Monday, February 9, 2015

ချောင်းဆိုးခြင်းအတွက် အိမ်သုံးနည်းများ

အရင်တပတ်က ချောင်းဆိုးခြင်းအတွက် အသုံးပြုနိုင်တဲ့ အင်္ဂလိပ်ချောင်းဆိုးပျောက်ဆေးတွေကို ဖော်ပြခဲ့ပါတယ်။ ဒီတပတ်မှာ အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့ ချောင်းဆိုးပျောက်ဆေးတွေ ဘယ်လိုလုပ်မလဲ ဆိုတာကို ဆက်လက်ဖော်ပြပေးပါမယ်။ အိမ်သုံး ချောင်းဆိုးပျောက်ဆေး ပြုလုပ်တဲ့အခါ နည်းအမျိုးမျိုးရှိသလို အချိုးအဆအားဖြင့် ဆေးနည်းတခုနဲ့တခု အနည်းငယ်စီ ကွဲပြားလေ့ရှိတယ်။ ဒါပေမယ့် ချောင်းဆိုးပျောက်ဆေးတိုင်းမှာ အဓိကအသုံးပြုတာက ပျားရည်ဖြစ်ပါတယ်။ ပျားရည်မှာ အရောင်ကျတဲ့အာနိသင်ရှိသလို ဗက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ကို နှိမ်နင်းတဲ့ အာနိသင်လည်း ရှိတယ်။ လည်ချောင်းယားယံတာ၊နာတာကို
သက်သာစေတယ်။ ပိုကောင်းတာက ချောင်းစိုရော၊ချောင်းခြောက်မှာပါ သုံးနိုင်တာဖြစ်တယ်။ ညပိုင်း အိပ်မရအောင် ချောင်းဆိုးသူတွေအတွက် ပျားရည်က အစွမ်းထက်တယ်ဆိုတာ တွေ့ရတယ်။ 

အရင်ဆုံးအနေနဲ့အနောက်နိုင်ငံတွေကပါ သုံးစွဲတဲ့ အလွယ်ကူဆုံး ချောင်းဆိုးပျောက်ဆေးနည်းကို ဖော်ပြပါမယ်။ ဒီနည်းက ပျားရည်နဲ့ ရှောက်ရည်ကို ရောစပ်ပြီး သောက်တာဖြစ်ပါတယ်။ အရင်ဆုံး ရှောက်ရည် ထမင်းစားဇွန်းနှစ်ဇွန်းနဲ့ ပျားရည် ထမင်းစားဇွန်းတစ်ဇွန်းကို ရောစပ်ပြီး ရေနွေးပူပူတခွက်(150ml) ထဲထည့်သောက်ပါ။ အချိုးအစားအားဖြင့် ရှောက်ရည်နဲ့ ပျားရည်ကို ၂ချိုး၁ချိုးနဲ့ ရောစပ်ပေးရမှာ ဖြစ်ပါတယ်။ ရှောက်ရည်မှာပါတဲ့ အချဉ်ဓာတ်က ဗီတာမင်စီအာနိသင်ရှိပြီး အရောင်ကျစေတယ်။ ပိုးမွှားရန်ကို ကာကွယ်ပေးသလို ခုခံအားတက်စေတယ်။ အထူးသဖြင့် အအေးမိ၊တုပ်ကွေးလက္ခဏာတွေကို သက်သာစေတယ်။ ပုံမှန်အားဖြင့် အက်ဆစ်ဓာတ်အာနိသင်ရှိပေမယ့် ခန္ဓာကိုယ်ထဲရောက်သွားရင် အယ်လ်ကာလီပြောင်းသွားတယ်။ ဒီဆေးနည်းက ချောင်းအစိုမှာရော၊ချောင်းခြောက်မှာပါ သုံးနိုင်တာတွေ့ရတယ်။

နောက်နည်းတခုကတော့ လည်ချောင်းနာခြင်းနဲ့ သလိပ်ကပ်ခြင်းအတွက် ဖြစ်တယ်။ အရင်ဆုံး ပျားရည်နဲ့ ရှောက်ရည်ကို အထက်ပါအတိုင်း ရောစပ်ပါ။ ကပ်နေတဲ့ သလိပ်ထွက်စေဖို့ ငရုတ်ကောင်း တစ်တို့စာလောက် ထပ်ထည့်ပါ။ငရုတ်ကောင်းရဲ့အပူဓာတ်က သွေးလည်ပတ်မှုအားကောင်းစေပြီး အကျိအချွဲတွေကို သက်သာစေတယ်။ တချို့က ငရုတ်ကောင်းနေရာမှာ ကြက်သွန်နီကို အနေတော်အရွယ်လောက် စိပ်ပြီးထည့်တယ်။ ကြက်သွန်နီမှာပါတဲ့ ဆာလဖာဓာတ်က လည်ချာင်းနာခြင်းကို သက်သာစေသလို သလိပ်ထွက်စေတယ်။ကြက်သွန်နီကို နုတ်နုတ်စင်းပြီး အရည်ထုတ်ပြီး ထမင်းစားဇွန်းတဇွန်းစာ ရောစပ်ပြီး ငါးနာရီလောက်အကြာမှာ သောက်ပါ။ လှီးတဲ့အခါ ဆာလဖာဓာတ် အကြွယ်ဝဆုံးဖြစ်တဲ့ ကြက်သွန်နီဥရဲ့ အခြေက အကောင်းဆုံးဖြစ်တယ်။

ချောင်းဆိုးပျောက်စေတဲ့ အခြားအိမ်သုံးနည်းတခုက မီးဖိုချောင်သုံး နနွင်းမှုန့်သုံးရတာဖြစ်ပါတယ်။ နနွင်းမှာ ကာကျူမင်ဓာတ်(curcumin)ကြွယ်ဝတယ်။ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းကို ရေနွေးပွက်ပွက်ဆူ တခွက်ထဲထညိ့ပါ။ ပျားရည်ထမင်းစားဇွန်းတဇွန်း ထပ်ထည့်ပါ။  ပြီးရင် ၃မိနစ်လောက် အပူပေးပါ။ အအေးခံပြီး တနေ့ သုံးကြိမ် သောက်ပါ။ ဒီနည်းက ချောင်းခြောက်ဆိုးသူတွေအတွက် ကောင်းတယ်။ တချို့က ရေနွေးတခွက်ထဲကို နနွင်း၊ပျားရည်၊ရှောက်ရည် လက်ဖက်ရည်တဇွန်းစီ ဆတူရောထည့်ပြီး သောက်ကြတယ်။ပိုလွယ်တဲ့နည်းက နွားနို့ပူပူထဲကို နနွင်းမှုန့် တစ်တို့စာလောက် ထည့်ပြီး သောက်ရတာပါ။ 

ချောင်းဆိုးခြင်းကို ကြိုတင်ကာကွယ်ဖို့ ကြက်သွန်ဖြူနဲ့ ပျားရည်ကို ရောသောက်ပေးရတယ်။ ကြက်သွန်ဖြူမှာပါတဲ့ ဆာလဖာဓာတ်က ဗက်တီးရီယားတွေကို သေစေနိုင်တဲ့ အာနိသင်ရှိတယ်။ ကြက်သွန်ဖြူ ၄မြှောင်းလောက်ကို အခွံခွာပြီး နုတ်နုတ်စင်း ပျားရည်နဲ့ရောပြီး တညလောက် သိပ်ထားပါ။ အိပ်ရာထ မနက်စောစောမှာ ပျားရည်တဇွန်းကို ရေများများနဲ့ သောက်သုံးပါ။ ချောင်းဆိုးခြင်းကို ကြိုတင်ကာကွယ်ပေးတယ်။

ကျေးလက်ဒေသတွေမှာတော့ သလိပ်ကပ်၊လည်ချောင်းနာခြင်းအတွက် ကွမ်းရွက်ကို သုံးတယ်။ ကွမ်းရွက်ကို ရေစင်အောင်ဆေးပြီး အရွက်ကို အရည်ထွက်အောင် ထောင်းပါ။ ရလာတဲ့ ကွမ်းရွက်ရည် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းကို ပျားရည် တဇွန်းနဲ့ရောပြီး သောက်ပါ။ အစာစားပြီး တနာရီလောက်မှာ တနေ့နှစ်ကြိမ်သောက်ပါ။ လည်ချောင်းရှင်းစေပြီး ကပ်နေတဲ့သလိပ်တွေကို ရှင်းထုတ်ပေးနိုင်စွမ်းရှိတယ်။ ကွမ်းရွက်နေရာမှာ ပင်စိမ်းရွက်ကိုသုံးနိုင်တယ်။ အာယုဗေဒဆေးနည်းက ပင်စိမ်းကို ကြိတ်ပြီးရတဲ့အရည်ကို လည်ပင်းနဲ့ ရင်ဘတ်ကို အရင်ဆုံး လိမ်းပေးပါ။ လူကို မှောက်ရက်ထားပြီး အောက်မှာ ခေါင်းအုံးတလုံးခံပြီး လက်ဖမိုးကို ခုံးပြီး နောက်ကျောကို အသာအယာ ပုတ်ပေးပါ။ ခါးနေရာကနေ လည်ပင်းထိ ဖြည်းဖြည်းချင်း ပုတ်ပေးရင် သလိပ်ထွက်စေပါသတဲ့။ ဒီနည်းကို chest-percussion technique နည်းလို့ ခေါ်ပါတယ်။

ဆက်လက်ဖော်ပြမှာက နှာခေါင်းပိတ်ခြင်း၊လည်ချောင်းနာခြင်း အတွက်နည်းတွေဖြစ်ပါတယ်။  ကြက်သွန်နီကို ခပ်ပါးပါးလှီး၊ရေနွေးထဲထည့်ပြီး ထွက်လာတဲ့ အငွေ့ကိုလည်း ရှူရတယ်။ ကြက်သွန်က ထွက်လာတဲ့ စူးရှရှအနံ့က နှာခေါင်းမှာ ပိတ်ဆို့နေတာတွေကို သက်သာစေတယ်။ လည်ချောင်းနာ သက်သာစေဖို့ ရှေးရိုးနည်းက ဆားရည်ပလုတ်ကျင်းတာပါ။ ဆားရည်လုပ်ဖို့ သိပ်မခက်ပါ။ ရေနွေးတခွက်ထဲကို ဆားလက်ဖက်ရည်ဇွန်း တဝက်ခန့် ထည့်ပြီး ပလုတ်ကျင်းပါ။ တခါကျင်းရင် ၅မိနစ်၊တနေ့ သုံးကြိမ် ပလုတ်ကျင်းပါ။ တိုင်းရင်းခံတွင်းသန့်ဆေး၊ လည်ချောင်းနာပျောက်ဆေးတွေမှာ လေးညှင်းကို လည်းအသုံးပြုကြတယ်။ လေးညှင်းငါးပွင့်ကို ယူပြီး ရေ(150ml)ထဲထည့်ပြီး ၅မိနစ်ခန့် ပြုတ်ပါ။ အာနိသင်ကောင်းအောင် ပင်စိမ်း(သို့)ပူစီနံရွက်ထည့်ပါ။ ရလာတဲ့ရေကို ခပ်နွေးနွေးအအေးခံပြီး ပလုတ်ကျင်းပါ။ 

အအေးမိ၊နှာစေးတဲ့အခါ ဂျင်းကိုအသုံးပြုရတယ်။ ဥပမာ ဂျင်းလက်ဖက်ရည်သောက်တာမျိုးက ကောင်းတယ်။ ဂျင်းပြုတ်ရည်လုပ်ဖို့ လတ်လတ်ဆတ်ဆတ်ဂျင်းကို အခွံခွာပြီး ၁မီလီမီတာ အထူရှိတဲ့ အပြားလေးတွေ ဖြစ်အောင် ခပ်ပါးပါးလှီးပါ။ အဲဒီအလွှာပါး၆ခုလောက်ကို ရေနွေးပွက်ပွက်ဆူထဲကို ထည့်ပါ။ ပြီးရင် လက်ဖက်ခြောက်ခပ်ပါ။ ၅မိနစ်လောက် ပြုတ်ထားပြီး ၃မိနစ်လောက် အအေးခံပါ။ အရသာရှိတဲ့ ဂျင်းပြုတ်ရည်ကို သောက်သုံးနိုင်ပါတယ်။ တချို့က အရသာပိုကောင်းမွန်အောင် ပျားရည်၊နွယ်ချိုကို ထည့်သောက်ကြတယ်။ 

အဆိုပါနည်းတွေဟာ အအေးမိခြင်း၊လည်ချောင်းနာခြင်း၊ချောင်းဆိုးခြင်းအတွက် အိမ်သုံး ပစ္စည်းတွေနဲ့ အလွယ်တကူပြုလုပ်တဲ့နည်းလမ်းတွေ ဖြစ်ပါတယ်။ ပြုလုပ်နည်းအများစုမှာ ရေနွေးနဲ့ ပျားရည်ကို အဓိကအသုံးပြုတာတွေ့ရပါလိမ့်မယ်။ သတိပြုရမှာက ပျားရည်ကို တနှစ်အောက်ကလေးငယ်တွေမှာ မတိုက်သင့်ဘူး။ ပျား၊ပန်းဝတ်မှုန်နဲ့ ဓာတ်မတဲ့သူတွေ သတိပြုသင့်တယ်။ အထက်ပါဆေးနည်းတွေက သိပ္ပံနည်းကျ လေ့လာထားတာမရှိပေမယ့် အလွယ်တကူပြုလုပ်နိုင်တဲ့ အိမ်သုံးနည်းတွေ ဖြစ်လို့ လူတိုင်းနဲ့သင့်တော်ပါတယ်။ 

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၂၉.၉.၁၄)

1 comment:

  1. ခြေထောက်တွေအေးမနေဘဲ နှာခေါင်းကအသက်ရှူ လို့ မရအောင်ကိုပိတ်နေတယ်,ပီးတော့ ဖျားလည်းဖျားနေတယ်ဆို ဘာဆေးသောက်သင့် လဲ ခင်ဗျ

    ReplyDelete