Monday, February 9, 2015

Foothy cream ခြေဖနောင့်ကွဲအက် အသားမာတက်

ခြေဖဝါးကွဲအက်တာဟာ အရေပြားခြောက်သွေ့ခြင်းကြောင့် ဖြစ်ပါတယ်။ အစိုဓာတ်နည်းတဲ့အခါ အရေပြားကွဲအက်တာ၊အသားမာတက်တာမျိုး ဖြစ်လာတယ်။ မျိုးရိုးနဲ့သက်ဆိုင်သလို အလုပ်အကိုင်နဲ့ ပိုဆိုင်တယ်။ ရေနဲ့အထိအတွေ့များသူတွေ ပိုတွေ့ရတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုတွေ့ရတယ်လို့ ဆေးခန်းလာသူတွေအရ သိရတယ်။ အသက်ငယ်သူထက် အသက်ကြီးသူတွေမှာ ပိုတွေ့ရတယ်။ ချမ်းသာသူထက် ဆင်းရဲသူတွေမှာ ပိုဖြစ်တယ်။ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် နေထိုင်ရသူတွေ ကံကောင်းကြတယ်။ အိမ်ထောင်ကျသွားရင်
မိသားစုတာဝန်တွေပိုလာသလားမသိ။ ဘယ်လိုပဲဆိုဆို အိမ်ထောင်မှုကိစ္စ၊အလုပ်ကြမ်းတွေ ပိုလုပ်ရသူတွေမှာ အတွေ့များတာအမှန်ပါ။ တဖက်ကကြည့်ရင် အလုပ်နိုင်နင်းသူလို့ တမျိုး ဂုဏ်ယူနိုင်သေးတယ်။ အပျိုကြီးတွေမှာ အဖြစ်ပိုနည်းလား ဆိုတဲ့ သုသေသနတော့လည်း မတွေ့မိသေးဘူး။ 

ခြေဖဝါးကွဲခြင်းအသားမာတက်ခြင်းအတွက် လိမ်းဆေးအမျိုးမျိုး ရှိကြတယ်။ အစိုဓာတ်ထိန်းရတာဖြစ်လို့ အများစုမှာ ureaပါတဲ့ ဆေးတွေလိမ်းကြရတယ်။ ရှားစောင်းလက်ပတ်၊သံလွင်ဆီ၊အလှဆီပါဝင်ကြတယ်။ အရေပြားကောင်းဖို့ ဗီတာမင်အီးကို ထည့်သွင်းတတ်ကြတယ်။တခြားherbalဆေးတွေလည်း အများအပြားရှိသေးတယ်။ ခြေဖဝါးကွဲအက်သူတွေအတွက် အသုံးပြုနိုင်တဲ့ဆေးတမျိုးက foothy creamလိမ်းဆေး ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုငိငံ OTTO ဆေးကုမ္ပဏီက ထုတ်လုပ်တယ်။ 20gပါဝင်တဲ့ လိမ်းဆေးဖြစ်ပြီး တချောင်းကို ၂၀၀၀ပတ်ဝန်းကျင်ရှိတယ်။
ပါဝင်ပစ္စည်းများ
-Urea
-Glycerine
-Glyceryl caprate
-Vitamin E
-Cetyl alcohol
-Ceteareth 20
-Fructan
-Vaselin album
-Geranium oil
-Portulaca extract
-Methyl paraben
-Propyl paraben
-Aqua
ဘာတွေကောင်းလဲ
ယူရီးယား(urea)က အစိုဓာတ်ကို ထိန်းပေးတယ်။ အလှဆီက ခြောက်သွေ့ကြမ်းတမ်းခြင်းကို ကာကွယ်တယ်။ ဗီတာမင်အီးရဲ့ အင်တီအောက်ဆီးဒင့်က ဆဲလ်တွေကို ပြုပြင်ပေးတယ်။ အသားလှစေတယ်။ဖရူတန်(fructan)ဆိုတာ အပင်ကရတဲ့ polysaccharide  ဓာတ်တမျိုးပါ။ အရေပြားအပြင်လွှာကို ထိန်းသိမ်းပေးနိုင်တယ်။ Portulacaက အရေပြားပျက်ဆီးခြင်းကို ကာကွယ်ပေးတယ်။ ကွဲနေတဲ့အရေပြားကို ပြန်စေ့ပေးတယ်။ အနာကျက်သက်သာစေတယ်။ foothy လိမ်းဆေးဟာ ကွဲအက်တဲ့ခြေဖဝါးအတွက် သင့်တော်တဲ့ဆေးတွေကို ပေါင်းစပ်ထားတယ်။

အသုံးဝင်ပုံ
-ခြေဖဝါး ကွဲအက်ခြင်း
-အသားမာတက်ခြင်း
-အဖတ်လိုက်ကွာကျခြင်း
-အရေပြား ခြောက်သွေ့ယားယံခြင်း
-အရေပြားအစိုဓာတ်ထိန်းခြင်း
(မျက်နှာ၊လည်ပင်း၊အင်္ဂါစပ်တွေမှာ မသုံးစွဲပါနဲ့)

ဆေးညွှန်း
ဖြစ်တဲ့နေရာကို ခြောက်သွေ့သန့်ရှင်းအောင် အရင်လုပ်ပါ။ ဆေးပမာဏ အနည်းငယ်ယူပြီး တနေ့ ၂-၃ကြိမ်ထိ လိမ်းပေးပါ။ အနည်းဆုံး ၁ပတ်မှ ၁လထိ သုံးစွဲသင့်တယ်။ ခြောက်သွေ့ကွဲအက်လွယ်တဲ့အရေပြားအတွက် တနေ့၎-၅ကြိမ် လိမ်းပေးနိုင်တယ်။ မကြာခဏဖနောင့်ကွဲတတ်သူတွေ တနေ့တကြိမ် နေ့စဉ်ပုံမှန် လိမ်းပေးသင့်တယ်။ ဆေးလိမ်းစဉ် ရေနဲ့ထိတွေ့တာ တတ်နိုင်သမျှရှောင်ပေးပါ။

ဘေးထွက်ဆိုးကျိုး
-အရေပြားယားယံခြင်း
-ဓာတ်မတဲ့ခြင်း
-ရောင်ရမ်းခြင်း

ကြေငြာအရ ဆေးသုံးပြီး တပတ်အတွင်းသိသာလာမယ် ဆိုထားတယ်။ တလအတွင်း အရေပြားချောမွေ့လာစေတယ်။ ၂-၃လဆိုရင် ပုံမှန်အတိုင်း ပြန်ဖြစ်နိုင်တယ်။ တခါတရံမထူးခြားတာလည်း ဖြစ်နိုင်တယ်။ ဆေးကြောင့်လား၊အနေအထိုင်လားဆိုတာ သုံးစွဲသူသာ သိမယ်။ သေချာတာတော့ ဆေးဘယ်လိုပဲသုံးသုံး အနေအထိုင်မဆင်ခြင်ရင် ပျောက်ကင်းမှာ မဟုတ်ဘူး။ ဆေးသုံးမလား၊ဆင်ခြင်မလား။ တခုခုတော့ ရွေးချယ်သင့်ပြီ။ 

ဒေါက်တာ အေးမင်းထူး
၂၉.၁၂.၁၃

No comments:

Post a Comment