Monday, February 16, 2015

Aqua tears eye drop မျက်လုံးထဲက အရည်တွေ ခမ်းခြောက်နေလို့

ဆရာ သမီးက ကွန်ပျူတာသမားပါ။ တနေကုန်ကွန်ပြူတာကြည့်ပြီး စာစီစာရိုက်တဲ့အလုပ် လုပ်ရပါတယ်။အခုသမီးမျက်လုံးက စပ်ဖျဉ်းဖျဉ်းနဲ့ ပူလောင်သလိုဖြစ်နေလို့ပါ။မျက်ရည်ခမ်းခြောက်ပြီး မျက်လုံးအားနည်းသလို ခံစားရတယ်။အခုတလော စာသာရိုက်နေရတာခိုးလိုးခုလုနဲ့ကြည့်မကောင်းဘူး။ခေါင်းလည်း နည်းနည်းမူးတယ်။ မျက်စိအားဆေးဖြစ်ဖြစ်၊မျက်စဉ်းဖြစ်ဖြစ် တခုလောက်ညွှန်ကြားပေးနိုင်မလားဆရာ၊သမီးက ရန်ကုန်ကပါ။



မျက်စိကို အမြဲအလုပ်ပေးရတဲ့သူတွေက မျက်ရည်ခမ်းခြောက်တတ်တယ်။ ဘာ့ကြောင့်လဲဆိုတော့ တနေကုန်၊တနေခန်း အားစိုက်နေရတာဖြစ်လို့ မျက်တောင်ခတ်ချိန်သိပ်မရှိဘူး။ ကြာလာတော့ မျက်လုံးထဲမှာ ရှိသင့်တဲ့ရေဓာတ်တွေ ခန်းခြောက်လာတယ်။ ဒီအတွက် မျက်ရည်အားဖြည့် မျက်စဉ်းမျိုး လိုလာနိုင်တယ်။ ဒါပေမယ့် သိပ်မပူပါနဲ့။ Aqua tears ဆိုတဲ့ မျက်စဉ်းတမျိုး ရှိပါမယ်။ မျက်ရည်သဘော ခြောက်သွေ့နေတဲ့မျက်လုံးကို အားဖြည့်ပေးမယ်။ ပိုးသတ်ဆေးအာနိသင်ရှိတဲ့ povidine လည်းပါလို့ ကောင်းတယ်။ Aqua tears ကို အိန္ဒိယဆေးကုမ္ပဏီ Cipla ကုမ္ပဏီက ထုတ်လုပ်ထားတယ်။ မျက်စဉ်းတဗူးမှာ ဆေးရည် 10mlပါဝင်တယ်။ 

မျက်ရည်ဘာ့ကြောင့် ခန်းခြောက်လဲ
-Heater အပူပေးစက် အလွန်အကျွံသုံးတာ၊
-အဲးယားကွန်းခန်းထဲမှာ အမြဲနေတာ၊
-ကွန်ပြူတာ၊တီဗွီ တနေကုန်ကြည့်တာ၊
-အမြဲ စာအုပ်ဖတ်နေတာ၊
-သွေးဆုံးတဲ့အခါမျိုးတွေမှာ မျက်ရည်ခမ်းခြောက်ပြီး၊မျက်လုံးထိခိုက်တတ်တယ်။ကြာလာရင် မြင်လွှာကိုပါ သက်ရောက်စေတယ်။ ပါဝါတက်လာနိုင်တယ်။ 

ပါဝင်ပစ္စည်းများ
Each ml contain
Polyvinyl alcohol(PVA)     14mg
Povidone.                          6mg
Benzalkonium chloride   0.1mg

•PVAက အစိုဓာတ်ထိန်းတဲ့အာနိသင်ရှိတယ်။ ခြောက်သွေ့ခြင်းမဖြစ်အောင် ကာကွယ်ပေးမယ်။ ယားယံတာကို သက်သာစေမယ်။
•Povidoneက ပိုးသန့်စေတယ်။ 
•Benlkonium chlorideက ကြာရှည်ခံတယ်။

ဆေးညွှန်း
တခါခပ် ၁-၂စက်၊တနေ့ ၄-၆ကြိမ် ခပ်ပေးပါ။ မျက်စဉ်းထိပ်ဝကို မျက်လုံးနဲ့မထိပါစေနဲ့။ ဖွင့်ပြီး အဖုံးလုံအောင်ပိတ်ပါ။ တစ်လအတွင်းသုံးပါ။ ဆေးရောင်ပြောင်းတာ၊နောက်တာမျိုးရှိရင် ဆက်မသုံးပါနဲ့။ ၃ရက်ကျော်တဲ့ထိ မသက်သာရင် ဆရာဝန်နဲ့ ပြပါ။ 

စာထဲမှာကို lubricating eye dropsလို့ ရှင်းရှင်းလင်းလင်း ရေးထားပါတယ်။ မျက်စိကို ချောမွေ့စေပါမယ်။ မျက်ရည်အစားထိုးသဘောလည်း ဖြစ်တယ်။ အရည်ဖြစ်လို့ အဖွင့်၊အပိတ် လုပ်လို့ကောင်းတယ်။ မျက်စိကြည်စေတယ်။ ပိုးသန့်စေတယ်။ dry eye မျက်ရည်ခမ်းခြောက်ရောဂါ၊မျက်စိဖုန်ဝင်တဲ့အခါမျိုးမှာလည်း အသုံးပြုနိုင်တယ်။ မေးထားသူ ခံစားရတဲ့ မျက်ရည်ခမ်းခြောက်ခြင်းအတွက်လည်း ကောင်းတယ်။ 

မျက်စိအားဆေးအတွက် vitamin A အဓိက ပါသင့်တယ်။ zifam ကလာတဲ့ opticaနဲ သင့်တော်တယ်။ အောင်ချိုထွန်းကုမ္ပဏီ(အခုတော့ MYMTပြောင်းလိုက်ပြီ)က သွင်းတဲ့ opticomeလည်း မဆိုးပါ။ megaဆေးကုမ္ပဏီက iicareလည်း သောက်နိုင်ပါတယ်။ ဘီပီအိုင်ဆေး adevit ဆိုတားလည်း ရှိပါတယ်။ သောက်ဆေးကို သိပ်အားမကိုးပါနဲ့။ မျက်စဉ်းကို အဓိကသုံးစွဲပါ။ ကွန်ပျူတာသမားဖြစ်လို့ အလုပ်သိပ်လုပ်တာ မကောင်းပါဘူး။ ခဏနားပါ။ မျက်စိလေ့ကျင့်ခန်းလုပ်ပါ။ 

ဒေါက်တာ အေးမင်းထူး
၁၄.၅.၁၄

No comments:

Post a Comment