Sunday, February 15, 2015

Beucogen နတ်သမီးလေးလို လှစေချင်

ဒီဖက်ခေတ်ကာလမှာ အသားလှဆေးတွေ တခုပြီးတခု အပြိုင်အဆိုင် ဝင်လာကြတယ်။ အသားလှဆေးတွေထဲမှာ ဂျပန်နဲ့ ကိုရီးယားက လာတဲ့ဆေးတွေက ခေတ်စားလှတယ်။ အသားလှဆေးမျိုးစုံ ၊ကြေငြာမျိုးစုံနဲ့ ဝင်လာတဲ့ဆေးတွေထဲမှာ Beucogenခေါ်တဲ့ အသားလှဆေးတမျိုးလည်း တခုအပါအဝင် ဖြစ်ပါတယ်။ Beucogenဆိုတာ Japan ဖော်မြူလာနဲ့ထုတ်ထားတဲ့ အသားလှဆေးတမျိုး ဖြစ်ပါတယ်။3 in 1 formulaနဲ့ ထုတ်လုပ်ထားတယ်။  3 in 1 formulaဆိုတဲ့သဘောက 
၁။အသားအရေကို ကြည်လင်ဝင်းပစေခြင်း၊
၂။အမျိုးသမီးရင်သားတွေကို လှပတင်းရင်းစေခြင်း၊
၃။အင်တီအောက်ဆီးဒင့် အာနိသင်ပါဝင်ခြင်း၊
စတာတွေကို ဆေးတမျိုးထဲမှာ ရစေနိုင်တဲ့သဘော ဖြစ်ပါတယ်။၊

Beucogen အကြောင်းမရေးခင် အသားအရေလှဆေးတွေမှာ အဓိကပါဝင်တဲ့ collagenအကြောင်း ရှေးဦစွာဖော်ပြပါရစေ။
Collagenဆိုတာ လူ့အရေပြားအတွက် အရေးပါတယ်။ အရေပြားရဲ့ ၇၀ရာခိုင်နှုန်းကို collagenဓာတ်တွေနဲ့ အဓိကတည်ဆောက်ထားတယ်။ ကော်လာဂျင်ဆိုတာလည်း ပရိုတင်း တမျိုးပဲ။ခန္ဓာကိုယ်မှာ ရှိတဲ့ ပရိုတင်းစုစုပေါင်းရဲ့ ၃၀ရာခိုင်နှုန်းဟာ collagenဓာတ်တွေနဲ့ ဖွဲ့စည်းထားတယ်။အရိုး၊အရိုးနု၊အကြော၊အဆစ်စတဲ့ တွယ်ဆက်တစ်ရှူးတွေမှာလည်း collagenရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်။အသားအရေတင်းရင်းပြီး ချောမွေ့နေတာက collagenရဲ့ လုပ်ဆောင်မှုကြောင့်ပါ။ သို့သော် ပြဿနာတခုက အသက် ၂၀ကျော်တာနဲ့ collagenဓာတ်တွေ စတင်ဆုံးရှုံးလာတယ်။ အရေပြားဆဲလ်တွေ စတင် ပျက်ဆီးလာတယ်။ ဒါတင်မကသေးပဲ ဆေးလိပ်သောက်ခြင်း၊အရက်သောက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ခရမ်းလွန်ရောင်ခြည်စတာတွေကလည်း အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်ပေါ်စေတယ်။ collagen တဖြည်းဖြည်း လျှော့နည်းလာတဲ့အခါ မျက်နှာမှာ အရေးအကြောင်းတွေ ထင်လာတယ်။ အသားအရေ တင်းရင်းမှု၊လှပမှု လျှော့ကျလာတယ်။ဒီလိုအခါမျိုးမှာ ဆုံးရှုံးသွားတဲ့ collagenဓာတ် ပြန်လည်ဖြည့်တင်းဖို့ အရေးကြီးလာတယ်။ Beucogen ထဲမှာ ပါဝင်တာက Hydrolysed Marine Collagen (3,000mg)ဖြစ်ပါတယ်။ hydroxprolineပါဝင်တဲ့ ငါးအကြေးခွံက ထုတ်လုပ်ထားတယ်။ ပျက်ဆီးသွားတဲ့ collagenဓာတ်ကို အထိရောက်ဆုံးပြန်လည်ဖြည့်ဆည်းနိုင်တယ်။ Beucogen ကြောင့်ဘဲ အသားအရေ စိုပြေတင်းရင်းစေယုံမက ရင်သားများကို တင်းရစ်ကျစ်လစ်စေသလို အိုမင်းရင့်ရော်မှုကို တားဆီးပေးတယ်။ ဒီဆေးကို ဇီဇဝါကုမ္ပဏီက ဖြန့်ဖြူးရောင်းချပေးတယ်။ တစ်ဗူးမှာ 10gပါဝင်တဲ့ sachetဆေးထုပ် ၁၅ထုပ် ပါဝင်တယ်။

ပါဝင်ပစ္စည်းများ
Hydrolysed Marine Collagen (3,000mg)
L-Arginine (200mg)
L-Lysine (200mg)
Soy Isoflavones (200mg)
Isolated Soy Protein (2,000mg)
Oligo (2,400mg)
Vitamin (50mg)
Soya(2000mg)

တခုချင်းစီရဲ့ အကျိုးအာနိသင်

1.Hydrolysed Marine Collagen (3,000mg)
-မော်လီကျူလာဝိတ်သေးလို့ စုပ်ယူမှု၊ပျံ့နှံ့မှုအားကောင်းတယ်
-ငါးညှီနံ့၊အရသာနည်းပါးတယ်
-အရေးအကြောင်း၊အစက်အပျောက်ကို သက်သာပျောက်ကင်းစေတယ်
-အသားအရည်တင်းရင်းစိုပြေဖို့ အထောက်အကူပြုတယ်

2.L-Arginine (200mg)
ပျက်ဆီးသွားတဲ့ တစ်ရှူးတွေ ပြုပြင်ရာမှာ အဓိကကျတယ်
သွေးလျှောက်အားကောင်းစေပြီး အဆီပိုတွေ ချပေးတယ်
ဒဏ်ရာအမာရွတ်တွေကို လျင်မြနစွာ ပျောက်ကင်းစေတယ်
Key building block to repair damaged tissue and bone.

3.L-Lysine (200mg)
မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် ၉မျိုးအနက် တမျိုးဖြစ်တယ်
တစ်ရှူးတွေ ပြုပြင်ဖို့၊ ကြီးထွားဖို့အတွက် လိုအပ်တယ်
ကိုလာဂျင်အသစ်ဖြစ်ပေါ်ဖို့ ထောက်ပံ့ပေးတယ်
ဒါ့ပြင် ကယ်ဆီယမ်ကို စုပ်ယူအား ပိုကောင်းစေတယ်

4.Soy Isoflavones (200mg)
မဟော်မုန်းဖြစ်တဲ့ အီစတိုဂျင်နဲ့ အလာသဏ္ဍာန်တူတယ်
ဟော်မုန်းပမာဏ ထိန်းညှိပေးသလို ရင်သားတွေကို တင်းရင်းစေတယ်

5.Isolated Soy Protein (2,000mg)
ပရိုတင်းပါဝင်မှုမြင့်မားလို့ ဆဲလ်သစ်ဖြစ်ပေါ်ဖို့ ကူညီပေးတယ်

6.Oligo (2,400mg)
အပင်တွေမှာ တွေ့ရှိရတဲ့ သကြားအစားထိုးတမျိုးဖြစ်လို့ ဆီးချိုဖြစ်သူတွေနဲ့ သင့်တော်တယ်
အူလှုပ်ရှားမှုကောင်းစေတာကြောင့် ဝမ်းချုပ်တာမျိုး မဖြစ်စေဘူး
ပရိုဘိုင်အောတစ်(အူမှာရှိတဲ့ ကောင်းကျိုးပြုတဲ့ပိုး)တွေကို ရှင်သန်စေသလို အာဟာရစုပ်ယူမှုကို အားကောင်းစေတယ်

7.Vitamin (50mg)
ကိုလာဂျင်စုပ်ယူမှုကို အားပေးတယ်


Beucogenသောက်ပြီး ဘာတွေကောင်းလာနိုင်လဲ

-ဆဲလ်တွေကို ပြုပြင်ပြီး ဆဲလ်အသစ်ဖြစ်ပေါ်စေခြင်း
-အသားအရေ ကြည်လင်ဝင်းပစေခြင်း
-အရွယ်တင်နုပျိုစေခြင်း
-ရင်သားတင်းရင်းလှပစေခြင်း
-အရေးအကြောင်း၊အမာရွတ်တွေ လျှော့ပါးလာခြင်း
-အမည်းစက်၊အဖြူကွက်တွေ ပျောက်ကွယ်လာခြင်း
-ပိုမိုတင်းရင်းလှပတဲ့ အသားအရည်ကို ပိုင်ဆိုင်စေခြင်း
-အသားအရေ ခြောက်သွေ့မှုကိုကာကွယ်ခြင်း
-ဓာတ်တိုးပစ္စည်းများကို ချေဖျက်နိုင်ခြင်း
-သွေးတွင်းအညစ်အကြေးများ ဖယ်ရှားသန့်စင်ခြင်း

ဆေးသောက်ရန် အညွှန်း
ရေတစ်ဖန်ခွက်(140ml)ပမာဏရှိ ရေအေးထဲသို့ Beucogenတစ်ထုပ်ကို ထည့်ဖျော်ပြီး ချက်ချင်းသောက်သုံးပါ။ နေ့စဉ် နံနက်စာမစားမှီနဲ့ ညအိပ်ယာမဝင်မှီ တနေ့ ၂ကြိမ်သောက်သုံးသင့်တယ်။ အသားအရေပုံမှန်ထိန်းသိမ်းလိုပါက နောက်ပိုင်း ညစဉ်တစ်ကြိမ်သောက်ရုံနဲ့ လုံလောက်ပါတယ်။ တစ်လအတွင်း ထူးခြားချက်ကို တွေ့မြင်စေမယ်လို့ ဆိုတယ်။ ကြာလာတာနဲ့အမျှ အသားအရေပိုမိုကောင်းမွန်လာတယ်။အကယ်၍ တစ်လကျော်သည်ထိ ထူးခြားချက်မတွေ့ပါက ဆက်မသောက်ပါနဲ့။ ဆေးသောက်တဲ့အခါ တစ်ရက် လေးထုပ်ထက် ပိုမသောက်သင့်ဘူး။

ဆေးမသောက်ခင် သိထားသင့်သည့် အချက်များ
-အမျိုးသမီးတွေ သောက်သုံးဖို့ သီးသန့်ထုတ်လုပ်ထားတယ်။
-ကလေးငယ်တွေ မသောက်သုံးသင့်ဘူး။
-ငါး၊ပင်လယ်စာနဲ့ ဓာတ်မတဲ့သူတွေ သတိထားပါ။
-ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပါ။
-ဘေးထွက်ဆိုးကျိုးမရှိသလောက် နည်းပါးတယ်။ 

အသားလှဆေးမှန်သမျှမှာ ထူးခြားချက်တွေ ရှိတယ်
(၁)ဆေးတိုင်းနီးပါးက ဈေးကြီးတယ်
(၂)ဆိုးကျိုးထက် ကောင်းကျိုးရေးတာများတယ်
(၃)ဖတ်ပြီးရင် ကောင်းတယ်ထင်လာတယ်
(၄)နောက်ရက်မှာ မဖြစ်မနေဝယ်ဖို့ ကြိုးစားကြတယ်
(၅)တစ်ဗူးလောက်ကုန်တဲ့အခါ အာနိသင်ကို သိလာတယ်
(၆)ပြောသလောက် မဟုတ်ပါဘူး ထင်လာတယ်
(၇)နောက်ထပ်ကြေငြာကောင်းတာတွေ့ရင် ထပ်စမ်းဖို့ကြိုးစားကြတယ်
(၈)ပိုထူးခြားတာက ဘယ်သူမှ ပိုက်ဆံကုန်တယ်လို့ မထင်ကြဘူး
(၉)သုံးစွဲသူရဲ့၈၀ရာခိုင်နှုန်းမကဟာ အမျိုးသမီးတွေ ဖြစ်ကြတယ်

အလှအပဟာ လူ့ဘဝမှာ အင်မတန်အရေးကြီးတယ်။ အလှအပနောက်ကို လူကြီးလူငယ်၊ကျားမ မရွေးလိုက်ကြတယ်။ ဆေးတွေထဲမှာ ပိန်ဆေးတို့၊အသားလှဆေးတို့ဆိုတာ ရောင်းအားအကောင်းဆုံးဖြစ်ကြတယ်။ လှဖို့ပဖို့ဆိုရင် ဘယ်လောက်ကုန်ကုန် နောက်မတွန့်ဘူး။ ရှေ့ကိုသာ တိုးသွားကြတယ်။ come and goပဲ။ တခုမကောင်း နောက်တခုပေါ့။ ဆေးဝါးကမ္ဘာဘလော့ခ်မှာ အလှအပကြိုက်တဲ့အမျိုးသမီးများအတွက် နောက်ထပ်အသစ်ပေါ်လာတဲ့ဆေးတွေကို လက်လှမ်းမီသမျှ ဆက်လက်ဖော်ပြပေးပါမယ်။ 
"မြန်မာအမျိုးသမီးတိုင်း နတ်သမီးလေးလို လှနိုင်ကြပါစေ"

ဒေါက်တာ အေးမင်းထူး
၎.၁၁.၁၃

No comments:

Post a Comment