Friday, March 20, 2015

Rifampicin တီဘီဆေး

Rifampicinရဲ့ အသုံးဝင်ပုံ/ဆိုးကျိုးတွေကို ဖော်ပြပေးပါ ဆရာ....

Rifampicinဟာ ဆေးတောင့်၊ဆေးရည်နဲ့ အကြောထဲသွင်းတဲ့ ဆေးပုံစံ အမျိုးမျိုးလာတယ်။ Rifampin လို့လည်း ခေါ်ပါတယ်။ အတိုကောက် R, RMP, RA, RF, RIF (US)ဆိုပြီးသုံးနှုန်းတယ်။ ဆေးစာအတိုကောက်တွေကို ဆေးကျောင်းမှာ သင်ရတော့ R လို့ အတိုကောက်သုံးတယ်။ တီဘီဆေးလို့ အများက သိကြတယ်။ အမှန်က အနာကြီးရောဂါမှာလည်း အသုံးဝင်တယ်။ ဦးနှောက်အမြှေးရောင်၊နှလုံးရောဂါ အချို့မှာလည်း သုံးသေးတယ်။နောက်ပိုင်းမှာ  cholestatic pruritusအတွက်လည်း သုံးလာတယ်။ ၁၉၅၉မှာ စတင်တွေ့ရှိခဲ့ပြီး ၁၉၆၇မှာ စတင်သုံးစွဲခဲ့တယ်။ 

အဓိကအချက်ကိုပြောရရင် ဘက်တီးရီးယားရောဂါပိုးကို နှိမ်နင်းတဲ့ဆေးဖြစ်ပါတယ်။ ဖြစ်စဉ်ကိုပြောရရင် ဘက်တီးရီးယား အင်ဇိုင်းတမျိုး ဖြစ်တဲ့ RNA-polymeraseကို တားမြစ်ပါတယ်။ ဒီအင်ဇိုင်းမရှိရင် ဘက်တီးရီးယားတွေ မပွားများနိုင်ဘဲ သေဆုံးသွားတယ်။ Mycobacterium ကြောင့် ဖြစ်တဲ့ရောဂါတွေမှာ အဓိကအသုံးပြုတယ်။ Listeria species, Neisseria gonorrhoeae, Haemophilus influenzae,Legionella pneumophila စတဲ့ပိုးတွေအတွက် သုံးနိုင်သေးတယ်။ Neisseria meningitidis ပိုးကို ကာကွယ်ရာမှာ သုံးတယ်။ methicillin-resistant Staphylococcus aureus (MRSA)ကုသရာမှာလည်း အသုံးပြုနိုင်တယ်။ တီဘီမှာ သုံးလို့ တီဘီအကြောင်းအဓိကပြောပါမယ်။ တီဘီမှာကုသတဲ့အခါ ပထမ(၂)လဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ ဆေး၎မျိုး၊၅မျိုးထိ အသုံးပြုရတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဘက်တီးရိးယားတွေ တတ်နိုင်သလောက် သတ်နိုင်ဖို့ အဓိကရည်ရွယ်ပါတယ်။ နောက်အရေးပါတဲ့ တချက်က ဆေးယဉ်ပါးမှုနည်းပါးစေဖို့လည်း ဖြစ်တယ်။ ဘက်တီးရီးယားတွေ နည်းလာတဲ့အခါ နောက်ပိုင်းလတွေမှာ rifampicinနဲ့ isoniazidကိုသာ အဓိကအသုံးပြုတော့တယ်။

Rifampin မှာ ထူးခြားချက်တွေရှိတယ်။ ဆေးယဉ်ပါးမှု ဖြစ်လွယ်တဲ့အတွက် ရောဂါတွေကုသတဲ့အခါ တခြားပိုးသတ်ဆေး တမျိုးမျိုးပါ ပေါင်းထည့်ပေးရတယ်။ ဆေးကို နေ့စဉ်ပုံမှန်သောက်ရတယ်။ ဆေးပတ်လည်အောင် သောက်ပေးရတယ်။ ဆေးသောက်တဲ့အခါ အစာမစားမှီ နာရီဝက်(သို့)စားပြီး ၂နာရီအကြာမှာ သောက်ပေးရတယ်။ ဆေးက အသည်းကိုလည်း ထိခိုက်စေလို့ အသည်းလုပ်ဆောင်မှု ကောင်းမကောင်းဆိုတာ အမြဲစစ်နေရတယ်။ဆေးသောက်စဉ် မျက်ကပ်မှန်မတပ်သင့်ဘူး။တီဘီ ကာကွယ်ဆေး(BCG)ထိုးခြင်းကြောင့် ပြည်တည်နာပေါက်တဲ့အခါ rifampicinပေးပြီး ကုသနိုင်တယ်။ 

ဆေးညွှန်း
10mg/kgနဲ့တွက်ချက်ပေးရပါတယ်။ 300-600mg တနေ့တကြိမ် နေ့စဉ်ပုံမှန်သောက်ပေးရတယ်။အနာကြီးရောဂါအတွက် dapsone 100mg ပါ ပေါင်းသောက်ပေးရတယ်။ ဆေးကို လချီ၊နှစ်ချီပြီးစွဲသောက်ပေးရတယ်။ဆရာဝန် စနစ်တကျ ညွှန်ကြားမှုနဲ့သာ သောက်ပေးသင့်တယ်။ ကိုယ်ဝန်ဆောင် နောက်ဆုံးလတွေမှာ သုံးစွဲမိရင် သွေးယိုနိုင်ချေ ပိုများတယ်။

ဘေးထွက်ဆိုးကျိုး
-အသားဝါတတ်တယ်
-ဆီးရောင်ရင့်တာ အဖြစ်များတယ်
-ထွက်လာတဲ့ မျက်ရည်၊တံထွေးက အဝါဖက် သန်းနေတတ်တယ်
-အူရောင်ပြီး ဝမ်းလျှောတာ ဖြစ်နိုင်တယ်
-ပျို့ချင်၊အန်ချင်၊နေလို့မကောင်း ရှိတတ်တယ်
-ရာသီမမှန်တာ
-အသက်ရှူမဝတာ

တွဲမသောက်သင့်တဲ့ဆေး
-ဟော်မုန်းဆေး
-တားဆေး
-ဗိုင်းရပ်စ်ဆေး
-သွေးကျဲဆေး
-နှလုံးဆေး
-အဆီကျဆေး

ဒေါက်တာအေးမင်းထူး
၂၂.၁.၁၄

No comments:

Post a Comment