Sunday, February 15, 2015

မြန်မာ့ ကျန်းမာရေးအဆင့်အတန်း

ဆရာ
ကျနော်အဖေက သွေးတိုးဆီးချိုနဲ့နှလုံးရောဂါအပြင် ဆီးကျောက်တည်တာလည်း ရှိပါတယ်။ တရက်ကိုဆေး၆မျိုးလောက်သောက်နေရပါတယ်။Coversyl 5 တကြိမ်,diamicron MR 30 နှစ်ကြိမ်,Furo Denk 40 မနက်တခြမ်း,cardimax SR တနေ့တလုံး,rowatinex တနေ့သုံးကြိမ်,nutrivita တနေ့တလုံး သောက်ရပါတယ်။အခု Aztor 10လည်း သောက်နေရပါတယ်။ကျနော်သိချင်တာက ဘယ်ဆေးကဘာအတွေက်သောက်ရသလဲဆိုတာပါ၊ဖြစ်နိုင်ရင် တခုချင်းဆီရှင်းပြပေးပါလားဆရာ။အထူးကုနဲ့ ပြတဲ့အခါ
ဆေးရေးပြီးပြန်လွတ်တာကြောင့်မမေးနိုင်ပါဘူး။ကောင်တာမှာမေးရင်လည်း ပြန်မဖြေဘဲငေါက်လွှတ်တာခံရပါတယ်။ဆရာ့အနေနဲ့မြန်မာနိုင်ငံကျန်းမာရေးစနစ်ကို ဘယ်လိုသုံးသပ်ချင်ပါလဲ။
ကျေးဇူးတင်ပါတယ်ဆရာ...


ထိပ်ဆုံးကမေးထားတာကိုမဖြေသေးပဲ ဆေးလောကအကြောင်းမေးတဲ့ နောက်ဆုံးမေးခွန်းကို အရင်ဆုံးဖြေပါရစေ။ ကျွန်တော်လည်းမြန်မာနိုင်ငံကဘွဲ့ရတဲ့ဆရာဝန်တယောက်ပါ။ ဒါပေမယ့်အမှန်ကို သုံးသပ်ရရင် မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်ကို စိတ်တိုင်းမကျဖြစ်ရပါတယ်။ ဆေးရုံ၊ဆေးခန်းတွေမှာ ဒီလိုပြဿနာတွေဖြစ်နေတာ ကျွန်တော်တို့မမွေးခင်ကတည်းကပါ။ ပြောရရင် မဆလခေတ်ကတည်းက ဒီလိုပြဿနာတွေ အနည်းငယ် ရှိခဲ့တယ်လို့ ကြားဖူးပါတယ်။ ၈၈နောက်ပိုင်း နဝတအစိုးရကနေ နအဖအစိုးရလက်ထက်မှာ ပိုမိုဆိုးရွားလာခဲ့တယ်။ ပုဂ္ဂလိကဆေးရုံဆိုတာတွေလည်း နအဖအစိုးရလက်ထက်မှ ပိုများလာခဲ့တာကိုး။ဆေးရုံ၊ဆေးခန်းတွေရဲ့ ဆက်ဆံရေးသာမက ဆရာဝန်တွေရဲ့ အရည်အချင်းတွေကိုပါ မေးခွန်းထုတ်ခဲ့ကြတယ်။ မှန်သင့်သလောက်လည်း မှန်ပါတယ်။ ဒီထဲမှာ မီးလောင်ရာလေပင့် ပိုဆိုးလာတာက ဆေးရုံဝန်ထမ်းတွေရဲ့ ပြောဆိုဆက်ဆံပုံတွေပါ။ ပိုက်ဆံကုန်တဲ့အပြင် ဆက်ဆံပုံတွေ၊ဘေးပေါက်ကနေ ရအောင်ယူတဲ့ပုံစံတွေက ပိုပြောစရာဖြစ်လာတယ်။ ရေဒီယိုသတင်းဌာနတွေအတွက်တော့ သတင်းပေါ့။ ဆေးလောကနယ်ပယ်မှာတော့ အတင်းတဲ့။ ပြုပြင်စရာတွေပြင်နိုင်မှ တိုင်းပြည်တိုးတက်မှာဖြစ်လို့ ပြင်စရာတွေလို့ပဲ မှတ်ယူပေးပါ။ နှစ်၂၀ကျော်လောက် သည်းခံခဲ့ရတာဖြစ်လို့ ခန္ဓီပါရမီရင့်ကျက်နေပြီလို့ပဲ ယူဆပါ့မယ်။
လူ့သဘောက အောင်မြင်သူတွေကိုပဲ ချဉ်းကပ်ချင်တာ သဘာဝပါ။ ဒါ့ကြောင့် အထူးကုတွေမှာ လူနာတွေများသလို ပိုပင်ပန်းရတယ်။ အောင်မြင်မှုနောက်မှာ တဆက်တည်း ကပ်လိုက်လာတာက ပင်ပန်းမှုနဲ့ အချိန်နည်းပါးမှုပါ။ အဲဒီနောက်မှာမှ ပိုက်ဆံဆိုတာရှိပါတယ်။ ကုန်ပစ္စည်းသဘောပြောရရင် ဈေးကွက်မှာ ဝယ်လိုအားနဲ့ရောင်းလိုအားမမျှတဲ့အခါ ဒီလိုပဲဖြစ်တတ်ပါတယ်။ဒါ့ကြောင့်သူတို့ကိုချည်းအပြစ်မမြင်ပါနဲ့တော့။ အချိန်မပေးနိုင်ရင် အချိန်ပေးနိုင်တဲ့သူတွေကို သိချင်တာ မေးနိုင်ပါတယ်။ 

၁။Coversyl 5ဆိုတာ သွေးကျဆေးပါ။ peridopril arginine 5mgပါဝင်ပါတယ်။ တဗူးမှာ အလုံး၃၀ပါဝင်တယ်။ တကြိမ်(သို့)၂ကြိမ်သောက်ရတယ်။
၂။diamicron MR 30ဆိုတာ ဆီးချိုကျဆေးဖြစ်ပါတယ်။  gliclazide 30mgပါဝင်ပါတယ်။ MRဆိုတာ modified release ဆေးကိုနည်းနည်းချင်းထွက်စေတယ်။ ဆေးတကဒ်မှာအလုံး၃၀ပါဝင်တယ်။ အောက်လိုင်းကလာတဲ့ဆေးလည်း ရှိသေးတယ်။ဈေးကထက်ဝက်မကကွာမယ်။ သိသူတွေက ဆေးကဒ်အရောင်ကွာခြားတယ်လို့ ပြောတယ်။
၃။furodenk က ဆီးဆေးပါ။ furosemide 40mg ပါဝင်တယ်။ အများစုဟာ ဆီးသွားဖို့ မနက်တခြမ်းသောက်ပေးရတယ်။ အဆုတ်မှာ ရေအောင်းတာ၊မောတာမျိုးကို သက်သာစေတယ်။
၎။cardimax SRက နှလုံးဆေးဖြစ်ပါတယ်။ trimetazidine 60mgပါဝင်ပါတယ်။ sustained releaseနည်းနည်းချင်းထွက်စေဖို့ ထိန်းချုပ်ထားတယ်။ သတိထားရမှာက မချိုးရဘူး။ အာနိသင်ပြယ်တတ်တယ်။
၅။rowatinex ဆိုတာ herbalကထုတ်ထားတဲ့ ဆီးကျောက်ကျဆေးဖြစ်ပါတယ်။ ဆီးသွားစေသလို ဆီးလမ်းကြောင်းကို ပွင့်စေတယ်။ရောင်ရမ်းခြင်း လျှော့နည်းစေတယ်။ဆေးကြောင့် ပိတ်နေတဲ့ကျောက်က ဆီးနဲ့အတူပါသွားနိုင်တယ်။
၆။nutrivitaက အားဆေးတမျိုးပါ။အသက်ကြီးသူတွေကို ပေးတတ်တယ်။
၇။နောက်ဆုံးပေးထားတဲ့ aztor 10က အဆီကျဆေးပါ။ atorvastatin 10mg ပါဝင်တယ်။ သွေးတွင်းအဆီများတဲ့အခါမျိုးမှာ ပေးတတ်တယ်။ နှလုံး၊လေဖြတ်ခြင်းကို ကာကွယ်နိုင်တယ်။ ညဖက်ပိုင်းကို သောက်ပေးရတယ်။ 
အသက်ကြီးတဲ့အခါ အနည်းနဲ့အများဆေးတွေသောက်ရတာ သဘာဝပါ။ ဆရာဝန်နဲ့ပြနေတာလည်း ကောင်းတဲ့အချက်ပါ။ ပိုကောင်းတဲ့အချက်က သည်းခံစိတ်မွေးရတာပေါ့။ ဆရာဝန်စောင့်ရတာကော၊မတူမတန် ဆက်ဆံခံရတာကောပေါ့။ သည်းခံစိတ်က အရာရာကိုအောင်နိုင်သတဲ့။ နှစ်၂၀ကျော်လောက် သည်းခံလာတာဖြစ်လို့ သိပ်မကြာခင် အောင်မြင်တော့မှာပါ။ ကမ္ဘာမှာ မြန်မာပြည်လောက် သည်းခံစိတ်ပြည့်ဝတာ မရှိသေးဘူးမလား။ ကျန်တာတော့ ပိတ်ကားပေါ်မှာ ဆက်လက်စောင့်ကြည့်ကြတာပေါ့ဗျာ။

ဒေါက်တာ အေးမင်းထူး
၁၂.၁၀.၁၃

No comments:

Post a Comment