Tuesday, March 24, 2015

BRAND's chicken ဘရင်းကြက်ပေါင်း ဘာတွေကောင်း

ဘရင်း ကြက်ပေါင်းရည် ကိုနေ့တိုင်းသောက်ရင် ကောင်းကျိုး ဆိုးကျိုး လေးကိုသိပါရစေခင်ဗျာ

မှန်တာကို ဝန်ခံရရင် Brand ဘရင်းကြက်ပေါင်းရည်ကို ဒီနေ့ချိန်ထိမသောက်ဘူးသေးဘူး။ ဒါ့ကြောင့် ဘယ်အရသာမျိုး ရှိလည်းမေးရင် ဖြေနိုင်မှာ မဟုတ်ဘူး။ ညှီနံ့ရတာကိုပဲ သတိထားမိတယ်။ ငယ်ငယ်ကတည်းက အသားစားပေမယ့် ညှီနံ့ကို မကြိုက်တတ်ခဲ့ဘူး။ ဆရာဝန် မရွံတတ်ဘူးဆိုပေမယ့် ကြက်ဥ အစိမ်းစားတဲ့လူတွေမြင်ရင် အော်ကလီဆန်တတ်တယ်။ ဓာတ်ခံမကောင်းဘူး ဆိုရမလားပဲ။ တချို့ကတော့ အစားရွေးစားတယ်လို့ သမုတ်ချင်မလားပဲ။ ကျွန်တော့် အကျင့်တခုက ရွံပြီဆိုရင် 
လှည့်မကြည့်တတ်ဘူး။ မကြိုက်ဘူးဆိုရင် လုံးဝမစားတော့ဘူး။ ကြိုက်တာတွေ့ရင်တော့ သူများအမြင်ကပ်လောက်အောင် စားတတ်တယ်။ ထားပါ။ ဘရင်းကြက်ပေါင်း ညှီလို့
မကောင်းပြောတာ မဟုတ်ပါဘူး။ ရှေ့တွေ့မှာတွေက ကြေငြာဝင်တယ် ထင်ခံရမှာဆိုးလို့ ကြိုကာတဲ့သဘော ဖြစ်မယ်ထင်တယ်။

ဘရင်းကြက်ပေါင်းနဲ့ ပတ်သက်ပြီး အမှတ်ရတာလေးရှိခဲ့တယ်။ တခါက ရင်းနှီးတဲ့ မိတ်ဆွေလူနာတယောက် ဆေးခန်းလာပြတော့ ဆေးဖိုးဝါးခ မယူပဲ အခမဲ့ ကုပေးလိုက်တယ်။ နောက်ရက်ရောက်တော့ အဲဒီလူနာကပဲ ကျွန်တော်ဖွင့်ထားတဲ့ ဆေးဆိုင်က ဘရင်းကြက်ပေါင်းတကဒ် ဝယ်ပြီး ကျွန်တော့်ကို ပြန်ကန်တော့သွားလေရဲ့။ မြန်မာလူမျိုးတွေ ကျေးဇူးသိတတ်တာကို ပြောပါတယ်။ အခမဲ့ကုပေးရင် အကြောင်းတခုခု၊ပစ္စည်းတမျိုးမျိုးနဲ့ ပြန်လည် ကျေးဇူးတုံ့ပြန်တတ်တယ်။ ကျွန်တော်ကတော့ ပိုက်ဆံပေးတာထက် အဲလိုအရာလေးတွေ ရတာကို ပိုတန်ဖိုးထားမိတယ်။ 

လူငယ်၊လူကြီးမရွေး ဘိုးဘွားမကျန် ကန်တော့တဲ့အခါ ဘရင်းကြက်ပေါင်းနဲ့ ကန်တော့ကြတယ်။ အားနည်းရင် ဘရင်းကြက်ပေါင်းသောက်ပါလို့ ဘယ်သူမှ မတိုက်တွန်းပါ။ ဒါပေမယ့် နေမကောင်းတာဖြစ်ဖြစ်၊လူကြီးသူမကန်တော့တဲ့အခါဖြစ်ဖြစ် ဘရင်းကြက်ပေါင်းကို လက်ဆောင်ပေးကြတယ်။ ကြေငြာကောင်းတာကြောင့်လည်း အဓိကဆိုင်တယ်။ အခါကြီးရက်ကြီးတွေမတိုင်ခင် ပစ္စည်းပြတ်တတ်လို့ ကြိုဝယ်ထားရတယ်။ 

ဘရင်း ကြက်ပေါင်း(BRAND's Essence of chicken)ဟာ သဘာဝဖြည့်စွက် အစားအစာတမျိုး ဖြစ်တယ်။ BECလိုလည်း အတိုကောက်ခေါ်တယ်။ သန့်ရှင်းတဲ့ ကြက်ပေါက်ရဲ့ အဆီအနှစ် ကနေ ထုတ်ယူထားတယ်။ အဆီနဲ့ ကိုလက်စတော ပါဝင်မှုမရှိဘူးလို့ ဆိုထားတယ်။ အနံ့အရသာကောင်းမွန်ပြီး ကျန်းမားရေးနဲ့ ညီညွတ်အောင် အပူပေးပြီး ပြုပြင်ထိန်းသိမ်းထားသတဲ့။ ဘယ်ကြာရှည် ခံဓာတုပစ္စည်းမှ ထည့်မထားဘူးလို့ အာမခံထားတယ်။ ပုလင်းကို ပိုးမွှားကင်းစင်အောင် သေချာပိုးသတ်ပြီး ထုတ်လုပ်ထားတယ်။ကြာရှည်ခံပြီး လတ်ဆတ်အောင် vacuum လေဟာနယ်ပြုပြီး ထုပ်ပိုးထားတယ်။ ဒါ့ကြောင့် ပုလင်းအဖုံး ဖွင့်ပြီးရင် ချက်ချင်းသောက်ပါ။ ဒါမှမဟုတ် ရေခဲသေတ္တာထဲ ထိန်းထားပြီး ၁ရက်အတွင်း ကုန်အောင်သောက်ရတယ်။

ဘရင်းကြက်ပေါင်းမှာ ပရိုတင်းဓာတ်နဲ့ အမိုင်နိုအက်ဆစ်တွေ ကြွယ်ဝစွာပါဝင်တယ်။ သမားရိုးကျကြက်ပေါင်းတွေထက် သာတဲ့အချက်က ဘရင်းကြက်ပေါင်းမှာ ပါဝင်တဲ့ ProBeptigenနဲ့ Carnosine ဓာတ်နှစ်မျိုးက ဦးနှောက်နဲ့ ဥာဏ်ရည် ဖွံ့ဖြိုးစေတယ်။ ယိုယွင်းပျက်ဆီးမှုကို လျှော့နည်းစေတယ်။ မှတ်ဥာဏ်ကောင်းစေပြီး စိတ်ဖိစီးမှုကို လျှော့ကျစေသတဲ့။ Carnosineဆိုတာ ဦးနှောက်နဲ့ ကြွက်သားတွေမှာ တွေ့ရတဲ့ အင်တီအောက်စီးဒင့်တမျိုး ဖြစ်တယ်။ အာရုံကြော နျူရွန်တွေ ပျက်ဆီးမှုကို ကာကွယ်ပေးတယ်။ အိုမင်းရင့်ရော်မှုကို တားဆီးတယ်။ProBeptigenက ဦးနှောက်မှာ ရှိတဲ့ serotonin ဓာတ်ကို ထိန်းညှိပေးတယ်။ မှတ်ဥာဏ်နဲ့ သင်ယူနိုင်စွမ်း ကောင်းမွန်စေတယ်။ စိတ်အာရုံကို တက်ကြွလန်းဆန်းစေတယ်လို့  ဆိုပါတယ်။ 

ဘာတွေကောင်းလဲ
• အားအင်ဖြစ်ထွန်းစေတယ်။
• မှတ်ဥာဏ်ကို အားကောင်းစေတယ်။
• စိတ်ဖိစီးမှုအတွက် အထောက်အကူပြုတယ်။
• သက်လုံကောင်းစေတယ်။
• ခုခံအားတက်စေတယ်

ဘရင်းကြက်ပေါင်းကို တနေ့ တလုံး သောက်သုံးနိုင်တယ်။သောက်စမှာ (၆)ရက်ဆက်တိုက်သောက်ပါ။ နောက်ပိုင်းမှာ လိုအပ်သလို သောက်သုံးနိုင်တယ်။နလံထစသူတွေလည်း သောက်နိုင်တယ်။မနက်စောစောသောက်ရင် အာနိသင် အကောင်းဆုံးဖြစ်တယ်။ ညသောက်ရင် အိပ်မပျော်တာ ရှိနိုင်တယ်။ညှီနံ့မခံနိုင်သူတွေမှာ ဟင်းချက်တဲ့ထဲထည့်သောက်နိုင်တယ်။ဘရင်း ကြက်ပေါင်းကို ပတ်ဝန်းကျင်အပူချိန်မှာ ထားလို့ရပါတယ်။ ဒါပေမယ့် နေရောင်နဲ့ တိုက်ရိုက်မထိတွေ့စေရဘူး။ အဖုံးဖွင့်ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ ၅ဒီဂရီ ဆဲစီးယပ်မှာ ထိန်းသိမ်းထားပြီး ၂၄နာရီအတွင်း သောက်သင့်တယ်။အသက်(၂)နှစ်အောက်အရွယ်တွေမှာ ဘရင်း ကြက်ပေါင်း မတိုက်သင့်ဘူး။ 

တရုတ်ပြည်မှာ မင်မင်းဆက်ကတည်းက ကြက်ပေါင်းရဲ့ အာနိသင်ကို သိရှိနားလည် သုံးစွဲခဲ့တယ်။ BRAND's ကြက်ပေါင်းကို လွန်ခဲ့တဲ့ နှစ်တရာကျော်က စတင်ထုတ်လုပ်ခဲ့တယ်။ ၁၈၂၀ ဝန်းကျင် ဂျော့ရှ်ဘုရင် George IV အုပ်စိုးစဉ် ဘက်ကင်ဟန် နန်းတော်ရဲ့ စားဖိုမှူးက H.W. Brand ဖြစ်တယ်။ သူက ဘုရင့်အတွက် အာဟာရပြည့်ဝအောင် စီမံဆောင်ရွက်ပေးရတယ်။ ဘုရင်အားအင်ပြည့်အောင် ကြက်ပေါင်းရည်ကို အထူးစီမံပြုလုပ်ပေးရသူ ဖြစ်တယ်။ ၁၈၃၅ရောက်တော့ နန်းတော်က အနားယူခဲ့ပြီး ဘရင်းကြက်ပေါင်းကို စီးပွားဖြစ် ထုတ်လုပ်ခဲ့တယ်။ စထုတ်တုန်းက နလံထလူနာတွေအတွက် ရည်ရွယ်ခဲ့တယ်။ အရှေ့တိုင်းကို ၁၉၂၀ ဝန်းကျင်မှာ ရောက်ခဲ့တယ်။ နောက်ပိုင်းမှာ ကြေငြာအားနဲ့ အနောက်တိုင်းထက် အရှေ့တောင်အာရှနိုင်ငံတွေမှာ အဓိကသုံးစွဲလာကြတယ်။


ပုံစံနှစ်မျိုးနဲ့ ဘရင်းကြက်ပေါင်း
ဘရင်း ကြက်ပေါင်း မှာ 42ml (1.5 oz)နဲ့ 68ml(2.3oz)ဆိုပြီး ပုံစံနှစ်မျိုး ထုတ်လုပ်ထားတယ်။ 2.3oz တလုံးမှာ protein 6g ပါဝင်တယ်။ ဘရင်းကြက်ပေါင်းတဗူးမှာ ကယ်လိုရီ (၄၀)လောက်သာ ပါဝင်တယ်။ ဒီပမာဏက လက်သီးဆုပ်အရွယ် ပန်းသီးတလုံးနဲ့ အာဟာရအတူတူပါပဲတဲ့။ အခုနောက်ပိုင်း Brandကြက်ပေါင်းကို သောက်ရလွယ်ကူစေမယ့် အခဲပုံစံနဲ့လည်း တွေ့ရတယ်။ ဆေးတောင့်ပုံစံလုပ်ထားလို့ သောက်ရလွယ်ကူတယ်။ နေရာမရွေးသယ်သွားနိုင်တယ်။ ညှီနံ့မကြိုက်သူတွေအတွက် အထူးထုတ်လုပ်ထားတယ်။ 


ဘရင်း ကြက်ပေါင်းထုတ်လုပ်သူတွေ ဘယ်လိုဆိုဆို သတိပြုစရာအချက်တွေ ရှိဦးမယ်။
• ကြက်ပေါင်းသဘောက အစာခြေအက်ဆစ် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတယ်။ အစာအိမ်ရောဂါရှိသူတွေမှာ သတိထားသောက်သင့်တယ်။ 
• ကြက်ပေါင်းမှာ ပါဝင်တဲ့ပရိုတင်းဓာတ်က သွေးပေါင်ကို တက်စေတယ်။ ဒါ့ကြောင့် သွေးတိုးရောဂါရှိသူတွေ အလွန်အကျွံမသုံးစွဲသင့်ဘူး။ ဘရင်းကြက်ပေါင်းကတော့ သွေးပေါင်ကျနိုင်တယ်လို့ ကြေငြာထားတယ်။ 
• ကျောက်ကပ်ရောဂါသည်တချို့မှာ အသားဓာတ်လျှော့စားခိုင်းရတယ်။ မကောင်းတဲ့ဓာတ်တွေ များလာနိုင်တယ်။ ဒါ့ကြောင့် ကျောက်ကပ်အလုပ်မလုပ်သူ၊ထိခိုက်သူတွေ ဆရာဝန်ညွှန်ကြားမှုမရှိပဲ ဘရင်းကြက်ပေါင်း မသောက်သင့်ဘူး။

နေ့စဉ်သောက်သင့်လား
လူသားတွေဟာ ပရိုတင်းပါတဲ့အစားအစာတွေကို နေ့စဉ်လိုအပ်တာထက် စားသောက်နေကြတာ တွေ့ရတယ်။ ခုခံအားတက်တာမျိုး၊ခန္ဓာကိုယ်တည်ဆောက်ဖို့ ပရိုတင်းဓာတ်လိုအပ်တာ ဟုတ်ပါတယ်။ သေချာပြန်တွေးကြည့်ရင် ကျွန်တော်တို့နေ့စဉ်စားတဲ့ အသားဓာတ်ဟာ ပုံမှန်ထက် ပိုလျှံနေတာ တွေ့ရလိမ့်မယ်။ အထူးထပ်ထည့်စရာ မလိုအပ်ပါ။ဒါပေမယ့် နေမကောင်းတဲ့ အခါဆိုရင် တမျိုးပေါ့။ ဘရင်းကြက်ပေါင်းကော၊အိမ်လုပ်ကြက်ပေါင်း ဘယ်ဟာဖြစ်ဖြစ် နေ့စဉ်သောက်လို့ မကောင်းပါ။ နေ့စဉ်သောက်တာမျိုးက ကောင်းကျိုးထက် ဆိုးကျိုးသာ ဖြစ်စေမယ်။ ဘယ်ရောဂါကာကွယ်နိုင်တယ်၊ဘာဖြစ်မယ်ဆိုတာမျိုးက သီအိုရီသာဖြစ်တယ်။ အသားစားများရင် ကျောက်ကပ်အတွက်မကောင်းတာ အမှန်ပါ။ ကျောက်ကပ်ကို စစ်ဆေးတဲ့အခါ မကောင်းတဲ့ဓာတ်တွေ များလာနိုင်တယ်။ "တန်ဆေး လွန်ဘေး"နှလုံးသွင်းပြီး လိုအပ်မှသာ သောက်သုံးသင့်တယ်။ 

ဒေါက်တာ အေးမင်းထူး
၂၉.၆.၁၄

No comments:

Post a Comment