Sunday, February 15, 2015

G Trim လက်ဖက်စိမ်းပါဝင်တဲ့ သံပုရာရနံ့ဖျော်ရည်နဲ့ အဆီချမယ်

G Trim အကြောင်းကို မြန်မာနိုင်ငံ ဆေးရောက်စ ကတည်းက ရေးမလို့ပါ။ အချိန်မအားတာနဲ့ မရေးဖြစ်ခဲ့ဘူး။ ဒီဆေးအကြောင်း မေးထားတာ ၃ ယောက်ရှိပြီဖြစ်လို့ ရေးပါတယ်။ ကြေငြာတာမဟုတ်ဘဲ ဆေးသဘော သိအောင် ရေးပါမယ်။G Trimဆိုတာ လက်ဖက်စိမ်းပါဝင်တဲ့ အဆီချဖျော်ရည်တမျိုး ဖြစ်တယ်။ Gဆိုတာ Green teaကို ကိုယ်စားပြုပြီး Trimဆိုတာ မလိုအပ်တဲ့ အဆီပိုတွေ ဖယ်ရှားတဲ့သဘောမျိုး ဖြစ်ပါတယ်။ သဘာက လက်ဖက်စိမ်းကို အသုံးချပြီး အဆီပိုတွေ ဖယ်ရှားမယ်ပေါ့။ ဆေးဖက်ဝင်အပင်တွေကနေ ထုတ်ထားတယ်။  ထုတ်လုပ်တဲ့ကုမ္ပဏီက သြစတျေးလျနိုင်ငံ CMPS(contract manufacturing and packing services)က ဖြစ်ပါတယ်။ 7gပါဝင်တဲ့ အထုပ်ငယ်ပုံစံဖြစ်တာကြောင့် ဖျော်ရည်သဘော ရေနဲ့ဖျော်သောက်ဖို့ လိုသေးတယ်။
သံပုရာအရသာ ရှိတယ်။၁ဗူးမှာ အထုပ်ငယ် ၁၄ထုပ်ပါဝင်တာကြောင့် ဆေးတစ်ပတ်စာ ဖြစ်ပါတယ်။ တစ်ထုပ်ကို ၁၀၀၀ဝန်းကျင်ရှိတယ်။ 

G Trim sachet တစ်ထုပ်မှာ
Camellia sinensis (Green Tea) extract
                Equiv. to dry leaf - 11.25g
                Equiv. to catechins (of Camellia sinensis) – 270mg
                Equiv. to Epigallocatechin-3-0-gallate (EGCG) – 135mg
                Equiv. to caffeine – 45mg
Paullinia Cupana (Guarana) seed extract
                Equiv. to dry seed – 3.0g
                Equiv. to caffeine - 66mg
Inulin.                                                   5g                
 ဆေးမှာပါဝင်တဲ့ caffeineပမာဏဟာ 111mgထက် မပိုတာတွေ့ရတယ်။

G Trimမှာ ပါဝင်တဲ့ တခုချင်းစီရဲ့ အာနိသင်ကို ဆက်လက်လေ့လာကြည့်ရအောင်။

၁။လက်ဖက်စိမ်း(green tea)
Camellia sinensisရဲ့ အရွက်ကနေ ရရှိတယ်။ "လက်ဖက်အစ တရုတ်က"လို့ဆိုနိုင်အောင် ရှေးယခင်ကတည်းက သုံးခဲ့ကြတယ်။ လွန်ခဲ့တဲ့နှစ်၄၀၀၀ကျော်ကတည်းက တရုတ်နိုင်ငံမှာ စတင်သုံးစွဲခဲ့ကြတယ်။ မြန်မာအပါအဝင် အာရှနိုင်ငံတော်တော်များများမှာလည်း အသုံးပြုကြတယ်။ လက်ဖက်စိမ်းမှာ ကာဗိုဟိုက်ဒရိတ်၊အမိုင်နိုအက်ဆစ်၊အင်ဇိုင်း၊ဗီတာမင်၊sterols၊polyphenols၊ carotenoids၊tocopherols၊caffeineစတာတွေပါဝင်တယ်။ လက်ဖက်စိမ်းမှာ ပါဝင်တဲ့ polyphenolနဲ့ caffeineဓာတ်တွေက အဆီတွေကို လောင်ကျွမ်းစေတယ်။ နောက်ပါဝင်တဲ့ flavonoidဓာတ်တမျိုးက ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိသလို ကင်ဆာရောဂါကိုပါ ကာကွယ်နိုင်စွမ်းရှိတယ်။ ဒါပေမယ့် ၂၀၁၂မှာ ထွက်လာတဲ့ စစ်တမ်းတခုမှာ ကင်ဆာကာကွယ်နိုင်တယ်ဆိုတာ လုံလောက်မှုမရှိသေးဘူးလို့ သုံးသပ်တယ်။ ဆီးကျိတ်၊ရင်သား၊သားဥအိမ်၊သားအိမ်ကင်ဆာတွေကို လျှော့နည်းစေတာတော့ တွေ့ရှိရတယ်။ ဒါ့ပြင် လက်ဖက်စိမ်းကြောင့် Alzheimer's လိုရောဂါဖြစ်ပွားမှုကို ကျဆင်းစေတယ်။  ကိုလက်စတောအပါအဝင် LDLလိုမကောင်းတဲ့အဆီဓာတ်တွေကို ကျဆင်းစေတယ်။ နောက်ပါဝင်တာတမျိုးက EGCG(Epigallocatechin-3-0-gallate)ဖြစ်ပါတယ်။ သူ့အာနိသင်က ဓာတ်တိုးဆန့်ကျင်မှုမှာ ဗီတာမင်အီးထက် အဆ၂၀၀ပိုတယ်လို့ ဆိုထားတယ်။ အစာစားချင်တဲ့ ဟော်မုန်းlevelပြောင်းလဲစေပြီး အစာစားချင်စိတ်ကို တားဆီးပေးသေးတယ်။ G Trimမှာ သုံးထားတဲ့အဓိက အာနိသင်ဟာ အဆီပိုတွေကို လောင်ကျွမ်းစေပြီး စွမ်းအင်ထွက်လာတယ်။ နှလုံးခုန်နှုန်းကိုမမြန်စေဘဲ ဇီဝဖြစ်ပျက်မှုကို အားပေးတယ်။ ဒါ့ကြောင့် ရင်တုန်တာ၊မူးဝေတာ မဖြစ်နိုင်ဘူးလို့ ဆိုထားတယ်။ အဆီအနှစ်ဖြစ်တာကြောင့် အနည်းငယ်သောက်ရုံနဲ့ လုံလောက်တယ်။

၂။ဂွာရဲနာ(Guarana)
ဗင်နီဇွဲလားနဲ့ ဘရာဇီးမြောက်ပိုင်းမှာ တွေ့ရတဲ့နွယ်ပင်တမျိုး ဖြစ်တယ်။ အသီးက ကွဲထွက်လာတဲ့အခါ လူ့မျက်စိနဲ့ ပုံစံတူတာကြောင့် Guaranaဆိုတဲ့ နာမည်ရလာတယ်။ အစေ့မှာ ပါတဲ့caffeineဓာတ် ပမာဏက ကော်ဖီစေ့မှာ ပါဝင်တာထက် ၂ဆလောက်များတယ်။ adaptogenလို့ လူသိများတယ်။ အစာစားချင်စိတ်ကို တားဆီးပေးလို့ အစားရှောင်ချင်သူတွေနဲ့လည်း သင့်တော်တယ်။ အဆီကို လောင်ကျွမ်းစေပြီး energyပိုထုတ်ပေးတယ်။  ဒါ့ကြောင့် လေ့ကျင်ခန်းလုပ်ချင်သူတွေပါ သောက်သုံးနိုင်တယ်။ တခြားအာနိသင်တွေက အစားအသောက်ပျက်၊အားယုတ်၊အဝလွန်၊လေထိုးလေအောင့်ဖြစ်တာ သက်သာစေတယ်။ သွေးတွင်းမှာရှိတဲ့ မကောင်းတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်။ 

၃။အင်နူလင်(inulin)
ချီကိုရီပင်ရဲ့ အမြစ်မှာပါဝင်တဲ့ အမျှင်ဓာတ်တမျိုး ဖြစ်ပါတယ်။ တခြားအပင်တွေမှာလည်း တွေ့ရှိရတယ်။ အပင်ရဲ့အမြစ်တွေမှာ energyကို သိုလှောင်ပေးတာ သူ့ရဲ့အဓိကတာဝန်ဖြစ်တယ်။ ကာဗိုဟိုက်ဒရိတ်အမျိုးအစားဖြစ်ပေမယ့် ပါဝင်တဲ့ကယ်လိုရီက နည်းပါးတယ်။ ပုံမှန်ကာဗိုဟိုက်ဒရိတ် တစ်ဂရမ်မှာ ၄ ကယ်လိုရီရရှိပေမယ့် အင်နူလင် တစ်ဂရမ်မှာ ၁.၅ကယ်လိုရီသာ ပါဝင်တယ်။ frutoseပုံစံဖြစ်တာကြောင့် frutanလို့လည်း ခေါ်သေးတယ်။ အားသာချက်က အင်နူလင် ၆ဂရမ်ဟာ မနက်စာ တစ်နပ်နဲ့ ညီမျှသလို ဆာလောင်မှုကို တားဆီးပေးတဲ့ အာနိသင်မျိုးရှိတယ်။ သွေးတွင်းသကြားဓာတ်ကို မတက်စေဘဲ ဗိုက်ပြည့်သလို ခံစားရတယ်။ အခုနောက်ပိုင်းလာတဲ့ ကြာရှည်ခံ ပြုပြင်ထားတဲ့အစားအစာတွေမှာ ထည့်သွင်းလာကြတယ်။ကာကွယ်ဆေးအချို့မှာ လည်း ထည့်သွင်းအသုံးပြုတတ်ကြသေးတယ်။ အမျှင်ဓာတ်ဖြစ်တာကြောင့်                   ရင်ပြည့်ရင်ကယ်၊လေထိုးလေအောင့်၊ဝမ်းသွားတာမျိုး ရှိနိုင်တယ်။
                
ဘယ်လိုသူတွေ ဆေးသောက်နိုင်လဲ
-ဗိုက်အဆီပြင်များသူ
-အစားရှောင်ချင်သူ
-ဝိတ်ချချင်သူ

ဆေးညွှန်း
ဆေးတစ်ထုပ်ကို ရေတစ်ဖန်ခွက်ထဲ ထည့်ပြီး သမအောင်မွှေသောက်ပေးပါ။ တစ်နေ့ကို နှစ်ကြိမ်သောက်ပေးရတယ်။ အကောင်းဆုံးက အစာမစားခင် ၁၅မိနစ်ကြိုပြီး သောက်ပေးရတယ်။ အစာစားချင်စိတ်ကိုတားဆီးပေးသလို ရှိနေတဲ့အဆီပိုတွေကိုပါ ဖယ်ရှားနိုင်တယ်။

ဘေးထွက်ဆိုးကျိုး
-ပျို့ချင်၊အန်ချင်
-ခေါင်းမူး
-အစာအိမ်နာ
-လေထိုး၊လေအောင့်
-ရင်ပြည့်၊ရင်ကယ်
-ဝမ်းသွား
-အစာမကျေတာ
-အားအင်ကုန်ခမ်းတာ
-အိပ်မပျော်တာ
-fructose ဓာတ်မတဲ့တာ
-သံဓာတ်ချို့တဲ့ သွေးအားနည်းခြင်း

ကိုယ်ဝန်ဆောင်၊နှလုံးရောဂါသည်တွေ မသောက်သင့်ဘူး။ ရောဂါအခံရှိရင် ဆရာဝန်နဲ့ တခါပြန်တိုင်ပင်ပါ။ မလိုဘဲနဲ့ စွဲမသောက်ပါနဲ့။ ထူးခြားမှုမရှိရင်၊မတဲ့ရင် ဆေးဆက်မသောက်ပါနဲ့တော့။  ဆေးကဘယ်လိုဆိုဆို caffeineပါဝင်တာကြောင့် ရင်တုန်တာ၊မောဟိုက်တာ၊ညအိပ်မပျော်တာ၊ခေါင်းနောက်တာ ဖြစ်နိုင်တယ်။

သတိထားသင့်တာလေးတွေ
ဝတဲ့သူက ပိန်ချင်တာ သဘာဝပါ။ အထူးသဖြင့် မိန်းကလေးတွေပေါ့။ ပိန်ဆေးတွေ ရောင်းအားကောင်းတဲ့ထဲမှာ အမျိုးသမီးပရိသတ်က ၈၀ရာခိုင်နှုန်းရှိတယ်။ လှချင်တဲ့သဘောက သူတို့မှာ ပိုများတယ်။ ပိန်ချင်တာကောင်းပေမယ့် ပိန်ချင်စိတ်လွန်ကဲတာ မကောင်းဘူး။ ပိန်ချင်သူရဲ့ ၉၀ရာနှုန်းမကဟာ ကိုယ်အားကိုယ်ကိုးဖို့ထက် ဆေးတွေကို ပိုအားကိုးတာ တွေ့ရတယ်။ ဒါ့ကြောင့် အများစုဟာ မပိန်ကြဘဲ ဆေးရဲ့ဆိုးကျိုးတွေသာ ခံစားနေရတာဖြစ်တယ်။ သဘောတခုပြရရင် အအေးမိသူတစ်ယောက် ဆေးသောက်ပြီး လေတိုက်ခံသလိုမျိုးပဲ။ ဆေးတော့သောက်ပါရဲ့။ သက်သာပျောက်ကင်းမှာ မဟုတ်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဆေးကိုအားကိုးပြီး ကိုယ်တိုင်က မဆင်ခြင်တော့ အကျိုးက သိပ်မရှိဘူး။ ဆေးခန်းလာပြသူတွေလည်း အမြဲပြောရတယ်။ ဆရာဝန်သည် ဆေးပညာပိုင်း၊သက်သာအောင်သာ လုပ်ပေးနိုင်တယ်။ တကယ်ပျောက်ကင်းအောင်က လူနာကိုယ်တိုင်လိုက်နာမှ ဖြစ်တယ်။ ဒီသဘောကို တကယ်လေးလေးနက်နက်နားလည်ပြီး လိုအပ်မှ ဆေးသောက်သင့်တယ်။ ဆေးမှာရေးထားတာတွေကို အဟုတ်ထင်ပြီး ပိန်ဆေးတိုင်း လိုက်စမ်းနေရင် ငါးပါးမက မှောက်လိမ့်မယ်။ ပိန်ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုး၊ထူးခြားမှုမရှိတာ၊မတဲ့တာမျိုး ရှိတတ်တယ်။ သောက်ဖို့ သင့်တော်မလားဆိုတာကတော့ ကိုယ်တိုင်ဆုံးဖြတ်ပါ။ တယောက်ချင်းဆီတော့ တူညီမှာမဟုတ်ဘူး။

ဒေါက်တာ အေးမင်းထူး
၂၀.၉.၁၃

No comments:

Post a Comment