Monday, February 9, 2015

Liv 52(Liver detox supplement) အာယုဗေဒ အသည်းအားဆေး

ဆရာ Hamalaya က ထုတ်တဲ့ Liv 52 အကြောင်းလေး သိရင် ရှင်းပြပေးပါ ခင်ဗျာ။ အိန္ဒိယ made လေးပါ

အသည်းအားဆေးအကြောင်းမပြောခင် အသည်းအင်ထရို အရင်ဝင်ပါရစေ။ အသည်းဆိုတာ ခန္ဓာကိုယ်မှာ အကြီးဆုံးအစိတ်အပိုင်းဖြစ်ပြီး ဝမ်းဗိုက်ရဲ့ ညာဖက်မှာ နေရာယူထားတယ်။ hepatocyte အသည်းဆဲလ်ဆိုတာ ပြန်လည်ပွားများနိုင်တယ်။ အသည်းအစားထိုးသူတွေမှာ အသည်းတခြမ်းပေးရုံနဲ့ အသက်ရှင်နိုင်တယ်။ အသည်းသဘောက ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ ဓာတုပစ္စည်း၊အဆိပ်အတောက်တွေကို ရှင်းလင်းပေးရတယ်။ ဒါတင်မက
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်၊ဟော်မုန်းဓာတ်၊သွေးနီဥ၊သွေးဖြူဥတွေကို ဖွဲ့စည်းပေးရတယ်။ လုပ်ဆောင်ချက်များသလို ပျက်ဆီးလွယ်တယ်။ ဒီလိုအခါမျိုးမှာ အသည်းအားဆေး၊ဖြည့်စွက်ဆေးတွေ ပေါ်ပေါက်လာတယ်။ 

Liv 52 ဆိုတာ အာယုဗေဒနည်းကျ တိုင်းရင်းဆေးတွေ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ အသည်းအားဆေး ဖြစ်ပါတယ်။သောက်ဆေး အရည်၊အခဲ ပုံစံနှစ်မျိုးနဲ့ တွေ့ရတယ်။ အသည်းရောဂါအမျိုးမျိုး(အသည်းရောင်၊အသည်းပျက်၊အစားပျက်)သူတွေမှာ ဖြည့်စွက်ဆေး၊အားဆေးအနေနဲ့ ပေးတယ်။ ဓာတုပစ္စည်း၊ဆိုးဆေး သုံးစွဲသူ၊အရက်သောက်သူ၊ကင်ဆာဆေးကြောင့် အသည်းထိခိုက်သူတွေမှာ ဖြည့်စွက်ဆေးသဘော ဖြည့်စွက်ပေးနိုင်တယ်။ 

လေ့လာကြည့်ရင် ဆေးမှာ အဓိက အာနိသင်(၂)မျိုး ရှိတာ တွေ့ရတယ်။
၁။အသည်းကို မပျက်ဆီးအောင် ကာကွယ်ပေးခြင်း 
၂။အစာစားချင်စိတ် ဖြစ်ပေါ်စေခြင်း၊ 
တခြားအသည်းဆေးတွေ လိုပါပဲ။ဓာတုပစ္စည်းတွေကြောင့် ပျက်ဆီးသွားတဲ့ အသည်းကို ကာကွယ်ပေးတယ်။ အသည်းဆဲလ်အသစ်တွေ ဖြစ်ပေါ်စေတယ်။ အသည်းလုပ်ဆောင်မှုကို ထိန်းပေးတယ်။အသည်းရဲ့ parenchymaဆဲလ် အသစ်တွေ ပြန်လည်ဖြစ်ပေါ်စေတယ်။ အရက်ကြောင့်ဖြစ်လာတဲ့ acetaldehyde အဆိပ်အတောက်ကို ခန္ဓာကိုယ်က စွန့်ထုတ်နိုင်အောင် ကူညီပေးတယ်။ ပျက်ဆီးသွားတဲ့ အသည်းဆဲလ်တွေပြန်လည်ဖြည့်တင်းပေးတယ်။ 

liv 52ဆိုတာ သဘာဝ အပင်တွေရဲ့ အဆီအနှစ်တွေကို ကြိုချက်ပြီး ထုတ်လုပ်ထားတယ်။ပါဝင်တာတွေက-
Capparis spinosa    65 mg
Cichorium intybus.  65 mg
Solanum nigrum      32 mg
Cassia occidentalis 16 mg
Terminalia arjuna     32 mg
Achillea millefolium  16 mg
Tamarix gallica         16 mg
Mandur bhasma       33 mg

-Caper Bush (Himsra)မှာ အသည်းကို ကာကွယ်ပေးတဲ့ p-methoxy benzoic acid ပါဝင်ပါတယ်။ ဒီဓာတ်က အသည်းနဲ့သွေးတွင်းမှာ မကောင်းတဲ့ဓာတ်(malondialdehyde level) မြင့်တက်လာခြင်းကို ကာကွယ်ပေးတယ်။ အသည်း၊သရက်ရွက်ရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေတယ်။ အသည်းပျက်ဆီးတဲ့ အင်ဇိုင်းနှစ်မျိုး(ALT,AST)ကို တားဆီးပေးတယ်။ Caper Bushမှာပါဝင်တဲ့ flavonoid ဓာတ်က ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတယ်။
-Wild Chicory (Kasani) ဆိုတာ အရက်ကြောင့်ပျက်ဆီးတဲ့အသည်းကို ကာကွယ်ပေးတယ်။ သူ့မှာလည်း ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိပြီး free radicalကို ဖယ်ရှားပေးတယ်။ ဓာတ်တိုးမှုရဲ့အကျိုးဆက် DNA ပျက်ဆီးမှုကို ကာကွယ်ပေးတယ်။

အသုံးပြုနိုင်သော ရောဂါများ
- ဘီပိုး၊စီပိုးကြောင့် အသည်းရောင်ခြင်း၊
- အရက်ကြောင့် အသည်းရောင်ခြင်း၊
-အသည်းအဆီဖုံးခြင်း၊
-အသည်းခြောက် ခြင်း ၊
-အသည်းပျက်ဆီးခြင်း၊
-အသည်းအလုပ်မလုပ်ခြင်း၊
-ခုခံအားကျဆင်းတဲ့ရောဂါ၊
-နာတာရှည် အသည်းရောဂါ ၊
-ပရိုတင်းချို့တဲ့ခြင်း၊
-အစားအသောက်ပျက်ခြင်း၊
-ဓာတ်ကင်ခြင်း၊
-ကင်ဆာဆေးသွင်းခြင်း၊

ဆေးညွှန်း
တခါသောက် တလုံးမှနှစ်လုံး၊တနေ့ ၂-၄ကြိမ် အစာစားပြီး သောက်ပေးပါ။ အနည်းဆုံး ၆လ ၁နှစ် သောက်ပေးသင့်တယ်။ နာတာရှည်ရောဂါမှာ သုံးလတကြိမ် အသည်းအခြေအနေပြန်စစ်ပါ။ ၂နှစ်အောက်ကလေးငယ်တွေမှာ 10-20ml တနေ့၃-၄ကြိမ် တိုက်ကျွေးပါ။ ဆေးအတင်းအလျှော့ကို လိုအပ်သလို ချိန်ဆပါ။

ဘေးထွက်ဆိုးကျိုး
-ပျိုချင်၊အန်ချင်
-ခေါင်းကိုက်၊ခေါင်းခဲ
-ဗိုက်နာ၊ဗိုက်အောင့်ခြင်း
-အစာမကြေဖြစ်ခြင်း
-ဓာတ်မတဲ့ခြင်း
-ဝမ်းပျက်ဝမ်းလျှော
စတာတွေဖြစ်နိုင်တယ်

Liv 52ကို နေ့စဉ်စွဲသောက်ရင်  အစာခြေစနစ်ကို အားပေးတယ်။အစာစားချင်စိတ်ကို ဖြစ်စေတယ်။ဝိတ်တက်လာတယ်။အသည်းရဲ့ စွမ်းဆောင်ရည် မြှင့်တက်စေတယ်။
အသည်းမှာရှိတဲ့ parenchyma တစ်ရှူးတွေကိုကာကွယ်ပေးတယ်။ အသည်းအဆီဖုံးခြင်းလျှော့ပါးစေတယ်။ အသည်းဆဲလ် ပြန်လည် ကောင်းမွန်စေတယ်။ အင်ဇိုင်းဓာတ်ကို ထိန်းညှိပေးတယ်။ အသည်းကို ထိခိုက်စေမယ့် အဆိပ်အတောက်မှန်သမျှကို ဖယ်ရှားရှငိးလင်းပေးတယ်။ အရက်သောက်သူတွေမှာ အရက်ကထွက်လာတဲ့ acetaldehydeကို မြန်မြန်စွန့်ထုတ်ပေးတယ်။ အသည်း မျက်နှာပြင်ကို ကာကွယ်ပေးတဲ့ antiperoxidative အာနိသင်လည်း ရှိသေးတယ်။ အသည်းရောင်သူတွေမှာ ဝေဒနာကို လျင်မြန်စွာ သက်သာလာစေတယ်။ pre-cirrhotic အသည်းခြောက်လူနာတွေမှာ အသည်းထပ်မံမပျက်ဆီးအောင်ကာကွယ်ပေးပါသတဲ့။

အွန်လိုင်းမှာစာဖတ်တော့ ထပ်ဆင့် ထောက်ခံချက်ဆိုတာတွေလည်း တွေ့ရသေးတယ်။ ၂၀၀၅ခုနှစ်မှာ အသည်းခြောက်တဲ့လူနာ (၃၆)ယောက်ကို ၆လကြာလေ့လာမှုတွေ လုပ်ကြည့်ခဲ့တယ်။ ရေဖျင်းစွဲတာ၊ALT,AST အတက်အကျ၊ဘီလီရူဘင်ပမာဏ၊အယ်လ်ဗျူမင်ပမာဏတွေကို လေ့လာကြည့်တဲ့အခါ အနည်းငယ်တိုးတက်မှု ရှိတာ တွေ့ရတယ်။ ဟာဘယ်လ်ရဲ့ အာနိသင်ကြောင့် ဆီးသွားစေတာ၊အရောင်ကျတာ၊ခုခံအားတက်တဲ့အရိပ်အရောင်တွေ တွေ့ရတယ်။ 

အကြံပြုချက်
ဒီနေ့ခေတ်မှာ အရက်၊ဘီယာ၊ဆေးဝါး ဓာတုပစ္စည်း စုံလင်လှတယ်။ ခေတ်ကိုက အသည်းအားဆေးတွေ အလုပ်ဖြစ်တဲ့ ခေတ်မလား။ ဒီနေ့ခေတ်မှာ အားဆေး၊ဖြည့်စွက်ဆေးတွေက ဆယ်စုနှစ်အတွင်း အရှိန်အဟုန်နဲ့ ကြီးထွားလာတယ်။ သုံးစွဲသူတွေခေါင်းရှူပ်ရလောက်အောင် ဆေးအမျိုးမျိုး မရိုးရအောင် ဝင်လာကြတယ်။ ဒီထဲကမှ အသည်းအတွက်၊နှလုံးအတွက်၊အာရုံကြောအတွက်၊သွေးအားအတွက်ဆိုပြီး နာမည်တပ်ကြပြန်တယ်။ ပိုပြဿနာပေးတာက ဆရာဝန်တွေ ခေါင်းရှုပ်လာတယ်။ ဘယ်ဆေးဝါးတွေကို အသုံးပြုမှာလဲ။ လူနာအတွက်သင့်တော်တဲ့ဆေးဆိုတာ ဈေးမဟုတ်ဘူး။ ဆေးရဲ့ အရည်အသွေးသာ ဖြစ်တယ်။ လူနာအတွက် ဘယ်လိုဆေးကို ရွေးချယ်ညွှန်ကြားမလဲ။ အားဆေးသဘောက ဝေဖန်ရခက်တယ်။ ကောင်းမဟုတ်၊မကောင်းမဟုတ် တုဏှိဘာဝေ ငြိမ်သက်နေလို့မရဘူး။ ဆေးပေးတဲ့အခါ ခေါင်းအခြောက်ရဆုံးဆေးကလည်း အားဆေးပါပဲ။ လိုအပ်တဲ့လူနာကို အဆင်သင့်သလိုပေးရတယ်။ အသည်းအားဆေးတွေမှာ အဓိကပါဝင်တာက ဗီတာမင် ဘီအုပ်စုတွေ ဖြစ်ပါတယ်။ herbalပြောပြော၊တိုင်းရင်းဆေးဆိုဆို၊အင်္ဂလိပ်ဆေး ဘယ်လိုဖြစ်ပါစေ သိပ္ပံနည်းကျဓာတ်ခွဲကြည့်တဲ့အခါ ပရိုတင်းဓာတ်၊ဗီတာမင်သက်စောင့်ဓာတ်တွေ ပါဝင်နေတာတွေ့ရလိမ့်မယ်။ အသည်းရောင်တယ်ဆိုတာ ပျက်အစဉ်၊ပြင်ခဏအမျိုးအစားထဲမှာ ပါဝင်တယ်။ဒါပေမယ့် အသည်းခြောက်ပြီဆိုရင် ပျက်အမြဲ၊ ပြင်မရ ဖြစ်သွားတော့တယ်။ ပြင်လို့ရတဲ့အဆင့်မှာ ပြင်ဆင်ပြီးလုပ်ဆောင်ပါမှ နောင်ရေးအတွက် စိတ်အေးရပါမယ်။ အနာဂတ်ရေး စိတ်အေးရအောင် အသည်းအတွက် ပြင်ဆင်စရာများကို စတင် ကြိုစားပြင်ဆင်သင့်ပါပြီလို့.... 

ဒေါက်တာ အေးမင်းထူး
၁၉.၃.၁၄

No comments:

Post a Comment