Friday, March 20, 2015

ဘိန်းပါတဲ့ဆေး သတိပေးပါရစေ

ဆရာ။ ကျွန်မ အဆစ်အမြစ်ကိုက်လို့  tramadol နဲ့ Vimmovo သောက်ရပါတယ်။ Tramadol က သောက်ရင် မူးနောက်နေတာ ထိုင်းမှိုင်းလေးလံတာတွေ ဖြစ်လာတယ်။ ကြာကြာသောက်ရင် စွဲတတ်တယ်လဲ ပြောတယ်။ ဆက်သောက်သင့်ပါသလားရှင့်။ ဘိန်းမပါတဲ့ ဘာဆေးတွေ သောက်နိုင်ပါသလဲ။
ညဆို ခြေထောက်တွေ တောင့်တင်းနေပြီး ထိုင်ရာက ထကာစဆိုလဲ  ခြေထောက်က သွေးမလျှောက်သလို လေးနေတတ်ပါတယ်။ ကြာရင် အဆစ်တွေ တောင့်သွားနိုင်လားဆရာ။ မဖြစ်အောင် ဘယ်လိုလုပ်ရမလဲရှင့်။ လေ့ကျင့်ခန်း ပြငးပြင်းတွေ မလုပ်သင့်ဘူးဆိုတာ ဟုတ်ပါသလား။
ဆရာဝန်က သွေးလေးဖက်နာဟု ပြောပါသည်။ အသက် ၄၃။ အိမ်ထောင်မရှိပါ။ ဘာတွေ ဆောင်ရရှောင်ရမလဲ ဖြေကြားပေးပါရှင့်



Tramadol ကို ဘိန်းကနေထုတ်ထားတယ်။ အကိုက်အခဲပျောက်ဖို့ သောက်ဆေး၊ထိုးဆေးလိုအပ်သလိုအသုံးပြုကြတယ်။ ဘိန်းရဲ့အာနိသင်ရှိတာမို့ ဆေးစွဲတတ်တယ်။ကြာလာရင် ဆေးကို ခံနိုင်ရည်ရှိလာတယ်။ မလိုအပ်ဘဲ ရေရှည်မသုံးစွဲသင့်တဲ့ဆေးလည်း ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာလည်း အလွယ်တကူဝယ်လို့ မရနိုင်ဘူး။ vimovo သောက်ဆေးက naproxen နဲ့ esomeprazole ပေါင်းစပ်ထားပါတယ်။ osteoarthritis အရိုးအဆစ်ရောင်ခြင်းအတွက် အကိုက်အခဲပျောက်ဆေးနဲ့ အစာအိမ်ဆေး ကို တွဲထုတ်ထားတာဖြစ်ပါတယ်။ အကိုက်အခဲပျောက်ဆေးကြောင့် အစာအိမ်ကိုမထိခိုက်အောင် ကာကွယ်ပေးတယ်။ ဆေးပေးတဲ့အခါ တတ်နိုင်သ၍ ဘိန်းပါတဲ့အကိုက်အခဲပျောက်ဆေးမျိုးမသုံးစွဲပါဘူး။ ပေးထားတဲ့ ဆရာဝန်ကို မေးကြည့်ပါ။  ဖြစ်နိုင်ရင် ဖြတ်ကြည့်ပါ။ နောက်ပိုင်းမှာ ဆေးမတိုးတော့တာမျိုး ဖြစ်နိုင်တယ်။

ဆေးအကြောင်းပြောပြီးရင် မေးတာကို ဖြေပါမယ်။ ခြေထောက်တွေ တောင့်တင်းနေတာ လှုပ်ရှားမှုနည်းလို့၊သွေးလျှောက်အားနည်းလို့ ဖြစ်နိုင်တယ်။ သွေးကြောနဲ့ဆိုင်သလို အကြောအဆစ် အာရုံကြောကြောင့် လည်း ဖြစ်နိုင်ပါတယ်။ လေးဖက်နာဆိုတာလည်း မမေ့သင့်ဘူး။ အထိုင်များလို့ သွေးကအောက်ပိုင်းကို စုပုံနေလို့လည်း ဖြစ်နိုင်သေးတယ်။
၁။အာရုံကြောဆေးသောက်ကြည့်ပါ(princi B forte သို့ reBe forte တနေ့ ၂ကြိမ်)
၂။လေးဖက်နာရှိရင် aspirinရဲ့ အာနိသင်က ပိုကောင်းတယ်။ (မနက် ၂လုံး၊ညနေ ၂လုံးလောက် သောက်ကြည့်ပါ၊ရေတိုသာပေးတယ်။အစာရှိမှသောက်ပါ)
၃။လမ်းလျှောက်နေစဉ် ခြေထောက်ကပ်တာ၊ထုံကျဉ်လာတာ ရှိပါသလား။ ရှိရင် citicoline လိုဆေးမျိုးလိုနိုင်တယ်။
၎။ကယ်လ်ဆီယမ်အားဆေး အကျိုးရှိပါတယ်။(calcium 250mg တနေ့ သုံးကြိမ်)
၅။omega 3တနေ့သုံးကြိမ်သောက်ကြည့်ပါ။
၆။ginkgoဆေးလည်း သွေးကြောအတွက် ကောင်းပါတယ်။ (40mg တနေ့ သုံးကြိမ်)
၇။ရှောင်စရာတွေက အေးတာတွေရှောင်၊ပူတာကို  ဆောင်သင့်တယ်။
၈။မောတာ၊မူးတာ၊နာတာ၊ပိုဆိုးလာတာမရှိရင် လေ့ကျင့်ခန်းလုပ်နိုင်ပါတယ်။
၉။ဆေးပြောင်းဖို့၊ဆေးဖြတ်ဖို့ဆိုရင် ဘေးကထိုင်ပြောနေတာထက် ဆေးပေးတဲ့ဆရာဝန်ကို သေချာမေးကြည့်ပါ။ ကျွန်တော်တို့ဆရာဝန်တွေမှာ တယောက်နဲ့ တယောက် အချင်းချင်းလေးစားရတဲ့အပိုင်းတွေ ရှိနေလို့ပါ။ အကြံလောက်သာပေးနိုင်တာမို့ ခွင့်လွှတ်ပေးပါလို့ တောင်းပန်ချင်ပါတယ်။ ကျန်းမာ၊ချမ်းသာပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

(လေးဖက်နာအတွက် ဆေးပညာဆောင်းပါးဘလော့ခ် drayeminhtoo.blogspot.com မှာ ဝင်ရောက်ဖတ်ရှူနိုင်ပါတယ်။)

ဒေါက်တာ အေးမင်းထူး
၁၀.၃.၁၄


ဆရာရှင့်

ယနေ့မှ အီးမေးဖွင့်ရလို့ စာကို ဖတ်ရပါသည်။ စေတနာထား၍ ဖြေကြားပေးတာအတွက် ကျေးဇူးတင်ပါသည်ရှင့်။
ဆရာပြောသလို tramadol ကို ဖြတ်ဖို့ ကြိုးစားပါမည်။ ဆရာညွှန်းသည့် ဆေးတွေလည်း သောက်ပါမည်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေဆရာ။
.....

No comments:

Post a Comment