Monday, February 9, 2015

Duovir အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံရရင် ဘယ်လိုကာကွယ်မလဲ


Duovir ဆိုတာ lamivudin 150mgနဲ့ zidovudine 300mg ကို ပေါင်းစပ်ထားတဲ့ ဆေးတမျိုးဖြစ်ပါတယ်။ အိပ်ခ်ျအိုင်ဗွီရောဂါမှာ ပေးတဲ့ ဆေးနှစ်မျိုးကို အချိုးကျပေါင်းစပ်ထားတယ်။ ရောဂါကုသဖို့သာမက ကာကွယ်ဖို့အတွက်ပါ ပေးနိုင်တယ်။ ကာကွယ်တယ်ဆိုတာ HIVပိုးနဲ့ မတော်တဆ ထိခိုက်မိတဲ့အခါမှာ အရေးပေါ်ကာကွယ်ဖို့ကို ဆိုလိုတာပါ။ဆေးကြောင့် ကူးစက်နိုင်ခြေကို ၈၀ရာခိုင်နှုန်းလောက် လျှော့ချပေးနိုင်တယ်။ သတိပြုသင့်တာက morning after pillsခေါ်တဲ့ အရေးပေါ်တားဆေးတွေနဲ့ သဘောတရားချင်း တူမှာမဟုတ်ဘူး။ ကာကွယ်တယ်ဆိုပေမယ့် တားဆေးလို ကာကွယ်ဖို့သီးသန့်ထုတ်ထားတဲ့ဆေး မဟုတ်ဘူး။ ဝင်လာမယ့်ရောဂါကို
ကြိုတင်တိုက်ဖျက်ကာကွယ်ဖို့လောက်သာ တတ်နိုင်လိမ့်မယ်။ အိပ်ခ်ျအိုင်ဗွီပိုးရှိတဲ့လူနဲ့ အကာကွယ်မဲ့လိင်ဆက်ဆံမိတာ၊သွေးသွင်းတာတွေကြောင့် ပိုးဝင်တာမျိုးကို ကာကွယ်နိုင်လိမ့်မယ် မဟုတ်ပါ။ 
ကံကောင်းတဲ့တချက်က အိပ်ခ်ျအိုင်ဗွီရှိတဲ့အပ်နဲ့ အရေပြားကိုမတော်တဆထိမိပြီး ကူစက်နိုင်ခြေဟာ ၀.၃ရာခိုင်နှုန်းသာရှိတယ်။ ကူးစက်နိုင်ခြေနည်းပါးလွန်းတယ်လို့ ပြောရမယ်။ တခါ မျက်စိ(သို့) ပါးစပ်ထဲ ပိုးရှိတဲ့သွေး၊အရည် မတော်တဆဝင်ရောက်မိရင် ကူးစက်နိုင်ခြေဟာ ၀.၀၉ရာခိုင်နှုန်းသာရှိလို့ ပိုမိုနည်းပါးတယ်။ ဒါ့ကြောင့် မတော်တဆထိမိ၊ရှမိတိုင်း ဆေးသောက်ဖို့ မလိုအပ်ဘူး။ဆေး သောက်သင့်၊မသောက်သင့်ဆိုတာ အိပ်ခ်ျအိုင်ဗွီလူနာရဲ့အခြေအနေပေါ်လည်း မူတည်ပြန်တယ်။ ဗိုင်းရပ်စ်ပိုးကို ထိန်းနိုင်ခြင်း ရှိမရှိ၊ ကူးစက်ခံထားရတဲ့အချိန်၊ လူနာရဲ့ ခုခံအား၊ ဆေးဝါးသောက်သုံးခြင်း ရှိ၊မရှိ စတာတွေ ပေါ်လည်းမူတည်သေးတယ်။ viral load 1500အောက်ဆိုရင် ကူးစက်နိုင်ခြေနည်းပါးတယ်လို့ သတ်မှတ်ပါတယ်။ဆေးလို၊မလိုဆိုတာ ဆရာဝန်က ဆုံးဖြတ်ပေးပါလိမ့်မယ်။ မိမိဘာသာ သောက်သုံးဖို့ မကြိုးစားပါနဲ့။

Duovir ဆေးဆိုတာ 
NRTIs(Nucleoside reverse transcriptase inhibitors)အမျိုးအစား ဆေးနှစ်မျိုးကို အချိုးကျပေါင်းစပ်ထားပါတယ်။ ဆေးတစ်လုံးမှာ lamivudin 150mgနဲ့ zidovudine 300mg ပါဝင်ပါတယ်။ ဘဲဥပုံ အဖြူလုံးတွေဖြစ်ပြီး ၁၀လုံး တစ်ကဒ်ပုံစံ လာတယ်။ တစ်ဗူး၆ကဒ် တလစာ ဖြစ်တယ်။အိန္ဒိယနိုင်ငံ ciplaကုမ္ပဏီက ထုတ်လုပ်တင်သွင်းတယ်။ ကုမ္ပဏီရဲ့ အဆိုအရ လိုင်းဆေးတွေလဲ ရှိသေးတယ်။ ဈေးပိုချိုမယ်။

Duovirက ဘယ်နေရာတွေမှာ အသုံးကျလဲ။
-အိပ်ခ်ျအိုင်ဗွီပိုး ကုသတဲ့အခါမျိုး၊
-PEP(post-exposure prophylaxis) ခေါ်တဲ့ ပိုးရှိတဲ့အရာဝတ္တုနဲ့ မတော်တဆထိခိုက်မိတဲ့အခါမျိုးမှာ အရေးပေါ်ကာကွယ်ဖို့ အသုံးပြုနိုင်တယ်။

Duovirရဲ့ကောင်းတဲ့အချက်
-ဝင်လာတဲ့ဗိုင်းရပ်စ်ပိုး မပြန့်ပွားအောင် ထိန်းချုပ်နိုင်တယ်။
-အခြားရောဂါပိုးတွေ မဝင်နိုင်အောင် ကာကွယ်ပေးမယ်။
-သွေးဖြူဥတမျိုးဖြစ်တဲ့ CD4 countကို များပြားစေမယ်။
-PEPအဖြစ်သုံးစွဲတဲ့အခါမျိုးမှာ ဆေးနှစ်မျိုးပေါင်းစပ်ပြီးဖြစ်လို့ အဆင်ပြေတယ်။

Duovirရဲ့မကောင်းတဲ့အချက်
-တခါတည်းပေါင်းစပ်ပြီး ဖြစ်တာကြောင့် ဆေးအလျှော့အတင်း လုပ်ဖို့မလွယ်ဘူး။
-ဆေးယဉ်ပါးတာ ရှိနိုင်တယ်။
-အိပ်ခ်ျအိုင်ဗွီဆေးတိုင်းဟာ သူ့ဟာနဲ့သူတော့ ဘေးထွက်ဆိုးကျိုး ကိုယ်စီရှိကြတယ်။

Duovirကို PEPအနေနဲ့ကာကွယ်ဖို့ အသုံးပြုမယ်ဆိုရင်
-ဖြစ်ဖြစ်ချင်း စောစောသောက်နိုင်လေ အကျိုးရှိလေပါ။
-၇၂နာရီအတွင်း သောက်နိုင်အောင် ကြိုးစားပါ။
-ဆေးစသောက်ပြီ ဆိုတာနဲ့ ဆေးပတ်လည်အောင် သောက်ပါ။ စုစုပေါင်း လေးပတ်ပြည့်အောင် သောက်ရမယ်။
-လေ့လာတွေ့ရှိချက်တွေအရ ဆေးသောက်သူရဲ့ ၄၀ရာခိုင်နှုန်းဟာ ဘေးထွက်ဆိုးကျိုးကြောင့် ၁လပြည့်အောင် မသောက်ကြဘူး။
-ဆေးသောက်ဖို့ မေ့နေရင် ၆နာရီအတွင်းသတိရရင် သောက်ပါ။
-ဆေးသောက်ပြီး ၂ပတ်နေရင် baseline test သွေးစစ်တာ လုပ်သင့်တယ်။
-လိုအပ်ရင် ဆေးသုံးမျိုးပေါင်းပြီး သောက်ရမယ်။

Duovirကို ဘယ်လိုသောက်သင့်သလဲ။
အသက် ၁၂နှစ်အထက် တွေသာ သောက်သုံးသင့်တယ်။ တစ်နေ့ နှစ်ကြိမ် ပုံမှန်သောက်သုံးရတယ်။ အကောင်းဆုံးက တချိန်နဲ့ တချိန် ၁၂နာရီခြားပြီး အချိန်မှန်သောက်သင့်တယ်။ ဆေးနှစ်လုံး တပြိုင်ထဲ မသောက်ရဘူး။ ရေများများနဲ့ သောက်ပါ။ အစာနဲ့ နီးနီး၊ဝေးဝေး သောက်နိုင်တယ်။ ပျို့ချင်၊အန်ချင်ရှိတတ်လို့ အစာစားပြီးသောက်တာ ပိုမိုသင့်တော်တယ်။ လိုအပ်ရင် အအန်ပျောက်ဆေး ထည့်ပေးရတတ်တယ်။ 

ဘယ်လို စစ်ဆေးမှုတွေ လုပ်သင့်သလဲ။
သွေးစစ်တာ ပုံမှန်လုပ်သင့်တယ်။ဆရာဝန်က ညွန်ကြားပါလိမ့်မယ်။ 
မတော်တဆထိမိရင် HIVပိုး ချက်ချင်းစစ်ပါ။နောက် ၁လခွဲတခါ၊ သုံးလ တခါ ၊၆လ တခါ ဆက်စစ်ရမယ်။ တချို့က ၈လအကြာထိ တခါစစ်ခိုင်းသေးတယ်။ ၆လအထိစစ်လို့ retro test(HIV) non-reactiveဆိုရင် အိုကေ၊စိုပြေပြီလို့ သတ်မှတ်ပါမယ်။

ဘေးထွက်ဆိုးကျိုး
-zidovudineကြောင့် သွေးအားနည်း၊သွေးဖြူဥနည်းတာတွေ ဖြစ်ပေါ်စေမယ်။
-ပျို့ချင်၊အန်ချင် အဖြစ်များတယ်။
-ခေါင်းကိုက်၊ဝမ်းသွားတာ ရှိနိုင်တယ်။
-အဆစ်အမြစ်ကိုက်၊အနီစက်ထတာ ဖြစ်နိုင်တယ်။
-နုံးချိ၊အားယုတ်တာ အဖြစ်များတယ်။
-အသားအရေ မွဲတတ်၊ခြောက်တတ်တယ်။
-ဆံပင်ကျွတ်တာ၊အစားအသောက်ပျက်တာ ဖြစ်နိုင်တယ်။
-lactic acidosis ဆိုတာ ဝတဲ့အမျိုးသမီးလူနာတွေမှာ ပိုဖြစ်တတ်တယ်။ 
ဘေးထွက်ဆိုးကျိုးပြင်းပြင်းထန်ထန်ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်လိုလူတွေမှာ မသောက်သင့်ဘူးလဲ။
-Severe Anaemia ပြင်းထန်တဲ့ သွေးအားနည်းရောဂါ၊
-neutropenia သွေးဖြူဥနည်းတဲ့ အခါ၊
-kidney or liver diseaseကျောက်ကပ်၊အသည်းလူနာတွေ ဆရာဝန်နဲ့ တိုင်ပင်သင့်တယ်။ 

ကိုယ်ဝန်ဆောင်မိခင်တွေ မသောက်သင့်ဘူး။ ဆရာဝန်ညွန်ကြားမှ သောက်သင့်တယ်။ နို့တိုက်မိခင်တွေ သတိထားသင့်တယ်။ နောက်ပိုင်းမှာ ဆိုးကျိုးရှိနိုင်တာ မသေချာသေးဘူး။  အသက်၁၂နှစ်အောက် မသောက်သုံးရဘူး။ တခြားဆေးတွေနဲ့ရောမသောက်သင့်ဘူး။

တွဲမသောက်သင့်တဲ့ဆေး
-septrinပိုးသတ်ဆေး
-zalcitabineအိပ်ခ်ျအိုင်ဗွီဆေး
-gancyclovirဗိုင်းရပ်စ်ဆေး
-NSAID အကိုက်ခဲပျောက်ဆေး
-Diazepam အိပ်ဆေး
-anti epileptic အတက်ပျောက်ဆေး

PEPအနေနဲ့ ပေးနိုင်တဲ့တခြားဆေးတွေ ရှိသေးတယ်။ အနည်းဆုံး ဆေးနှစ်မျိုး ပေါင်းပြီး ပေးရတယ်။လိုအပ်ရင် ဆေးသုံးမျိုး ပေါင်းပြီးပေးရတယ်။ သို့သော် nevirapine,abacavir,delavirdine,zalcitabineတွေကိုတော့ PEPအနေနဲ့ မသုံးစွဲသင့်ဘူး။ ဘေးထွက်ဆိုးကျိုး ပြင်းထန်တဲ့အတွက် တားမြစ်ထားတယ်။

ဒေါက်တာ အေးမင်းထူး
၁၅.၅.၁၃

No comments:

Post a Comment