Tuesday, March 24, 2015

Protinet အမိုင်နိုအက်ဆစ် အားဆေး

ဆရာprotinet အားဆေးအကြောင်လေးသိချင်လို့ပါ။
protinet ဆိုတာ ပရိုတင်း အသားဓာတ် အားဆေးတမျိုးဖြစ်တယ်။ ပိုတိကျအောင်ပြောရင် အမိုင်နိုအက်ဆစ် ဖြစ်တယ်။ အမိုင်နိုအက်ဆစ်ဆိုတာ ပရိုတင်းဓာတ်ရဲ့ အခြေခံအုပ်မြစ် ဖြစ်တယ်။ ဆဲလ်နဲ့နှိုင်းယှဉ်ကြည့်ရင် အက်တမ်နဲ့တူတယ်။ အက်တမ်တွေပေါင်းစပ်ပြီးမှ ဆဲလ်တခုဖြစ်ရတယ်။ အဲလိုပဲ အမိုင်နိုအက်ဆစ်တွေ စုပေါင်းပြီး ပရိုတင်းဆ်ုတာ ဖြစ်လာတယ်။ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ဖို့ ပရိုတင်းက အရေးကြီးတယ်။ တရားသဘော ရုပ်၊နာမ်နဲ့ နှိုင်းယှဉ်ရရင် ရုပ်ခန္ဓာကြီးက ပရိုတင်းတွေ ဖွဲ့စည်းပြီး ဖြစ်လာရတာပါ။ရုပ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးမှုအတွက် ပရိုတင်းက အရေးပါတယ်။ ဒီအတွက် ပရိုတင်းအားဆေးဆိုတာတွေ ပေါ်ပေါက်လာတယ်။ 

ပရိုတီးနက်(protinet)က ခန္ဓာကိုယ်သေးကွေးသူ၊အသားအစားနည်းသူ၊သက်သက်လွတ်သမားတွေမှာ လိုအပ်တဲ့ အသားဓာတ်ကို ဖြည့်ပေးတယ်။ အားကစားသမားတွေမှာလည်း ကြွက်သားထုထည် များအောင်ပေးတတ်ကြတယ်။ ဆရာဝန်တွေကတော့ နာတာရှည်ရောဂါသည်အတွကိ ညွန်ကြားလေ့ရှိတယ်။ အဖျားရောဂါ၊သွေးပေါင်ကျတဲ့အခါ ပရိုးတင်းဓာတ်က ပိုလိုအပ်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ခုခံအားဆိုတာ ပရိုတင်းက ဖြစ်လို့ပါ။ ခုခံအားကျဆင်းသူတွေမျာလည်း ပေးလေ့ရှိတယ်။ နို့တိုက်မိခင်သည်တွေ အစားအသောက်ပျက်ရင် လိုအပ်တဲ့ ပရိုတင်းကို ဆေးသောက်ပြီး ရရှိစေတယ်။ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး(ဥပမာ ကင်ဆာဆေး၊စတီးရွိုက်အရောင်ကျဆေး၊ခုခံအားနှိမ်တဲ့ဆေး)တွေကို ကာဗာဖြစ်ဖို့လည်း သုံးတယ်။ သွေးပေါင်တက်အောင်လည်း သုံးနိုင်တယ်။ စိတ်ဖိစီးမှုကြောင့် အစားအသောက်ပျက်သူတွေမှာလည်း သုံးတယ်။ အိပ်ရာထဲလဲနေသူတွေမှာလည်း သုံးနိုင်တယ်။ ပြောရရင် လိုအပ်တဲ့အနေအထားမှာ ဆရာဝန်က လိုအပ်သလိုပေးတာဖြစ်တယ်။ 

ဆေးမှာပါဝင်တာတွေက-
-Isoleucine 35 mg, 
-leucine 60.2 mg, 
-lysine HCl 54.95 mg, 
-phenylalanine 35 mg, 
-threonine 28 mg, 
-valine 42 mg, 
-cysteine HCl 7 mg, 
-alanine 21 mg, 
-glutamine 140 mg, 
-glycine 21 mg, 
-histidine HCl 28 mg, 
-proline 112 mg, 
-serine 35 mg, 
-tyrosine 37.45 mg

အမိုင်နိုအက်ဆစ်မှာ essential နဲ့ non essential ဆိုပြီး ရှိတယ်။ ခန္ဓာကိုယ်က မထုတ်နိုင်တာကို အပြင်က ဖြည့်ရတယ်။  ဖြည့်တင်းဖို့လိုအပ်တာကြောင့် essential amino acid လို့ခေါ်ပါတယ်။ ဆိုလိုချင်တာက အစားအသောက်လို၊ဆေးဝါးလိုမျိုးကတဆင့် ပါဝင်စေရတယ်။ essential အမိုင်နိုအက်ဆစ် (၈)မျိုးရိှတယ်။ တချို့ကလည်း (၉)မျိုးတဲ့။ protinet မှာ essential amino acid တွေ ထည့်ထားတယ်။ histidine, isoleucine, leucine, lysine, methionine, phenylalanine, threonine, tryptophan and valineစတာတွေ ဖြစိတယ်။ ကလေးတွေကြီးထွားဖို့ လိုအပ်တဲ့ အမိုင်နိုအက်ဆစ်တွေက arginine, cysteine and tyrosine တွေ ဖြစ်တယ်။

ဆေးကို ဘယ်လိုသောက်လဲ
ဆေးက sustained-release ထိန်းချုပ်ပြီး အာနိသင်ရတာဖြစ်လို့ ပုံမှန်အားဖြင့် တလုံး တကြိမ်ပဲ သောက်ကြတယ်။ လိုအပ်ရင် ဆေးပမာဏ ပိုတင်လို့ရသေးတယ်။ အများစုက ကြာရှည်သောက်ခိုင်းတယ်။ ရေတို တရက်၊နှစ်ရက် နဲ့အာနိသင်ထူးခြားမှုမရှိဘူး။ လချီ တခါတရံ နှစ်ချီပြီး စွဲသောက်ရတတ်တယ်။

ဘေးထွက်ဆိုးကျိုးတွေလည်း ရှိပါတယ်။
-ဝိတ်တက်တာ
-BUN များတာ
-ဆိုဒီယမ်နည်းတာ
-ကျောက်ကပ်ထိခိုက်တာ
-ဝမ်းသွားတာ
-ပျို့အန်ချင်တာ
-ဗိုက်တင်းသလိုနေတာ

သတိပြုစရာတွေတော့ ရှိသေးတယ်။ ဆီးထဲမှာ ketoneပါတဲ့လူနာတွေမှာ သတိထားပေးရတယ်။ ပရိုးတင်းများလို့ ဖြစ်နိုင်သလို ကျောက်ကပ်ပျက်ဆီးလို့လည်း ဖြစ်နိုင်ပြန်တယ်။ အသားစားများသူ(သို့)ပရိုတင်းဆေးသောက်သူတွေမှာ သွေးအဖြေပြောင်းလဲနိုင်တယ်။ သွေးထဲမှာ creatinine များနေရင် ပရိုတင်းကြောင့် ဖြစ်နိုင်တယ်။ ဆီးစစ်လို့ ပရိုတင်းအထွက်များတာ အပေါ်က အဝင်များလို့ဖြစ်နိုင်တာလည်း သတိပြုရတယ်။ 

ဒေါက်တာ အေးမင်းထူး
၆.၉.၁၄

No comments:

Post a Comment