကို ငြိမ်းအေးစေတယ်။
-အသည်းမှာရှိတဲ့ အဆိပ်အတောက်ကို ပြေစေတယ်။
-ဗီတာမင် အေ၊စီ၊အီးပါဝင်တာကြောင့် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတယ်။
-ဗီတာမင်နဲ့ သတ္တုဓာတ်များစွာ ပါဝင်တယ်။

Alodiseသောက်ရင် ဘာတွေကောင်းလဲ။
၁။အသားအရေ စိုပြေဝင်းပပြီး တင်းရင်းစေတယ်။
၂။ဆံပင်ကို နက်မှောင် သန်စွမ်းစေတယ်။
၃။ခြေသည်း၊လက်သည်း လှပ သန်စွမ်းစေတယ်။
၎။အလေးချိန်ကျစေပြီး ကျစ်လစ်တဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်စေမယ်။

Alodise မှာပါဝင်တဲ့ collagen peptideဆိုတာ ငါးအကြေးခွံက ရရှိတဲ့ gelatin ဓာတ်ကို ပိုမိုကောင်းမွန်အောင် ထပ်မံသန့်စင်ထားလို့ စုပ်ယူမှု၊ပျံ့နှံ့မှု အလွန်မြန်ဆန်တယ်။တခြားတိရိစ္ဆာန်တွေက ထုတ်တဲ့ gelatinထက် ၁ဆခွဲလောက် အာနိသင်ပိုတယ်လို့ ဆိုတယ်။ငါးကရလို့  marine collagen လို့လည်း ခေါ်တယ်။ သူ့ရဲ့ molecular weightက 2000daltons လောက်သာရှိလို့ စုပ်ယူမှု၊ပျံ့နှံ့မှု အကောင်းဆုံးအခြေအနေ ရှိတယ်။ နောက်တချက်က ငါးကထုတ်လုပ်ထားပေမယ့် activated carbon filtering၊deaerationအဆင့်ဆင့်လုပ်ထားလို့ ညှီနံ့နံတာ၊အရသာဆိုးဝါးတာလဲ မရှိဘူး။
  
ဆေးကို ဘယ်အချိန်မှာ သောက်သင့်သလဲ။
ပုံမှန်အားဖြင့် ညအိပ်ရာမဝင်ခင် သောက်သုံးသင့်တယ်လို့ ဆိုတယ်။ အစာနဲ့ အနည်းဆုံး ၂နာရီခြားပြီး သောက်သင့်တယ်။ တခါသောက် တစ်လုံး မှ နှစ်လုံးထိ သောက်နိုင်တယ်။ မနက် တစ်လုံး၊ ညတစ်လုံးလဲ သောက်ပေးနိုင်တယ်။ ကျား၊မ မရွေးသောက်သုံးပေးနိုင်တယ်။ 

အကြံပြုချက် 
-တခုချင်းစီရဲ့ ကောင်းကျိုးတွေကတော့ အားရစရာ ကောင်းလှတယ်။
-ဖတ်ပြီးရင် ချက်ချင်းနုပျိုသွားသလို ခံစားရမယ် ထင်တယ်။
-သိစေချင်တဲ့အချက်က အလိုဒိုက်စ်ဟာ medicine ကုသတဲ့ဆေးမဟုတ်ပါ။
-အသားအရေအတွက် dietary supplement ဖြည့်စွက်ဆေးဝါး သဘောသာ ဖြစ်တယ်။
-ဘေးထွက်ဆိုးကျိုးတော့ နည်းတာအမှန်ပါ။
-တချို့ကောင်းကျိုးတွေဟာ လေ့လာမှုတွေဆက်လုပ်ဖို့ လိုအပ်နေသေးတယ်။
-အရိုး၊အဆစ်ရောင်၊အရိုးပွရောဂါ စတာတွေမှာ ကောင်းကျိုးရှိတာ မသေချာသေးသလို အလေးချိန်လျှော့ကျစေမယ်လို့လည်း မမှတ်ယူသင့်ဘူး။
-ကောင်းခြင်းငါးဖြာမက ပြည့်စုံစေတာလည်း နည်းနည်းလွန်မယ်။
-ညွှန်းသလောက် အကျိုးရှိမယ်ဆိုတာတော့ အာမမခံနိုင်ပါ။
-အသားအရေ လျှော့တိလျှော့ရဲဖြစ်တာ၊အရေးအကြောင်း ပေါ်တဲ့အခါ စမ်းကြည့်နိုင်ပါတယ်။
-ဈေးက သောင်းဂဏန်းရှိလို့ ကိုယ်ရမယ့် အကျိုးနဲ့တော့ ချိန်စေချင်တယ်။
-ကောင်း၊မကောင်းဆိုတာလဲ တဦးနဲ့ တဦး တူညီမှာ မဟုတ်ဘူး။
-အကျိုးအာနိသင်က ချက်ချင်းပြမယ်လို့တော့ မထင်ဘူး။
-အနည်းဆုံးနှစ်လ၊သုံးလ လောက်တော့ စွဲသောက်ရလိမ့်မယ် ထင်တယ်။
-ဆေးသောက်ပြီး အကျိုးမရှိဘူးထင်ရင် ဖြတ်ပစ်လိုက်ပါ။
-ကိုရီးယား FDAရဲ့ GMPလက်မှတ်ရထားတာကြောင့် ထုတ်လုပ်ပုံကောင်းမယ်လို့ ထင်မှတ်ရတယ်။

ဒေါက်တာ အေးမင်းထူး
၂၀.၅.၁၃

No comments:

Post a Comment