Friday, March 20, 2015

အဖြူဆင်းလို့ ဆေးသောက်ရင်

ဆရာ
ကျွန်မလေအဖြူအရမ်းဆင်းပါတယ် နှစ်တော်တော်ကြာနေပါပြီ ဒါပေမယ့်သူများတွေလိုမျိုးယားယံခြင်းမျိုး နံခြင်းမျိုးမရှိပါဘူး
ကျွန်မအသက်၁၆နှစ်လောက်ကတည်းကစတင်ဖြစ်တာပါ အခုကျွန်မအသက်၂၅နှစိရှိပါပြီ
တချို့ကပြောတာ သားအိမ်ကင်ဆာဖြစ်ဖို့များတယ်လို့လည်းပြောနေကြတော့ကျွန်မတော်တော်လေးစိတ်ညစ်နေရပါတယ်
ဆေးရုံမှာသွားပြီးလည်းမစစ်ရဲဘူး ကင်ဆာဖြစ်နေမှာကြောက်လို့ပါ
ကျွန်မကထိုင်းမှာနေတာပါ
ဘယ်လိုဆေးမျိုးသောက်လို့ရမလဲလို့သိချင်လို့ပါ
ကျွန်မအိမ်ထောင်ရှိပါတယ် 
ကျေးဇူးတင်စွာဖြင့်


အမျိုးသမီးအများစုဟာ ဘေးစကားကြောင့် အတွေးမှားတတ်တဲ့ အကျင့်လေးတွေ ရှိတတ်ကြတယ်။ အရင်ဆုံးအားပေးချင်တာက အဆိုးဆုံးဖြစ်တဲ့ ကင်ဆာဆိုတာမျိုးကို မတွေးပါနဲ့ဦး။ တခြားအခြေအနေ တွေးစရာတွေ အများအပြားရှိတယ်။  မွေးလမ်းကြောင်းဆိုတာ ပုံမှန်အားဖြင့်ကို အဖြူဆင်းတတ်ကြတယ်။ အဖြူဆင်းတာက သာမန်ရောဂါမရှိတဲ့ မိန်းကလေးတွေမှာလည်း အဖြစ်များတယ်။ အပျိုဖြစ်ပြီးစမှာ အဖြူစဆင်းတတ်ကြတယ်။ အမှန်က မွေးလမ်းကြောင်းနဲ့ သားအိမ်ခေါင်းမှာရှိတဲ့ ဂလင်းတွေက ဗက်တီးရီးယားနဲ့ ဆဲလ်သေတွေသန့်စင်အောင် အရည်တွေ ထုတ်ပေးနေတာပါ။ မွေးလမ်းသန်စင်အောင် လုပ်ပေးတာပါ။ ဒါ့ပြင် လလည်ရက် သားဥကြွေချိန်မှာလည်း ပုံမှန်ထက် အရည်ဆင်းတာ၊အဖြူဆင်းတာ ရှိတတ်တယ်။ ပုံမှန်ဖြစ်လို့ စိုးရိမ်ဖို့ မလိုအပ်ဘူး။စိတ်ဖိစီးမှုများတာ၊ကိုယ်ဝန်ဆောင်ချိန်တွေမှာလည်း အဖြူဆင်းတတ်ကြတယ်။ တားဆေးကြောင့်လည်း ဖြစ်တတ်တယ်။ အဓိကကတော့ ဟော်မုန်းအပြောင်းအလဲများလို့ပါ။

ပုံမှန်မဟုတ်တဲ့အဖြူဆင်းခြင်း
အဖြူဆင်းတာက မွေးလမ်းကြောင်း ပိုးဝင်လို့ဖြစ်ရတယ်။ တခါတရံ ပိုးသတ်ဆေးတွေရဲ့ဆိုးကျိုးကြောင့်လည်း ဖြစ်တတ်တယ်။ အဖြစ်များတဲ့ပိုးတွေက
-Bacterial vaginosis
-gonorrhoea 
-chalamydia
-trichomoniasis
-yeast infection စတာတွေ ဖြစ်ပါတယ်။ တခါတရံ မွေးလမ်းကြောင်းကို အလွန်အကျွံသန့်ရှင်းရာကနေလည်း ဖြစ်နိုင်တယ်။ ဆပ်ပြာ၊အမျိုးသမီးသုံးသန့်စင်ရည်တွေ အလွန်အကျွံသုံးတာကို အားမပေးချင်ဘူး။ အကျိုးပြုဗက်တီးရီးယားတွေ သေသွားစေမယ်။ 

ဘယ်အချိန်မှာ စိုးရိမ်ဖို့လိုအပ်လဲ
-အနံ့နံတာ
-အရောင်ပြောင်းတာ
-အရည်ပျစ်တာ
-အင်္ဂါစပ် ယားတာ၊စပ်တာ
-အတူနေပြီး သွေးပါတာ
-အမြဲတမ်း အဖြူဆင်းတာ
ဒီလိုဖြစ်ရင် ဆရာဝန်ဖြစ်သူနဲ့ သေချာတိုင်ပင်ပြသသင့်တယ်။

ကုသနည်း
ကုသနည်းအများစုက မွေးလမ်းကြောင်းကို fungiact(သို့)ladypac လို မှိုပိုး၊ဗက်တီးရီးယားပိုးနိုင်တဲ့ ဆေးလုံး ထည့်ပေးရတာပါ။ ညစဉ်ထည့်ပေးရတယ်။ ၅ရက်-၁ပတ် ပေးရမယ်။ သောက်ဆေးအနေနဲ့ ciprofloxacin 500(သို့)Cefixime 200ကို တနေ့(၂)ကြိမ်သောက်သင့်တယ်။ metronidazole 200mg တနေ့သုံးကြိမ် ထည့်သောက်ပါ။ သတိပြုရမှာက ပိုးသတ်ဆေးတွေကို ဆရာဝန်ညွှန်ကြားချက် မပါဝင်ပဲ မသောက်သင့်ဘူး။ အကျိုးပြုပိုးမွှားသေစေမယ်။ဒီ့အတွက် အလွယ်တကူ ဒိန်ချဉ်သောက်ပေးနိုင်တယ်။ 

မေးသူအတွက် အဖြေ
-အများစုဟာဖြစ်တတ်ကြလို့ စိုးရိမ်စရာသိပ်မလိုလောက်ပါဘူး
-လလည်ရက်မှာ အဖြစ်များလားတော့ ဂရုစိုက်ကြည့်ပေးပါ
-ယားတာ၊အနံ့နံတာ၊အရည်ပျစ်တာရှိရင် ဆရာဝန်နဲ့ပြသရပါမယ်
-အမျိုးသားကနေ ပိုးဝင်ရင် နှစ်ယောက်လုံးကို ကုသပေးရမယ်

အကြံပြုချက်
-မွေးလမ်းကြောင်းကို သန့်စင်ခြောက်သွေ့အောင် ထားပါ။
-အလွန်အကျွံ ကိုင်တွယ်သန့်စင်တာမျိုး မလုပ်သင့်ဘူး။
-အိမ်သာတက်တဲ့အခါ ရှေ့မှနောက်သို့ သန့်စင်ပါ။
-အတွင်းခံတင်းကျပ်တာမဝတ်ဆင်ရ။
-ချည်ထည်မျိုး ရွေးချယ်ဝတ်ဆင်ပါ။
-tamponမသုံးပဲ padကိုပဲ သုံးပေးပါ။
-ရေများများသောက်ပါ။
-စိုးရိမ်စိတ် မလွန်ကဲပါစေနဲ့။
-စိတ်ဖိစီးမှု၊အိပ်ရေးပျက်တာ ကင်းဝေးပါစေ။

ဒေါက်တာ အေးမင်းထူး
၂၈.၄.၁၄

No comments:

Post a Comment