Sunday, February 15, 2015

အစာအိမ်အချဉ်ပေါက်ခြင်းအတွက် ပန်းရောင်Kremil-S

Kremil -Sမှာ ပန်းရောင်နဲ့ အဖြူရောင်ဆိုပြီး နှစ်မျိုးလာတယ်။ ပန်းရောင် ခရီမေးလ် အက်စ်က ပန်းနုရောင်ဆေးပြားမျိုး ဖြစ်တယ်။reformulated Kremil-S လို့လဲ ခေါ်တတယ်။ဆေးသောက်ရင် ညက်အောင်ဝါးစားပြီးမှ မျိုချရတယ်။ကြေငြာမှာတော့ အစာအိမ်အချဉ်ပေါက်ခြင်းကို အမြန်ဆုံးသက်သာပျောက်ကင်းစေမယ်လို့ ဆိုတယ်။  အစာအိမ်ရောဂါသည် အများစုဟာ ပျို့ချင်အန်ချင် ဖြစ်တတ်သလို ပါးစပ်ပျက်တတ်ကြတယ်။ဒီလိုလူနာတွေကို ဆေးပေးတဲ့အခါ အရသာကောင်းဖို့အရေးကြီးတာ တွေ့ရတယ်။ Kremil-Sပန်းရောင်ဟာ သီးစုံအရသာမျိုးဖြစ်တာကြောင့်  အရသာ ကောင်းတယ် ဆိုရမယ်။
မြန်မာနိုင်ငံမှာ လေးလုံး တစ်ကဒ် ပုံစံနဲ့ လာတယ်။ ကဒ်အရောင်က ပန်းရောင်ဖြစ်လို့ ပန်းရောင် ခရီမေးလ်-အက်စ်လို့ ခေါ်ကြတယ်။

Kremil-Sပန်းရောင်မှာ
Aluminum Hydroxide               178 mg,
 Magnesium Hydroxide          233 mg, 
simethicone                                 30 mg ပါဝင်ပါတယ်။
မြန်မာအခေါ်ပြောရရင်  အစာအိမ်လေနိုင်ဆေးမျိုးဖြစ်တယ်။ အက်ဆစ်ဓာတ်ကို ချေဖျက်ပေးတယ်။ ၁၅မိနစ်မှ နာရီဝက်အတွင်း ရင်ပူတာကို သက်သာစေမယ်။

Aluminium နဲ့ Magnesiumတွေက အက်ဆစ်အထွက်များတဲ့ လက္ခဏာရပ်(ရင်ပူ၊ပျို့ချင်၊အန်ချင်တာ)တွေကို သိသိသာသာ သက်သာစေမယ်။ အက်ဆစ်ကို neutralizeဓာတ်ပြယ်စေတယ်။simethicone ကြောင့် လေထိုး၊လေအောင့် ဖြစ်တာကိုပါ သက်သာစေနိုင်တယ်။ 
သုံးစွဲနိုင်သော ရောဂါများ
-peptic ulcerလေနာရောဂါ၊
-gastritis အစာအိမ်ရောင်ခြင်း၊
-oesophagitis အစာမြိုပြွန်ရောင်ခြင်း၊
-dyspepsia အစာမကြေဖြစ်ခြင်း၊
-flatulenceလေထိုးလေအောင့် ဖြစ်ခြင်း၊

ဆေးညွှန်း
-ဆေးပြား တစ်ပြားမှ နှစ်ပြားကို ရင်ပူတိုင်း သောက်နိုင်တယ်။ မသက်သာရင် ထပ်ပြီးသောက်ပါ။ အစာမရှိတဲ့အချိန်မျိုးသောက်မှ ပိုမိုသိသာမယ်။ သာမန်အချိန်သောက်ရင် အစာမစားခင်(သို့)စားပြီး တစ်နာရီမှာ သောက်သုံးသင့်တယ်။ ညဖက် ရင်ပူတတ်ရင် မအိပ်ခင် သောက်သုံးနိုင်တယ်။ ဆေးအာနိသင်မြန်ဆန်ဖို့ မသောက်ခင်အရင် ကြေညက်အောင်ဝါးစားပါ။ ပါးစပ်ထဲ ငုံထားလို့လဲရတယ်။ ဆေးကို ၂ပတ်ထက် ပိုမိုမသုံးစွဲသင့်ဘူး။ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘေးထွက်ဆိုးကျိုး
-antacid အစာအိမ်ဆေးတွေဟာ  ယေဘုယျအားဖြင့် ဘေးထွက်ဆိုးကျိုးနည်းတယ်။
ဖြစ်နိုင်တာကို တွေကြည့်ရင် aluminium ပါလို့ ဝမ်းချုပ်စေနိုင်သလို magnesiumပါလို့ ဝမ်းသွားစေနိုင်တယ်။ ဆီးရဲ့ အက်ဆစ်ဓာတ်ကို လျှော့နည်းစေနိုင်တယ်။ အက်ဆစ်ဓာတ်များတဲ့ဆေးတွေရဲ့ စွန့်ထုတ်မှုကို အားကောင်းစေနိုင်တယ်။ ဒီအချက်ကို ဆေးပညာမှာ အသုံးချနိုင်တယ်။
-aluminiumပါတာကို ရေရှည်သုံးစွဲရင် phosphateဓာတ်နဲ့ ပေါင်းစပ်ပြီး အူလမ်းကြောင်းက မစုပ်ယူနိုင်တဲ့အခါ သွေးထဲမှာ phosphateဓာတ်တွေ ချို့တဲ့နေတတ်တယ်။ phosphateဓာတ်ချို့တဲ့တာကြောင့် ကြွက်သား အားယုတ်တာ၊နုံးချိတာ၊အစားအသောက် ပျက်တာတွေ ဖြစ်လာမယ်။
ကျောက်ကပ်ပျက်ဆီးတဲ့ လူနာတွေမှာ မစွန့်ထုတ်နိုင်လို့ အဆုတ်၊အရိုး၊အာရုံကြောစတာတွေမှာ aluminiumဓာတ်တွေ စုပုံနေတတ်တယ်။ရေရှည်သုံးစွဲရင် ဆီးကျောက်တည်တာ၊အရိုးပွ၊အရိုးပျော့ရောဂါတွေ ဝင်လာတတ်တယ်။
-magnesiumပါဝင်တာများရင် ပျို့ချင်၊အန်ချင်၊သွေးပေါင်ကျတာ မျိုးတွေဖြစ်တတ်တယ်။ အသည်းသမားတွေ သတိထားရမယ်။
-အထူးသဖြင့် antacid တွေကို ကျောက်ကပ်ပျက်ဆီးတဲ့လူနာတွေမှာ သတိထားသုံးစွဲသင့်တယ်။

ကိုယ်ဝန်ဆောင်မိခင်၊နို့တိုက်မိခင်တွေလဲ သောက်သုံးနိုင်တယ်။ကလေးငယ်တွေမှာ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ သာ သုံးစွဲရမယ်။ 

သတိထားသင့်တဲ့ ရောဂါတွေ
-Kidney diseaseကျောက်ကပ်ရောဂါ
-Intestinal obstructionအူလမ်းကြောင်း ပိတ်တဲ့ အခါ
-Appendicitisအူအတက်ရောင်ခြင်း
-Fecal impactionဝမ်းမာတွေ အောင်းပြီး ပိတ်ဆို့ခြင်း
-Gastric outlet obstructionအစာအိမ်အထွက်လမ်းကြောင်း ပိတ်ခြင်း
-Constipationဝမ်းချုပ်ခြင်း
-Phosphate depletion and low serum phosphateသွေးတွင်း ဖော့စဖိတ်ဓာတ်နည်းခြင်း၊ချို့တဲ့ခြင်း
- Osteomalacia (softening of the bones)အရိုးပျော့ခြင်း

အတူတွဲမသောက်သင့်တဲ့ဆေး
-ironပါတဲ့သံဓာတ်အားဆေး
-ketoconazole မှိုပိုးသတ်ဆေး
-tetracycline ပဋိဇီဝဆေး
-digoxin နှလုံးဆေး
တွဲသောက်မိရင် ဒီဆေးတွေရဲ့ အာနိသင် ကျတတ်တယ်။ အနည်းဆုံး ၂နာရီခြားသောက် ခိုင်းရတယ်။သံဓာတ်အားဆေးသောက်ရင် ၃နာရီလောက်ထိ ခြားသောက်သင့်တယ်။
dicumarol, diazepam,pseudoephedrine စတဲ့ဆေးတွေနဲ့တွဲသောက်ရင် စုပ်ယူမှုကို ပိုမိုအားပေးလို့ သတိထားသင့်တယ်။သွေးထဲမှာ ဆေးအာနိသင်များနေတတ်တယ်။

ဘေးထွက်ဆိုးကျိုးတွေရေးထားလို့ စိတ်မညစ်စေချင်ဘူး။ ဖြစ်နိုင်တာကို သတိထားနိုင်အောင် ရည်ရွယ်ပါတယ်။ gelmagလို အိမ်သုံးဆေးသဘောဖြစ်တာကြောင့် အစာအိမ်အချဉ်ပေါက်ရင် သောက်သုံးနိုင်ပါတယ်။ရေတိုသုံးစွဲရင် ဘေးထွက်ဆိုးကျိုးလဲ နည်းပါးတယ်။ ကျောက်ကပ်ရောဂါအခံရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဒေါက်တာ အေးမင်းထူး
၆.၅.၁၃

No comments:

Post a Comment