Monday, February 9, 2015

Marvelon 28 ၂၈ရက် ကိုယ်ဝန်တားဆေးကဒ်

Marvelon ဆိုတာ တားဆေးကဒ်ထဲမှာ အသုံးအများဆုံး တားဆေးတမျိုးဖြစ်တယ်။ ဟော်မုန်းနှစ်မျိုးပါလို့ combined contraceptive pills(COC)လို့ ခေါ်တယ်။ အီစတိုဂျင်နဲ့ ပရိုဂျက်စတိုဂျင် ဟော်မုန်းနှစ်မျိုးကို အချိုးကျပေါင်းစပ်ထားတယ်။ ဒီနာမည်အောက်မှာကို Marvelon 28 နဲ့ 21ဆိုပြီး (၂)မျိုး ထပ်ရှိပြန်တယ်။ နှစ်မျိုးလုံးမှာ ပါဝင်တဲ့ ဟော်မုန်းကတူညီပေမယ့် သောက်ရတဲ့ဆေးလုံး အရေအတွက်က ကွာခြားသွားတယ်။ Marvelon 28က ဆေးလုံး ၂၈လုံးပါတာကြောင့် ၂၈ရက်သောက်ရတယ်။ အထဲမှာ ဟော်မုန်းပါ ဆေးလုံးအဖြူ ၂၁လုံးနဲ့ ဘာဆေးမှမပါတဲ့ ဆေးလုံးအဖြူသေးသေး ၇လုံးပါတယ်။ အမှန်တော့ ဟော်မုန်းဆေးလုံး ၂၁လုံးသောက်ပြီးတဲ့အခါ မမေ့အောင် ဆေးလုံး(၇)လုံးကို
အပိုထည့်ပေးထားတာဖြစ်ပါတယ်။ Marvelon 21မှာတော့ မမေ့အောင်သောက်ရတဲ့ အပိုဆေးလုံး ၇လုံး(reminder pills)မပါတော့ဘဲ စုစုပေါင်း ဆေး၂၁လုံးသာ ပါတယ်။ ဒီဆေးတွေကို ၂၁ရက်အပြည့်သောက်ပြီး ၇ရက်တော့ နားရတယ်။ ပြဿနာက အပိုဆေးလုံးမပါဝင်လို့ ဆေးပြန်သောက်ရမယ့်ရက်တွေ မေ့နိုင်မှားယွင်းနိုင်တယ်။ မြန်မာနိုင်ငံမှာတော့ Marvelon 28ကိုသာ အသောက်များ ကြတယ်။ 

Marvelon 28မှာ ဘာတွေပါလဲ
ဆေး၂၈လုံးအနက် အပေါ်သုံးတန်းက ဆေးလုံး ဖြူဖြူ အလုံးကြီးက ဟော်မုန်းပါတဲ့ဆေးလုံးတွေ ဖြစ်တယ်။ ဆေးတလုံးစီမှာ desogestrel 0.15 mg နဲ့ ethinyl estradiol 0.03 mg ပါဝင်တယ်။ Desogestrel ဆိုတာ progestin ဟော်မုန်းတမျိုးဖြစ်ပြီး ethinyl estradiol ကတော့ estrogenဟော်မုန်းဖြစ်တယ်။ ဟော်မုန်း(၂)မျိုးအစွမ်းနဲ့ ကိုယ်ဝန်တားဆီးတယ်။ အောက်ဆုံးတန်းမှာ ဆေးလုံးဖြူဖြူသေးသေး ၇လုံး ပါဝင်လိမ့်မယ်။ အောက်ဆုံးမှာပါတဲ့ ဆေးလုံးသေးသေး ၇လုံး ဆိုတာကတော့ မမေ့အောင်သောက်ရတဲ့ဆေးဖြစ်လို့ reminder pills လို့ခေါ်ပါတယ်။ အဲဒီဆေးလုံးသေးထဲမှာ ကစီဓာတ်(starch)၊လက်တို့စ်(lactose) စတာတွေသာ ထည့်ထားတယ်။ သတိပြုရမှာက lactose intolerance လက်တို့စ် မတဲ့သူတွေဖြစ်ပါတယ်။ 

marvelon 21မှာတော့ reminder pillsမပါတာကြောင့် ဆေးလုံး၂၁လုံး သောက်ပြီးတာနဲ့ ၇ရက် နားထားရတယ်။ ၈ရက်မြောက်နေ့ကျမှ နောက်တကဒ်(၂၁လုံး) ထပ်သောက်ရတယ်။ marvelon 28ကတော့ တကဒ်(၂၈လုံး)ကုန်တာနဲ့ ရာသီသွေးမကြည့်ပဲနောက်တကဒ် ဆက်သောက်ရလို့ ပိုအဆင်ပြေတယ်။ မေ့မှာလည်း မပူရတော့ဘူး။ 

ကိုယ်ဝန်ဘယ်လိုနည်းနဲ့ တားဆီးလဲ
၁။မျိုးဥအိမ်မှ မျိုးဥကြွေခြင်းကို တားဆီးတယ်။
၂။သားအိမ်ဝအကျိအချွဲ များစေတယ်။
၃။သုတ်ပိုးမဝင်နိုင်အောင်တားဆီးပေးတယ်။

ဘာတွေ ကောင်းလဲ
ကိုယ်ဝန်တားဆီးရုံတင်မဟုတ်ပဲ ရာသီသွေးမှန်စေတယ်။ ရာသီနဲ့ဆိုင်တဲ့ နာကျင်ကိုက်ခဲမှုကို သက်သာစေတယ်။ ဟော်မုန်းတွေကို ထိန်းညှိပေးတာကြောင့် ဝက်ခြံပျောက်ဖို့အတွက်ပါ အသုံးပြုသေးတယ်။ ရာသီသွေးကို ပြောင်းလဲစေဖို့လည်း သုံးနိုင်တယ်။

ဆေးညွှန်း
ရာသီသွေးစပေါ်တဲ့ရက်က ပထမရက်လို့ သတ်မှတ်ပြီး ဆေးစသောက်ရတယ်။ တရက်ကို ဆေးတလုံးသာသောက်ရတယ်။ တချို့က ရာသီပေါ်ပြီး ပထမဆုံး တနင်္ဂနွေမှာ သောက်ကြတယ်။ ပိုစိတ်ချရအောင် ဆေးသောက်စ ပထမတပတ်အတွင်း အကာအကွယ်တားနည်း တမျိုးမျိုး သုံးပေးသင့်တယ်။ဆေးစသောက်တာနဲ့ ရာသီကို မကြည့်တော့ပဲ ဆေးကို ပုံမှန် ဆက်သောက်ပေးရတယ်။ မာဗယ်လွန် ဆေးတကဒ်ကုန်တာနဲ့ နောက်တကဒ်ကို ဆက်သောက်ပေးပါ။ ဆေးသောက်တဲ့အခါ အချိန်မှန်သောက်ပေးနိုင်ရင် ပိုကောင်းတယ်။ ပုံမှန်အားဖြင့် ဆေးလုံးအကြီး ၂၁လုံးသောက်ပြီး သုံးရက်မြောက် နေ့(placebo ) လောက်ကစပြီး ရာသီသွေးဆင်းပါတယ်။ 

ဆေးကို ဘယ်အချိန်စသောက်မလဲ
ရာသီပေါ်ပြီး ငါးရက်အတွင်း ဆေးစသောက်လို့ရပါတယ်။ ဒါပေမယ့် ပိုစိတ်ချရအောင် အကာအကွယ်နည်း တခုခုကို တပတ်လောက် သုံးသင့်တယ်။ ဒါမှမဟုတ် တခြားတားနည်းတခုခုကနေ သောက်ဆေး ပြောင်းတဲ့အခါ စပြောင်းတဲ့နေ့မှာပဲ ဆေးစသောက်သင့်တယ်။ တနည်းအားဖြင့် ဒီနေ့တားနည်းတမျိုးမျိုးပြောင်းရင် (ဥပမာ implant ထုတ်ရင်) ဒီနေ့ပဲ ဆေးစသောက်ရတာမျိုး ဖြစ်တယ်။ ဆေးဖြတ်တဲ့အခါ ရာသီသွေးမကြည့်ပဲ မိမိကြိုက်တဲ့အချိန်မှာ ဖြတ်လို့ရတယ်။ဆေးဖြတ်ပြီး ၁-၂လအတွင်း ရာသီသွေးစပေါ်တယ်။ ၁-၃လအတွင်း မျိုးဥကြွေလို့ အများစုဟာ ဆေးဖြတ်ပြီး ခြောက်လအတွင်း ကိုယ်ဝန်ပြန်ဆောင်နိုင်ကြတယ်။

အားသာချက်
ကောင်းတဲ့အချက်တွေလည်း ရှိပါတယ်။ ဆေးကြောင့် ရာသီသွေး နည်းသွားပြီး၊ရာသီလာချိန် ရက်တိုသွားတယ်။ ရာသီကို လစဉ်မှန်စေတယ်။ ရာသီလာခါနီး နာကျင်ကိုက်ခဲမှုတွေကို သက်သာစေတယ်။ဟော်မုန်းကို ထိန်းညှိပေးလို့ ဝက်ခြံထွက်တာ၊ပေါက်တာတွေကို လျှော့ပါးစေတယ်။ သွေးပေါ်တဲ့ရောဂါအချို့ကို သက်သာစေဖို့လည်း သုံးတယ်။ 

အားနည်းချက်
မကောင်းတဲ့အချက်တွေက လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေကို ကာကွယ်မပေးဘူး။ နို့တိုက်မိခင်တွေအတွက်လည်း အဆင်မပြေပါ။ သွေးပြန်ကြောခဲတာ၊ပိတ်ဆို့တာမျိုးတွေ ဖြစ်နိုင်တယ်။ အထူးသဖြင့် ဆေးသုံးစ ပထမနှစ်အတွင်း အဖြစ်များတယ်။ ဆေးကြောင့် ရင်သားကင်ဆာ ဖြစ်နိုင်ချေပိုများလာတယ်။ လေ့လာမှုအချို့က သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ချေပါ မြင့်တက်လာတယ်လို့ ဆိုပါတယ်။ 

ဘေးထွက်ဆိုးကျိုး
-ရာသီတစက်စက်ဆင်းတာ
-ခေါင်းမူးခေါင်းကိုက်ဖြစ်တာ
-ပျို့ချင်အန်ချင်တာ
-ရင်သားတင်းနာတာ
-ဗိုက်နာတာ
-ကိုယ်လက်မလှုပ်ရှားချင်တာ
-စိတ်အာရုံထွေပြားလာတာ
-စိတ်ခံစားမှုပြောင်းလဲလာတာ
-ဝမ်းလျှောတာ
-မျက်နှာ ပူစပ်ပူလောင်ဖြစ်တာ

(ဆေးသောက်စ ပထမသုံးလအတွင်း ရာသီတစက်စက်ပေါ်တာ၊ပုံမှန်မလာတာ၊ဗိုက်နာ၊ပျို့ချင်အန်ချင်တာမျိုး အဖြစ်များတယ်။ အဆိုပါ လက္ခဏာတွေဟာ ဆေးသောက်ချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းသက်သာသွားပါလိမ့်မယ်။)

ဆေးမသောက်သင့်သူများ
• ဟော်မုန်းဆေးမတဲ့သူများ
• ကိုယ်ဝန်ဆောင်မိခင်များ
• နို့တိုက်မိခင်များ
• အသည်းရောဂါဖြစ်သူများ
• နှလုံး၊လေဖြတ်ရောဂါအခံရှိသူများ
• ရင်သားကင်ဆာမျိုးရိုးရှိသူများ
• သွေးကြောပိတ်ရောဂါအခံရှိသူများ
• မွေးလမ်းကြောင်းမှ အကြောင်းမဲ့သွေးဆင်းသူများ

အတူတွဲမသောက်သင့်တဲ့ဆေး
• အတက်ပျောက်ဆေး(carbamazepine,barbiturate)
• ဝက်ရူးပြန်ဆေး(phenytoin)
• ပိုးသတ်ဆေး(ampicillin,tetracycline,griseofulvin)
• တီဘီ၊အိတ်ခ်ျအိုင်ဗွီဆေး(Ritonavir,Rifampicin)
• ဟာဗယ်ဆေး(St. John's wart)

ဆေးသောက်ဖို့မေ့နေရင် ဘာဆက်လုပ်မလဲ။
သတိရရချင်း မေ့နေတဲ့ ဆေးလုံးကို သောက်ပါ။ နောက်ဆေးကိုလည်း ပုံမှန်သောက်ရမယ့် အချိန်အတိုင်း ဆက်သောက်ပေးပါ။ ပုံမှန် ဆေးသောက်ချိန်ထက် (၁၂)နာရီကျော်သွားရင် တားဆေးရဲ့ အစွမ်းကို အနည်းငယ် ယုတ်လျှော့နိုင်တယ်။ အထူးသဖြင့် ဆေးသောက်စ ပထမအပတ်နဲ့ တတိယအပတ်တွေမှာ သတိထားသင့်တယ်။ ဒီရက်တွေမှာ ဆေးသောက်ဖို့မေ့လျှော့ခဲ့ရင် ကိုယ်ဝန်ရနိုင်ချေပိုများလာတာ တွေ့ရတယ်။ အကယ်၍ တားဆေးသောက်ဖို့ အနည်းဆုံး သုံးရက် လောက်မေ့သွားရင် တားဆေးကို ဆက်မသောက်တော့ပဲ တားဆေးကဒ်အသစ်ကို အစကနေ ပြောင်းသောက်ရတယ်။ အဲဒီရက်မှာတော့ ရာသီလာတော့မှာ မဟုတ်ပါ။ ဒါမှမဟုတ် ဆေးသောက်ဖို့ နှစ်ရက်လောက် မေ့သွားရင် သတိရရချင်း နှစ်လုံးသောက်ပြီး နောက်ရက်တွေမှာ ပုံမှန်အတိုင်း ဆက်သောက်ပေးပါ။ ဆေးသောက်ဖို့ တရက်ထက်ပိုပြီး မေ့နေတာနဲ့ အကာအကွယ်တားနည်း တမျိုးမျိုးကို ၁ပတ်လောက် သုံးပေးရမှာ ဖြစ်ပါတယ်။  

ဒေါက်တာ အေးမင်းထူး
၆.၁၀.၁၄

No comments:

Post a Comment