![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPfaTiCg0sMeGiV40yhxLhZpiKoaqAuN2W_rNiEjj5oh0G5lLKpg6aMcmKXh7pCnSCHAY2Zcm37UAfG__9ks4TZ5msRyPYYQsPyEoJo7ztQld2NWmeOix7d6x-QtyGNXl7yGh9Eip-ECOg/s1600/indemjx.jpg)
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ကိုယ်ဝန်ရှိစပထမသုံးလမှာ ပျို့ချင်အန်ချင် ဖြစ်တတ်ကြတယ်။ ဒီလိုဖြစ်တာ ထုံးစံလို့ဆိုနိုင်ပေမယ့် တချို့လူတွေမှာ ထင်ထားတာထက် ပိုပြီးခံစားရတတ်တယ်။ အထူးသဖြင့် အဆက်မပြတ်အန်တဲ့သူတွေမှာ ဆေးအကူအညီယူဖို့ လိုလာကြတယ်။ ပုံမှန်အားဖြင့် ကိုယ်ဝန်ပထမသုံးလဟာ အရေးကြီးဆုံးဖြစ်လို့ ဆေးပေးတဲ့အခါ ပိုပြီးသတိထားရတယ်။ အကယ်၍ မိခင်လောင်းတွေ မူးမော၊ပျို့အန်ဖြစ်ရင် ဘာဆေးပေးမလဲ။ လွယ်လွယ်ကူကူသောက်နိုင်တဲ့ဆေးတခုက Nosic ဆိုတဲ့ ဆေးပါ။Nosic ဆိုတာ ကိုယ်ဝန်ဆောင်တွေ ပျို့ချင်၊အန်ချင်ဖြစ်တဲ့အခါ ပေးဖို့အတွက် အဓိကထုတ်လုပ်ထားတယ်။ ဆေးနှစ်မျိုးကို တခါတည်းပေါင်းစပ်ထားတယ်။
Nosic ဆေးတစ်လုံးမှာ
Doxylamine succinate 10mg
Pyridoxine hydrochloride 10mg
အသီးသီးပါဝင်တယ်။ ဆေးတစ်ကဒ်မှာ လိမ္မော်ရောင်ဆေးလုံး ၁၀လုံးပါဝင်တယ်။ တစ်ဗူးမှာ ဆေးကဒ်၁၀ကဒ် ပါဝင်တယ်။ ဆေးတကဒ်ကို ဈေးအားဖြင့် ၅၀၀ ဝန်းကျင် ရှိနိုင်တယ်။ အိန္ဒိယဆေးကုမ္ပဏီ Indocoက ထုတ်လုပ်ထားတယ်။
Doxylamine ဆိုတာ antihistamine ဆေးတမျိုးပါပဲ။ ဆဲလ်မှာရှိတဲ့ histamine receptorကို သွားတားတယ်။ မူးတာ၊ပျို့ချင်၊အန်ချင်တာကို အဓိကသက်သာစေမယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ အိပ်ချင်တာ၊ပါးစပ်ခြောက်တာမျိုး ရှိနိုင်တယ်။
Pyridoxine ဆိုတာက vitamin B6 ပါပဲ။ အာရုံကြောရောဂါတွေမှာ သုံးနိုင်သလို ပရိုတင်းဖြစ်စဉ်မှာလဲ လိုအပ်တယ်။ ပျို့ချင်၊အန်ချင်တာကို ဘယ်လိုသက်သာစေလဲဆိုတဲ့ဖြစ်စဉ်ကို သေချာမသိရသေးဘူး။ သို့သော် doxylamine လိုပဲသက်သာစေပြီး ဆေးအာနိသင်ကိုလည်း ပိုကောင်းလာစေတယ်။
ဆေးဘယ်လိုသောက်မလဲ
ညအိပ်ရာဝင်ချိန်မှာ တခါသောက် ၁-၂လုံး သောက်ပေးနိုင်တယ်။ ပုံမှန်အားဖြင့် ညပိုင်း တကြိမ်သာ သောက်ဖို့လိုအပ်တယ်။ဆေးကြောင့် မနက်အိပ်ရာထမှာ ပျို့ချင်၊အန်ချင်ဖြစ်တာကို ကာကွယ်ပေးလိမ့်မယ်။ လိုအပ်သေးရင် နောက်တကြိမ်ကို မနက်ပိုင်း(သို့)၁၂နာရီခြားပြီး သောက်ပေးနိုင်တယ်။ ဆေးကြောင့် မှိန်းတာ၊မလန်းတာမျိုး ရှိတတ်တယ်။ ဒါ့ကြောင့် ဆေးပေးတဲ့အခါ ညဖက်သောက်ဖို့သာ ညွှန်းလေ့ရှိကြတယ်။
ဘေးထွက်ဆိုးကျိုး
-အိပ်ချင်
-ခေါင်းကိုက်
-အာခေါင်ခြောက်
-ဝမ်းချုပ်၊ဆီးချုပ်
-မျက်စိဝါးတာ
တွဲမသောက်သင့်တဲ့ဆေး
-အရက်၊ဘီယာ
-အိပ်ဆေး
-အတက်ပျောက်ဆေး
-စိတ်ကျဆေး
-ကိုယ်ဝန်တားဆေး
-တီဘီဆေးအချို့
သတိထားသင့်သူတွေ
-ပန်းနာရင်ကျပ်ရှိသူ
-မျက်စိရေတိမ်ရှိသူ
သိထားသင့်သည့်အချက်များ
-ကိုယ်ဝန်ဆောင်မိခင်တွေမှာ သောက်ဆေး၊ထိုးဆေးပေးတဲ့အခါ အထူးဂရုစိုက်ရတယ်။
-အခန့်မသင့်ရင် ကလေးငယ်ကို ထိခိုက်တတ်တယ်။
-အများစုဟာ ကိုယ်ဝန်ပထမသုံးလမှာသာ ပျို့ချင်တာက အဖြစ်များတယ်။
-ကိုယ်ဝန်ရင့်လာနဲ့ အမျှ သူ့ဘာသာသက်သာသွားတတ်ကြတယ်။
-အကယ်၍ သက်ဦးကိုယ်ဝန်ဖြစ်ရင် ပိုဆိုးဦးမယ်။
-များသောအားဖြင့် မနက်အိပ်ရာထမှာ ဖြစ်တတ်ကြတယ်။
-ပုံမှန်အားဖြင့် ဆေးသောက်ဖို့ မလိုအပ်သေးဘူး။
-မခံမရပ်နိုင် မူးတာ၊ပျို့အန်တဲ့အခါ မျိုးမှာ ဆေးသောက်သင့်တယ်။
-လိုတာထက်ဆေးကို ပိုမသောက်မိဖို့လည်း အရေးကြီးပါသေးတယ်။
-အတူတွဲမသောက်သင့်တဲ့ ဆေးတွေရှိလို့ အကောင်းဆုံးက ဆရာဝန်နဲ့တိုင်ပင်ပါ။
ဒေါက်တာ အေးမင်းထူး
၆.၈.၁၃
No comments:
Post a Comment