Friday, March 20, 2015

Sorbitol STADA powder ဝမ်းနုတ်ဆေး အမှုန့်ထုပ်

Sorbitol STADA powderဆိုတာ ဝမ်းနုတ်ဆေးထုပ် တမျိုးဖြစ်ပါတယ်။ အစားပျက်၊ခံတွင်းပျက် ဖြစ်သူတွေလည်း သောက်သုံးနိုင်တယ်။ Sorbitol STADA powder ဆေးထုပ်တစ်ထုပ်မှာ Sorbitol   5 g ပါဝင်တယ်။ ဆေးတစ်ဗူးမှာ ဆေးထုပ် (၂၀)ပါဝင်တယ်။ powder အမှုန့်ထုပ်ပုံစံဖြစ်လို့ ရေနဲ့သောက်ရတယ်။ လူကြီးရော၊ကလေးပါ သောက်သုံးနိုင်တယ်။ တချို့ကလည်း အမှုန့်ကို ပါးစပ်ထဲထဲ့ပြီး ရေနဲ့မျှောချကြတယ်။ ရေ၊ဖျော်ရည်အချို့နဲ့ ရောပြီးလည်း သောက်သုံးနိုင်တယ်။ 

Sorbitol ရဲ့ အသုံးဝင်ပုံ
Sorbitol ဆိုတာ သကြားဓာတ်တမျိုးပဲ ဖြစ်ပါတယ်။ glucitolလို့လည်း ခေါ်ကြတယ်။ ဂလူးကိုစ့်ရဲ့ aldehydeပုံစံ ကို hydroxyl ပုံစံပြောင်းလဲရင် Sorbitolဆိုတာ ဖြစ်လာတယ်။ Sorbitolအများစုကို corn syrup ပြောင်းဖူးက ထုတ်လုပ်ထားတယ်။ဇီးသီးခြောက်ထဲမှာလည်း ဒီဓာတ်တွေ ပါဝင်တာတွေ့ရတယ်။ ပိန်ဆေးတချို့မှာလည်း ထည့်သွင်းတတ်တယ်။ အဆီချဇီးသီးဆိုတာ sorbitolဓာတ်ကို သွယ်ဝိုက်ပြီး အသုံးချထားတာ ဖြစ်ပါတယ်။ ပန်းသီး၊ဇီးသီး၊စွန်ပလွန်၊ချယ်ရီသီးတွေမှာလည်း တွေ့နိုင်တယ်။ အသီးတွေမှာပါဝင်တဲ့ sorbitol ဓာတ်ကို ၁၈၇၂ခုနှစ်မှာ စတင်တွေ့ရှိခဲ့တယ်။ နောက်ပိုင်းမှာ Sorbitolကို  သကြားအစားထိုး ပစ္စည်းအဖြစ် သုံးစွဲကြတယ်။ သကြားဓာတ်ဖြစ်လို့ အူလမ်းကြောင်းက ရေတွေကို စုပ်ယူတယ်။ ပြီးရင် အူလှုပ်ရှားမှုကို ဖြစ်ပေါ်စေတယ်။ အူလှုပ်ရှားမှုအပေါ် တိုက်ရိုက်မသက်ရောက်စေလို့ non-stimulant laxative အဖြစ် သတ်မှတ်ထားတယ်။ အူလမ်းကြောင်း၊အူလှုပ်ရှားမှုကို မထိခိုက်စေလို့ အသက်ကြီးသူတွေအတွက် သင့်တော်တယ်။ ဆေးရည်၊ဆေးထုပ်၊ဝမ်းချူဘောလုံး ပုံစံမျိုးစုံနဲ့ တွေ့ရတယ်။ ပီကေ၊သွားတိုက်ဆေး၊ချောင်းဆိုးပျောက်ဆေး၊အချိုရည်နဲ့ အစားအစာအချို့မှာလည်း ထည့်သွင်းအသုံးပြုကြတယ်။ ဓာတ်ခွဲခန်းတွေမှာ ပိုးမွှေးမြူဖို့၊E coli ဗကိတီးရီးယားအမျိုးအစား ခွဲခြားဖို့လည်း အသုံးပြုကြတယ်။ 

အသုံးပြုနိုင်သော ရောဂါများ
-ဝမ်းချုပ်ခြင်း
-ခံတွင်း ပျက်ခြင်း
-အစားအသောက်ပျက်ခြင်း

ဆေးညွှန်း
၁။ဝမ်းချုပ်ခြင်းအတွက် ဆေးထုပ် တစ်ထုပ် သောက်သုံးပေးသင့်တယ်။ မနက်စာမစားမှီ နေ့စဉ် တစ်ထုပ် သောက်ပေးပါ။ ကလေးဖြစ်ရင် ဆေးထုပ် တစ်ဝက်သာ သောက်သုံးပေးပါ။ အာနိသင်က မကြာခင် တွေ့မြင်ရတယ်။
၂။အစာမကြေ၊ခံတွင်းပျက် ဖြစ်ခြင်းအတွက် နေ့စဉ် ဆေးထုပ် ၁-၃ထုပ် သောက်သုံးပေးရတယ်။ အစာမစားမီ ဆေးထုပ် ၁ထုပ်ကို တနေ့သုံးကြိမ် သောက်သုံးပေးနိုင်တယ်။

ဘေးထွက်ဆိုးကျိုး
-ဗိုက်နာခြင်း
-ဝမ်းလျှောခြင်း
-ဝမ်းမမှန်ခြင်း
-ပျို့ချင်၊အန်ချင်ဖြစ်ခြင်း
-လေချဉ်တက်ခြင်း
-လေထိုး၊လေအောင့် ဖြစ်ခြင်း

Sorbitol သုံးစွဲတဲ့အခါ သတိပြုစရာတွေ ရှိသေးတယ်။ အူလမ်းကြောင်း ရောင်ရမ်းတဲ့ရောဂါ(inflammatory bowel disease)မှာ သုံးစွဲမိရင် ရောဂါလက္ခဏာကို ပိုဆိုးစေတယ်။ အထူးသဖြင့် ဗိုက်မခံမရပ်နိုင်အောင် နာတာမျိုး ဖြစ်လာနိုင်တယ်။ ဖရူးတို့စ်(fructose)ဓာတ် မတဲ့သူတွေ မသောက်သုံးသင့်ဘူး။ တခြားဝမ်းပျော့ဆေး၊ဝမ်းနုတ်ဆေးတွေနဲ့ တွဲမသောက်သင့်ဘူး။ ဆေးသောက်တဲ့အခါ ယာယီသာ သုံးစွဲသင့်တယ်။ ဝမ်းမှန်လာရင် ဆေးပြန်ဖြတ်ပါ။ ဘာကြောင့်လဲဆိုတော့ ရေရှည်သုံးစွဲတာနဲ့အမျှ ဆေးကို စွဲသွားတတ်လို့ပါ။ ဆေးမသောက်ရင် ဝမ်းချုပ်သလို ခံစားလာရတယ်။ပုံမှန်အားဖြင့် တပတ်ထက် ပိုမသောက်သင့်ဘူး။

ဒေါက်တာ အေးမင်းထူး
၃.၃.၁၄

No comments:

Post a Comment