Monday, February 9, 2015

Avamigran ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ အမြန်ဆုံးသက်သာစေဖို့

Avamigran ထဲမှာ ergotamine 1mgနဲ့ caffeine 100mg ပါဝင်ပါတယ်။ စင်ကာပူနိုင်ငံ အခြေစိုက် Invida ကုမ္ပဏီက ထုတ်လုပ်ထားတယ်။ တစ်ကဒ်မှာ ဆေးလုံး၁၀လုံးပါဝင်တယ်။ ပါဝင်တဲ့ ဆေးနှစ်မျိုးလုံးက သွေးကြော ကျဉ်းစေ၊ ကျုံ့စေနိုင်တဲ့ အစွမ်းရှိတာကြောင့် မိုက်ဂရိန်းခေါ်တဲ့ ခေါင်းတစ်ခြမ်း ကိုက်တဲ့ဝေဒနာတွေမှာ ပေးနိုင်တယ်။ acute attack migraine ခေါ်တဲ့ ရုတ်တရက် ဆိုးဆိုးဝါးဝါး ခေါင်းတစ်ခြမ်း ထိုးကိုက်တဲ့အခါ အသုံးပြုနိုင်တယ်။ နောက်ထပ်မဖြစ်အောင် ကာကွယ်ဖို့လဲ preventionအနေနဲ့ ပေးတတ်ကြတယ်။ တခြား သွေးကြောနဲ့ပတ်သက်တဲ့ ခေါင်းကိုက်ဝေဒနာတွေမှာလဲ လိုအပ်သလို အသုံးပြုနိုင်တယ်။

Ergotamine ရဲ့ အာနိသင်
-သွေးကြောမှာရှိတဲ့ 5HT receptorကို လှုံဆော်ပေးတယ်။
-trigeminal nerve အာရုံခံနာဖ့်ရဲ့ 5HT receptorကိုလည်း လှုံ့ဆော်တယ်။
-ရောင်ရမ်းစေတဲ့ pro inflammatory neuropeptideကို တားဆီးပေးတယ်။
-ဦးနှောက်မှာ ရှိတဲ့ cranial artery သွေးကြောကို ကျဉ်းစေတယ်။
-basilar artery သွေးလျှောက်မှုလျော့ နည်းစေတယ်။
-cerebral arteryသွေးကြောပေါ်မှာ ပြောင်းလဲမှု၊သက်ရောက်မှု မရှိဘူး။

Caffeineရဲ့ အာနိသင်
-ဦးနှောက်ကို လှုံဆော်ပေးတယ်။ စိတ်ကို တက်ကြွအောင် နှိုးဆော်တယ်။
-သွေးကြာတွေ ကျဉ်းစေတဲ့ သဘောရှိတယ်။
-ဦးနှောက်မှာရှိတဲ့ စွမ်းအင် ဇီဝဖြစ်စဉ်နှုန်း မြင့်မားစေတယ်။
-ဦးနှောက်ရဲ့ sympathetic nerveကို  သက်ရောက်စေသလို dopamine ထုတ်လုပ်မှုများစေတယ်။
-cerebral blood flow သွေးလျှောက်မှု လျှော့နည်းစေတယ်။
-methylxanthineဓာတ်တမျိုးကြောင့် အိပ်မပျာ်တာ၊စိတ်လှုပ်ရှားမှုများတာ ဖြစ်နိုင်တယ်။
-တခြားဆေးရဲ့အာနိသင်ကို ပိုကောင်းစေတယ်။

ဆေးပေးတဲ့အခါ
Avamigran က တခြားဆေးတွေလို ဆေးပမာဏ ပုံမှန်ထားပြီး ပေးရတာမျိုးမဟုတ်ဘူး။ ရောဂါ အခြေအနေ၊ ဆေးအပေါ် တုံ့ပြန်မှုပေါ်အခြေခံပြီး သုံးစွဲရတယ်။ ဒီဆေးသုံးရင် လိုက်နာစရာ အချက်တွေ ရှိတယ်။
-သောက်ဆေးဖြစ်ရင် တစ်ရက်မှာ ၆လုံးထက်ပိုမသုံးရဘူး။ တစ်ပတ်မှာ စုစုပေါင်း ဆေး ၁၀လုံးထက် ပိုမသောက်သင့်ဘူး။
-စအိုထဲ ထည့်တဲ့ဆေးဖြစ်ရင် ၁ရက်မှာ ၂လုံးထက် ပိုမသုံးစွဲသင့်ဘူး။ တပတ်မှာ ၅လုံးထက် ပိုပြီး မထည့်ရဘူး။
-အသက် ၁၂နှစ်အထက်တွေသာ သုံးစွဲသင့်တယ်။ ဒီထက်ငယ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သုံးစွဲရတယ်။
-မိုက်ဂရိန်း ခေါင်းတစ်ခြမ်းကိုက်သူ၊ သွေးကြောနဲ့ ဆိုင်တဲ့ ခေါင်းကိုက်ဝေဒနာရှင်တွေ သုံးစွဲမှသာ အကျိုးရှိတယ်။
-ဆေးသောက်ပြီးခါစမှာ တိတ်ဆိတ်တဲ့အခန်းထဲမှာ လှဲအိပ်နေသင့်တယ်။

ဆေးညွှန်း
-Oral tabletသောက်ဆေးပုံစံ
ရုတ်တရက် ခေါင်းတစ်ခြမ်း ကိုက်ခါစမှာ ဆေး ၁-၂လုံးကို စတင်သောက်သုံးနိုင်တယ်။ လိုအပ်သေးရင်(သို့) မသက်သာရင် နာရီဝက် တစ်ခါ ဆက်သောက်နိုင်တယ်။နာရီဝက် တစ်ခါ ဆက်သောက်ရင်း စုစုပေါင်း ဆေး၆လုံး ကုန်တဲ့ထိမသက်သာရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆက်သောက်ဖို့ မကြိုးစားပါနဲ့တော့။ တရက်အတွင်း ဆေး၆လုံးထက်ကျော်အောင် မသောက်သင့်ပါ။ ခေါင်းတခြမ်းကိုက်တဲ့ ဝေဒနာရှင်အများစုဟာ တစ်ပတ်ကို တစ်ကြိမ်၊နှစ်ကြိမ်ထက် ပိုမကိုက်တတ်ကြဘူး။ ၁ပတ်မှာ ဆေး၁၀လုံးထက် ပိုမသောက်သင့်တာကြောင့် တပတ်အတွင်း နောက်တစ်ကြိမ်ထပ်ဖြစ်ခဲ့ရင် ဆေး၎လုံးထက်ပိုပြီး မသောက်သင့်ဘူး။ 

-Suppository စအိုထဲ့ဆေး ပုံစံ
Avamigran ဟာ ပါးစပ်က မသောက်နိုင်သူတွေအတွက် စအိုထဲထည့်ပေးနိုင်တဲ့ suppository ပုံစံနဲ့လဲ လာတယ်။ ဒုံးပျံ လို့လည်းခေါ်ကြတယ်။ ဆေးထည့်ပြီး ၁နာရီနေတဲ့ထိ မသက်သာသေးရင် နောက်တစ်တောင့် ထပ်ထည့်ပေးနိုင်တယ်။  နှစ်ကြိမ်ထည့်ပြီးတဲ့ထိ မသက်သာသေးရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တစ်ရက် ၂လုံး၊တပတ်မှာ ၅လုံးထက် ပိုမထည့်ရဘူး။ 
စအိုဆေးထည့်တဲ့အခါ ထည့်ပုံ၊ထည့်နည်း အရေးကြီးသေးတယ်။ စအိုထဲမထည့်ခင် ဆေးတောင့်ကို အရင်ရေစွပ်ပြီး ထည့်ပေးရတယ်။ ဆေးက ပျော့နေုရင် ဆေးကဒ်ကို မဖောက်သေးပဲ ရေခဲသေတ္တာထဲ နာရီဝက်လောက် ထည့်ထားရတယ်။ ရေခဲရေထဲလဲ စိမ်ပေးထားနိုငိတယ်။ ဆေးတောင့်မာခဲလာပြီဆိုမှ ဆေးကဒ်ကိုဖောက်၊ ရေနဲနဲစွပ်ပြီးမှ စအိုထဲ ထည့်ပေးရတယ်။ ကလေးတွေမှာ လက်မဝက်ထိရောက်အောင် ထည့်ပေးသင့်သလို လူကြီးတွေမှာ တစ်လက်မလောက်ဝင်အောင် ထည့်ပေးရတယ်။ ပြီးရင် လက်ကို ချက်ချင်းပြန်မနှုတ်ဘဲ အပြင် ပြန်မထွက်အောင် အချိန်နဲနဲ ပိတ်ပေးထားရတယ်။ ထည့်ပြီးရင် လက်ကို ရေ၊ဆပ်ပြာနဲ့ သေချာဆေးပေးရတယ်။ ညာသန်တွေမှာ ခန္ဓာကိုယ် ဘယ်ဘက်စောင်းစေပြီး စအိုထဲ လက်ညှိုးနဲ့ ဆေးကို ဖိပြီးသေချာထည့်ပေးရတယ်။ ဘယ်သန်ဖြစ်ရင် ညာဘက်စောင်းပြီး ထည့်တာ အဆင်ပြေပါလိမ့်မယ်။

ဘေးထွက်ဆိုးကျိုး
ဆေးမတဲ့တာ ရှိနိုင်တယ်။
Nauseaပျို့တာ၊
Vomitting အန်တာ၊
Dizziness ခေါင်းမူးတာ၊
Stomach upsetအစာအိမ်နာတာ၊
Coldness of skin ခြေဖျားလက်ဖျား အေးတာ၊
Tingling and numbခြေလက် ထုံကျဉ်တာ၊
Muscle weakness အားယုတ်တာ ၊
Palpitationရင်တုန်တာ၊
Chest painရင်ဘတ်အောင့်တာ ၊

ရေရှည်ဆေးစွဲသောက်ရင်(သို့)ပုံမှန်ပမာဏထက် ပိုသောက်မိရင်  ဆေးဖြတ်ပြီး နောက်ပိုင်း ခေါင်းကိုက်တာ ကျန်နေတတ်တယ်။

တွဲမသောက်သင့်တဲ့ဆေး
-fluoxetine,fluvoxamine စိတ်ကျဆေး
-clotrimazole,fluconazoleမှိုပိုးသတ်ဆေး
-metronidazoleပိုးသတ်ဆေး
-nefazodoneစိတ်ကျဆေး
-propranolol သွေးကျဆေး
-saquinavirဗိုင်းရပ်စ်ဆေး
-zileutonပန်းနာရင်ကျပ်ဆေး

ဆေးသောက်တဲ့အခါ သတိထား 
-ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်တွေ မသောက်သင့်ဘူး။ကလေးကို ထိခိုက်နိုင်တယ်။ 
-သွေးတိုး၊နှလုံးသွေးကြောကျဉ်း၊အသည်း၊ကျောက်ကပ်ရောဂါ အခံရှိရင် သတိထားသောက်သင့်တယ်။
-အအေးမိပျောက်ဆေးနဲ့ ပန်းနာရင်ကျပ်ပျောက်ဆေး၊အမျိုးသား အားဆေး သောက်တတ်သူတွေလည်း သတိထားပါ။ 
-ဆေးက သွေးကြောကျဉ်းစေတဲ့ သဘောရှိလို့ဆရာဝန်နဲ့ တိုင်ပင်သင့်တယ်။ 

အကြံပြုချက်
-ဆရာဝန်မလိုဘဲ ဝယ်ယူနိုင်တယ်ဆိုပေမယ့် သတိထားသင့်တယ်။
-ခေါင်းကိုက်တယ်ဆိုတာ အမျိုးမျိုးရှိတယ်။ မိုက်ဂရိန်း သေချာဖို့လိုသလို သွေးကြောပြဿနာကြောင့် ဖြစ်ဖို့လိုအပ်တယ်။
-တခါတရံ ဆရာဝန်တွေကိုယ်တိုင် သေချာသတိထား မေးရတဲ့အပိုင်းတွေ ရှိတယ်။
-migraine မှန်ရင် အစားအသောက်၊အနေအထိုင်ကလည်း သက်ရောက်မှု ရှိတယ်။
-နှလုံးသွေးကြောကျဉ်းသူ၊သွေးတိုးရောဂါရှိသူ၊လေဖြတ်နိုင်သူတွေ မသုံးစွဲသင့်ဘူး။
-တခြား သွေးကြောကျဉ်းစေတဲ့ဆေးတွေနဲ့ ရောမသောက်ရဘူး။
-သိပ်ဆိုးတဲ့ severe attack migraine မှာ သက်သာတာ တွေ့ရတယ်။ 
-migraineမကြာခဏဖြစ်သူတွေ အာရုံစိုက်ရတဲ့ အလုပ်မှန်သမျှ ယာယီရှောင်ထားသင့်တယ်။
-အလင်းစူးစူးတွေကလည်း ခေါင်းကိုက်စေတယ်။ 
-ဆေးသောက်ပြီး နားနားနေနေ အနားယူဖို့ အရေးကြီးတာ မမေ့အပ်ဘူး။

ဒေါက်တာ အေးမင်းထူး
၃.၆.၁၃

No comments:

Post a Comment