Saturday, March 14, 2015

Purifen 300 (dexibuprofen 300mg)အဆစ်အမြစ်ကိုက်ပျောက်ဆေးတမျိုး

Purifen 300ဆိုတာ incepta ကုမ္ပဏီက အသစ်ဝင်လာတဲ့ အကိုက်အခဲပျောက်ဆေး တမျိုး ဖြစ်ပါတယ်။ purifen 300ထဲမှာ dexibuprofen 300mg ပါဝင်ပါတယ်။ အနီရောင်ဆေးကဒ်မျိုး ဖြစ်တယ်။ လောလောဆယ်မြန်မာနိုင်ငံကို ဝင်လာတာ purifen 300ပဲရှိသေးတယ်။ purifen 200mgဆိုတာလဲ ကုမ္ပဏီက ထုတ်သေးတယ်။ အပြာရောင်ကဒ်ပုံစံမျိုး ဖြစ်တယ်။ purifen 400mgက အားပိုပြင်းတယ်။ အဝါရောင်ကဒ်ပုံစံမျိုး ဖြစ်တယ်။ ဆေးအားလုံးက ၄လုံးပါ Alu-Aluကဒ် ပုံစံမျိုး ဖြစ်ပါတယ်။ ဆေးတဗူးမှာ ၄လုံးပါ ဆေး ၅ကဒ်ပါဝင်တယ်။ နောက်ဝင်မလာသေးတဲ့ suspension ပုံစံ ရှိသေးတယ်။ အရည် 5mlမှာ dexibuprofen 100mgပါဝင်တယ်။ နောက်ပိုင်းဝင်မယ်၊မဝင်ဘူးတော့ ကုမ္ပဏီကသာ သိပါမယ်။ 

Dexibuprofen ဆိုတာ
Dexibuprofen ကို S(+) -ibuprofen လို့လည်း ခေါ်ပါတယ်။ ibuprofen ရဲ့ active form ဖြစ်ပါတယ်။ပုံမှန်အားဖြင့် အကိုက်အခဲပျောက်စေဖို့ R(-)isomerကနေ S(+)isomer ကို ပြောင်းပေးရတယ်။ ဒီဆေးမှာ S(+)active formဖြစ်လို့ ibuprofen ထက် ဘေးထွက်ဆိုးကျိုးပိုနည်းသလို အာနိသင်  ပိုကောင်းလာတယ်။ အကိုက်အခဲပျောက်စေသလို အရောင်ကျစေနိုင်တဲ့ အစွမ်းရှိတယ်။

အသုံးဝင်ပုံ
-ဖျားတာ၊ခေါင်းကိုက်၊အဆစ်အမြစ်ကိုက် သက်သာစေမယ်။
-အဆစ်အမြစ်ရောင် ရောဂါတွေကို သက်သာစေတယ်။
-ရာသီသွေးဆင်းတဲ့အခါ နာကျင်မှုကို လျှော့နည်းစေတယ်။
-အဆစ်အမြစ်ရောင် ရူမက်တစ်ရောဂါတွေမှာ အရောင်ကျစေသလို နာကျင်မှုပါ သက်သာစေတယ်။
-သွားနာ၊သွားကိုက်ခြင်းအတွက် အသုံးပြုနိုင်တယ်။

ဆေးညွှန်း
ပုံမှန်အားဖြင့် dexibuprofen 300mg တနေ့ ၂ကြိမ်(သို့)၃ကြိမ် ပေးရတယ်။ တရက်ကို 1200mgထက် ပိုမပေးသင့်ဘူး။ နာတာရှည် အဆစ်အမြစ်ရောင် ရောဂါတွေမှာ အနည်းဆုံးဖြစ်နိုင်တဲ့ဆေးပမာဏသာ ပေးသင့်တယ်။ လူကြီးဖြစ်ရင် ပိုသတိထားရတယ်။ဆေးကို ဖြည်းဖြည်းချင်း တင်ပေးရတယ်။ အကိုက်အခဲပျောက်ဆေးဖြစ်လို့ အစာစားပြီးမှသာ သောက်သင့်တယ်။

ဘေးထွက်ဆိုးကျိုး
-အစားအသောက်ပျက်
-အားယုတ်၊နုံးချိ
-ခေါင်းကိုက်
-ပျို့အန်ချင်
-ဝမ်းပျက်
-ဗိုက်နာ

ဆေးမသုံးစွဲသင့်သူ
-ကျောက်ကပ်ပျက်ဆီးသူ(GFR<30ml/min)
-အသည်းမကောင်းသူ
-ဆေးမတဲ့သူ
-အစာအိမ် အနာရှိသူ

ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်တွေမှာ လိုအပ်ရင် ဆရာဝန်ညွှန်ကြားချက်နဲ့သာ တိုက်ကျွေးသင့်တယ်။ကိုယ်ဝန်ဆောင်နောက်ပိုင်းကာလတွေမှာ ပိုသတိထားသင့်တယ်။ ကလေးငယ်တွေမှာ ဆရာဝန်ညွှန်ကြားမှ  သောက်ပါ။

တွဲမသောက်သင့်တဲ့ဆေး
-သွေးမခဲဆေး(anticoagulant,ticlopidine)
-ပိုးသတ်ဆေး(hydantoine and sulfonamide)
-စိတ်ကျဆေး(lithium)
-သွေးကျဆေး(ACE inhibitors,beta blockers,thiazide,thiazide type diuretics)
-ခုခံအားထိန်းဆေး(cyclosporine,tacrolimus)
-ကင်ဆာဆေး(methotrexate)
-စတီးရွိုက်ဆေး(corticosteroids)
-နှလုံးထိန်းဆေး(digoxin)
-အတက်ပျောက်ဆေး( phenytoin)
-ဂေါက်ဆေး( probenecid,sulfinpyrazon, sulfonylurea)
-ဗိုင်းရပ်စ်ဆေး(zidovudine)

Dexibuprofen ကို 80mg/kg/dayထက် ပိုပေးမိရင် acute toxic လက္ခဏာတွေခံစားရတတ်တယ်။ ဗိုက်နာ၊ပျို့၊အန်၊သွေးပေါင်ကျ၊လေထိုး၊လေပွ၊ကျောက်ကပ်ပျက်တာမျိုးဖြစ်နိုင်တယ်။ ဖြစ်လာရင် နီးစပ်ရာဆေးရုံ၊ဆေးခန်း အမြန်ဆုံးသွားပါ။ 

ibuprofenထက် ဘာတွေပိုကောင်းလဲ
-ဆေးစွမ်းပြတာ ပိုမြန်တယ်။
-အစာအိမ်ထိခိုက်တာ ပိုနည်းသွားတယ်။
-ibuprofen ထက် အာနိသင်နှစ်ဆလောက် ပိုကောင်းတယ်။
-သွေးကြောထဲမှာ ဆေးအာနိသင်ပိုခံတယ်။
-နာတာရှည်အဆစ်အမြစ်ရောဂါတွေမှာ ပိုသင့်တော်တယ်။

သတိပြုရန်
-NSAIDဆေးတိုင်းဟာ နှလုံးထိတတ်လို့ အထူးဂရုစိုက်ပါ။
-အသက်ကြီးသူ၊ကျောက်ကပ်၊နှလုံး၊အသည်းသမားတွေ သတိထားပါ။
-ဒီလိုဆေးမျိုးဟာ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့သာ သောက်သင့်ပါတယ်။

ဒေါက်တာအေးမင်းထူး
၅.၇.၁၃

No comments:

Post a Comment