Tuesday, March 24, 2015

Acnotin(Isotretinoin 10 mg) ဝက်ခြံပျောက်ဆေး

Acnotinဆိုတာ Isotretinoin 10 mg ပါဝင်တဲ့ ဝက်ခြံပျောက်ဆေး တမျိုး ဖြစ်ပါတယ်။ retinoic acid အမျိုးအစားမှာ ပါဝင်တယ်။ အရမ်းဆိုးတဲ့ ဝက်ခြံမျိုး၊ဝက်ခြံအိတ်နဲ့ တကိုယ်လုံးအနှံ့ပေါက်တဲ့ ဝက်ခြံမျိုးမှာ အသုံးဝင်တယ်။ မျက်နှာတင်မက ရင်ဘတ်၊ကျောပြင် စတဲ့နေရာ ဝက်ခြံအဖုတွေ ပေါက်တဲ့အခါမျိုးမှာလည်း သုံးတယ်။ တခြားဝက်ခြံပျောက်ဆေးတွေနဲ့ မရမှ isotretinoin ကို အသုံးပြုပါတယ်။ တချို့က စတီးရွိုက်ဆေး နဲ့ ရောထည့်ပေးတယ်။ 

Isotretinoin 
Isotretinoin ဟာ ဗီတာမင်အေ(retinoid) အမျိုးအစားဖြစ်တာကြောင့် ခန္ဓာကိုယ်ထဲမှာလည်း တွေ့နိုင်တယ်။Isotretinoin  ရဲ့ သဘောက အဆီဂလင်း(sebaceous gland)က အဆီထုတ်လုပ်မှုကို လျှော့နည်းစေတယ်။ ဝက်ခြံဖြစ်လာရင်အရင်ဆုံး Retinoinနဲ့ adapalene လို ဗီတာမင်အေ (retinoid) ဝက်ခြံလိမ်းဆေးကို ပိုးသတ်လိမ်းဆေးနဲ့ တွဲပေးတယ်။ clindamycin၊doxycycline နဲ့ erythromycin ပိုးသတ်လိမ်းဆေးတွေကို သုံးတတ်ကြတယ်။ benzoyl peroxideလိမ်းဆေးလည်း အသုံးများတယ်။ ပြီးမှ antibiotic သောက်ဆေးဆက်ပေးကြတယ်။ အသက်(၂၀)ကျော် အမျိုးသမီးတွေ ဟော်မုန်းအပြောင်းအလဲကြောင့် ဝက်ခြံပေါက်တဲ့အခါ isotretinoin က အသုံးဝင်တာ တွေ့ရတယ်။ COC ကိုယ်ဝန်တားဆေးလည်း သုံးနိုင်တယ်။ဆေးဖြတ်ပြီးရင် ဝက်ခြံပေါ်မလာအောင် alpha hydroxyacids ကို နေ့စဉ်လိမ်းပေးသင့်တယ်။ 

အသုံးဝင်ပုံ
• ဆိုးရွားတဲ့ဝက်ခြံ(acne vulgaris)မျိုးမှာ အသုံးဝင်တယ်။ 
• acne rosasea မှာလည်း အသုံးဝင်တာ တွေ့ရတယ်။ 
• neuroblastoma အာရုံကြောကင်ဆာအတွက် အသုံးပြုနိုင်တယ်။ 
• အရေပြားကင်ဆာကိုကာကွယ်ဖို့လည်း သုံးတယ်။ 
• ဦးနှောက်နဲ့ မုန့်ချိုအိတ်ကင်ဆာမျိုးကို ကုသဖို့လည်း သုံးနိုင်တယ်။
• လိင်အင်္ဂါကြွက်နို့မှာ အသုံးဝင်နိုင်တယ်လို့လည်း ထပ်မံတွေ့ရှိထားတယ်။

ဆေးပမာဏ
ဆေးပမာဏကို 1 mg/kg/dayနဲ့ တွက်ပေးရတယ်။ ပုံမှန်အားဖြင့် (၂)ကြိမ်ခွဲပေးတယ်။ သိပ်ဆိုးတဲ့ဝက်ခြံတွေမှာ 2 mg/kg/dayနဲ့ ပေးရတယ်။ အစာစားပြီး ရေများများနဲ့ သောက်ပေးရတယ်။ ဗီတာမင်အေဆေးဖြစ်လို့ အဆီမှာ ပျော်ဝင်တယ်။ လိုအပ်ရင် တဖြည်းဖြည်းချင်း ဆေးတိုးပေးရတယ်။ တရက်ကို 60md/day ထက် ပိုမပေးသင့်ဘူး။ ယေဘုယျ ၃လ-၆လထိ ဆေးပေးရတယ်။ ဆေးပေးပြီး ၁-၂လ နေမှ အာနိသင်စပြတယ်။ ဆေးသုံးပြီးနောက် ၁နှစ်လောက်ထိ ဝက်ခြံပျောက်သွားတတ်တယ်။သုံးစွဲသူတချို့က ဆေးသုံးစ ပထမလမှာ ဝက်ခြံပိုဆိုးလာနိုင်တယ်။ လူတိုင်းတော့ မဟုတ်ပါ။ လေ့လာမှုတွေအရ ဆေးသုံးစွဲသူ ၄ယောက်မှာ ၁ယောက်ဟာ ဆေးပေးပြီး ၂နှစ်ကြာတဲ့အခါ ဝက်ခြံပြန်ပေါက်လာတယ်။ ဒီလိုလူနာတွေမှာ အင်တီဘိုင်အောတစ် ပိုးသတ်ဆေး(သို့)isotretinoinကို ပြန်ပေးရတယ်။ ဆေးအာနိသင်က ရေတိုမဟုတ်ဘဲ ရေရှည်ပေးမှအာနိသင်ပြတယ်။ ဈေးကြီးသလို ဘေးထွက်ဆိုးကျိုးလည်း များတယ်။

ဘေးထွက်ဆိုးကျိုး
-နှုတ်ခမ်းကွဲတာ
-အရေပြားခြောက်သွေ့ယားယံတာ
-အရေပြားကွာတာ
-မျက်စိယားယံတာ
-အဆစ်အမြစ် ကိုက်ခဲတာ
-အသားနေလောင်သလိုဖြစ်တာ
-စိတ်ဓာတ်ကျခြင်း

သတိပြုစရာ အချက်
အထူးသတိပြုရမှာက ကိုယ်ဝန်ဆောင်စဉ် ဆေးလုံးဝမသုံးရပါဘူး။ ကလေးမှာ ကိုယ်အင်္ဂါချို့ယွင်းနိုင်တယ်။ ကိုယ်ဝန်ယူဖို့လည်း ချက်ချင်းမဖြစ်နိုင်သေးဘူး။ အနည်းဆုံး တလခြားပေးရမယ်။ ကိုယ်ဝန် တားဆေး၊အကာအကွယ်ကွန်ဒုံး၊ပြက္ခဒိန်နည်းစတာတွေကို အသုံးပြုသင့်တယ်။ အနောက်နိုင်ငံတွေမှာတော့ မမျှော်လင့်ပဲ ကိုယ်ဝန်ရခဲ့မယ်ဆိုရင် ကိုယ်ဝန်ဖျက်ချဖို့ထိ စဉ်းစားထားရတယ်။ ဒါ့ကြောင့် ဒီဆေးသုံးတဲ့ အမျိုးသမီးတွေ ဒီအချက်ကို အတိအကျ သတိထား လိုက်နာရမယ်။ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ လုံးဝမသုံးစွဲသင့်ဘူး။ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်ရဲ့ ဂရုတစိုက်ညွှန်ကြားမှုရှိမှ သုံးစွဲသင့်တယ်။ဆေးကြောင့် ဝမ်းနည်းလွယ်တာ၊ဒေါသမထိန်းနိုင်တာ၊စိတ်တိုတာ ဖြစ်နိုင်တယ်။ ဒါ့ကြောင့် စိတ်ကျရောဂါအခံရှိသူကို ဆေးမပေးရဘူး။ 

အရင်ခေတ်တွေက Vitamin Aကို toxic doseထိ တိုးပေးတဲ့အခါ sebum အဆီထုတ်လုပ်မှု တားမြစ်နိုင်တာ တွေ့ရတယ်။ Isotretinoin ရဲ့ အသုံးဝင်ပုံကို Dr. Gary Peckက စတင်တွေ့ရှိခဲ့ပါတယ်။ ၁၉၈၂ခုနှစ်ရောက်တော့Roche ကုမ္ပဏီက Accutane နာမည်နဲ့ ထုတ်လုပ်ခဲ့တယ်။ များစွာသောလေ့လာမှုတွေအရ isotretinoin ပေးခြင်းက IBD(Crohn's disease,ulcerative colitis)ဖြစ်နိုင်ချေရှိတာ တွေ့ရတယ်။ သေချာပေါက်သက်ဆိုင်တာမျိုးလည်း မဟုတ်သေးပါဘူး။ အမျိုးမျိုးပြောနေကြတယ်။သရုပ်ဆောင်တယောက်ဖြစ်တဲ့ James Matshall ကလည်း Rocheက ထုတ်တဲ့ Accutane ကြောင့် အူမကြီးဖြန်ထုတ်လိုက်ရတယ်လို့ တရားစွဲဖူးတယ်။ တရားရုံးရောက်တော့ James Matshallမှာ အရင်ကတည်းက အူရောဂါအခံရှိနေတယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။ ၁၉၈၂ခုနှစ်ကစပြီး ၂၀၀၉ခုနှစ်ထိ Accutane သုံးစွဲကုသသူပေါင်း ၁၃သန်းထိရှိခဲ့တယ်လို့ သိရတယ်။ အမေရိကားမှာ ၂၀၀၉ခုနှစ်ကစပြီး Roche ကုမ္ပဏီက ဆေးထုတ်လုပ်ဖြန့်ချိမှုကို ရပ်ဆိုင်းခဲ့တယ်။ အကြောင်းပြချက်က ဈေးကွက်ဝေစုနည်းသွားလို့ပါတဲ့။ တကယ်ကတော့ တရားစွဲဆိုမှုတွေ ဆက်တိုက်ကြုံတွေ့လာရလို့ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေမှာတော့ Roaccutaneနာမည်နဲ့ ဆက်လက်ထုတ်လုပ်နေဆဲ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ Mega(မက်ဂါ) ဆေးကုမ္ပဏီက acnotin နာမည်နဲ့ တင်သွင်းပါတယ်။ 

ဒေါက်တာ အေးမင်းထူး
၂၄.၆.၁၄

No comments:

Post a Comment