Sunday, February 15, 2015

Omez-D SRနဲ့ Omez insta ဆေးဝါးသစ် မိတ်ဆက်ပွဲ

ဆေးပညာနယ်ပယ်မှာ တခြားprofessionalတွေထက် သာတဲ့အချက်က CME(continuous medical education)စဉ်ဆက်မပြတ်ဆေးပညာ သင်ကြားရေးတွေရှိနေတာ ဖြစ်ပါတယ်။ ဒီလိုလုပ်နိုင်တာကလည်း sponsorပေးတဲ့ ဆေးကုမ္ပဏီတွေရှိနေလို့ပါပဲ။ ဆေးကုမ္ပဏီနဲ့ ဆရာဝန်တွေဆိုတာ တဦးအပေါ်တဦးအပြန်အလှန် အမှီသဟဲပြုနေကြတယ်။ သူတို့ရဲ့ အားထုတ်မှုနဲ့   ဆေးမိတ်ဆက်ပွဲတွေမှာ အပြန်အလှန်ပြောကြတယ်။ ဆေးဝါးကမ္ဘာဘလော့ခ်မှာ ကျွန်တော်သွားခဲ့မိတဲ့
ဆေးဝါးမိတ်ဆက်ပွဲတွေအကြောင်း တင်ပေးမှာ ဖြစ်သလို ဟောပြောပွဲတွေမှာ အထူးကုတွေ ဆွေးနွေးကြတဲ့ ဆေးပညာနောက်ဆုံးယူဆချက်တွေကို ဆေးပညာဆောင်းပါးဘလော့ခ်မှာ အလျဉ်းသင့်သလို တင်ပေးသွားမှာ ဖြစ်ပါတယ်။

၆.၁၀.၁၃မှာ Dr Reddy ဆေးကုမ္ပဏီရဲ့ ဖိတ်ကြားချက်နဲ့ omez instaနဲ့ omez -D SR ဆေးဝါးသစ် မိတ်ဆက်ပွဲကို တက်ရောက်ခဲ့ပါတယ်။ ဖိတ်စာမှာ မနက်၉-၁၂နာရီ ရေးထားပေမယ့် ဆေးခန်းက ၉နာရီခွဲမှ ပိတ်တာဖြစ်တဲ့အတွက် နာရီဝက်လောက် နောက်ကျသွားတယ်။ သွားရမှာက မန္တလေးတောင်ခြေမှာရှိတဲ့ Mandalay hill resort Hotelထိ သွားရတာဖြစ်တဲ့ နောက်၁၅မိနစ်လောက် ထပ်နောက်ကျသွားပြန်တယ်။ ဟိုကိုရောက်တော့ ၉နာရီ ၄၅မိနစ်လောက်ရှိပြီ။ ကံကောင်းတာက ရောက်သွားတဲ့အချိန်မှ ဟောပြောမယ့် အထူးကုဆရာဝန်တွေက မိတ်ဆက်စကား စပြောကာစဖြစ်ပါတယ်။ 
           ဆေးပညာဟောပြောပွဲတွေမှာ chair personခေါ်တဲ့ သဘာပတိတစ်ယောက်ကို အမြဲထည့်ရပါတယ်။ သူတို့က ဟောပြောမယ့်ခေါင်းစဉ်နဲ့ ဟောပြောသူတွေကို မိတ်ဆက်ပေးရတယ်။ ဒီပွဲမှာ သဘာပတိကနှစ်ယောက် ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဆေးပညာနဲ့ပတ်သက်တဲ့ခေါင်းစဉ်ကတခု၊ခွဲစိတ်ပညာနဲ့ ပတ်သတ်တဲ့ခေါင်းစဉ်က တခုဖြစ်လို့ပါ။ ဟောပြောမယ့်ခေါင်းစဉ်က "common pathogens Vs gastric and pancreatic problems"ဖြစ်ပါတယ်။ သဘာပတိအဖြစ် မန္တလေးက ခွဲစိတ်ပညာဌာနမှူး Prof. ရှိန်မြင့်နဲ့ ရန်ကုန်ဆေး(၁)ဆေးပညာဌာနမှူး Prof. ဇော်လင်းအောင်တို့က တာဝန်ယူကြတယ်။ 
           ဟောပြောမယ့်သူတွေက "surgical management of acute pancreatitis" ခေါင်းစဉ်နဲ့ မန္တလေးခွဲစိတ်ဌာနက AP.ထွန်းထွန်းဦးက ဟောပြောမှာဖြစ်သလို နောက်ထပ်ပြောမယ့်speakerက မန္တလေးဆေးရုံကြီး အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ဌာနမှူး Prof ဒေါ်နွယ်နီက"current trends in management of H.pylori infection"ခေါင်းစဉ်နဲ့ ဟောပြောမှာ ဖြစ်ပါတယ်။ နှစ်ဦးစလုံးဟာ ဆိုင်ရာဘာသာရပ်တွေမှာ အထူးကုတွေဖြစ်တာနဲ့အညီ စိတ်ဝင်စားဖွယ်ကောင်းအောင် ဟောပြောသွားကြတယ်။
           ဆေးပညာဟောပြောပွဲတွေမှာ ဟောပြောပြီးရင် မရှင်းတာကို ထပြီးမေးမြန်းနိုင်ပါတယ်။ ပရိသတ်ထဲက တယောက်စီ ကိုယ်မသိတာ၊သိချင်တာ၊ ပြောချင်တာရှိရင် ထပြီး ပြောဆိုနိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဆေးပညာ ဟောပြောပွဲတွေရဲ့ ထုံးစံအတိုင်း junior ဆရာဝန်ငယ်တွေထဲက ဘယ်သူမှ ထပြီးမမေးတာကို ထုံးစံအတိုင်းပဲ တွေ့ရပါတယ်။ ကျွန်တော်တို့ လူမျိုးတွေက မှားသွားရင် သူများအရယ်ခံရ၊ကဲ့ရဲ့ခံရမှာကို အင်မတန်ကြောက်တဲ့သူတွေပါ။ ငါညံ့တာတော့ဖြင့် လူ့ရှေ့၊သူ့ရှေ့မှာ ပေါ်ပြီလို့ ထင်တတ်ကြတယ်။ အမှန်က junior ဆရာဝန်ဘဲဖြစ်ဖြစ်၊senior ဆရာဝန်ဘဲဖြစ်ဖြစ် ရဲရဲပြောဆိုဆွေးနွေးသင့်တယ်။ မှန်တယ်၊မှားတယ်ဆိုတာ သတ်မှတ်ချက်ပါ။ 
          အကြောင်းတိုက်ဆိုင်လို့ လွန်ခဲ့တဲ့ နှစ်၂၀ကျော်က အဖြစ်အပျက်တခုကို ပြန်ဖောက်သည်ချချင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အကြောင်းအရာကလည်း တိုက်တိုက်ဆိုင်ဆိုင် အစာအိမ်နဲ့ ပတ်သက်တဲ့အဖြစ်အပျက်တခု ဖြစ်လို့ပါ။ ဆရာဝန်တယောက်က နောက်ဆုံးနှစ်အပိုင်း(ခ)အောင်ဖို့ စာမေးပွဲတခုကို ဝင်ဖြေရတယ်။ အဲဒီမှာ စာမေးပွဲစစ်တဲ့ဆရာဝန်က မေးပါတယ်။ အစာအိမ်မှာ အနာပေါက်တဲ့ gastric ulcerကို မင်းဘယ်လိုကုမလဲတဲ့။ စာမေးပွဲဖြေတဲ့ဆရာဝန်က တချက်စဉ်းစားလိုက်ပြီး ဒီလိုဖြေပါတယ်။ အနာပေါက်တာဖြစ်တဲ့အတွက် ပိုးသတ်ဆေးပေးပါမယ်လို့ ဖြေပါတယ်။ အဲလိုဖြေလိုက်တဲ့အတွက် အဲဒီဆရာဝန်ဖြစ်တော့မဲ့ ဆရာဝန်လေးခမျာ စာမေးပွဲမအောင်ခဲ့ဘူး။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီကာကလောက်က အစာအိမ်အနာပေါက်တယ်ဆိုတာ အက်ဆစ်ဓာတ်အထွက်များပြီး အစာအိမ်နံရံကို တိုက်စားလို့အနာဖြစ်တယ်လို့ ယူဆခဲ့ကြလို့ပါ။ အစာအိမ်အနာပေါက်ရင် ပိုးသတ်ဆေးပေးတယ်လို့ပြောတာ အင်မတန်ကြီးမားတဲ့အပြစ်လို့ ယူဆခဲ့ကြတယ်။ စာမေးပွဲတွေမှာ အအောင်မပေးတော့ဘူး။ ဒါပေမယ့်ဒီနေ့ခေတ်ကာလမှာ gastric ulcerဆိုတာ H.pyloriခေါ်တဲ့ ပိုးတမျိုးကြောင့် ဖြစ်စေမှန်းသိရှိခဲ့ရပါပြီ။  အဲဒီတုန်းက ယူဆခဲ့ကြတဲ့သီအိုရီဟာ ဒီနေ့ကာလမှာ မှားယွင်းနေတာတွေ့ရပါတယ်။ အကယ်၍ ဒီနေ့ကာလမှာသာ စာမေးပွဲဖြေဆိုမယ်ဆိုရင် ဘယ်သူက စာမေးပွဲကျမလဲ။ ဆေးပညာဆိုတာ အမြဲပြောင်းလဲနေတာဖြစ်လို့အသက် ကြီးလို့ မှန်တယ် ၊မှားတယ်မဟုတ်ပါဘူး။ ပြောင်းလဲနေတဲ့ကာလအလျောက် ပြောင်းလဲမှုကို သိရှိနားလည်ဖို့ပဲ လိုအပ်တာပါ။ ဆေးပညာမှာ အမှန်၊အမှား မရှိပါဘူး။ ဒါက ကြုံလို့တကယ့်အဖြစ်အပျက်တခုကို ပြန်လည်ဖောက်သည်ချတာပါ။ 
          ဒီလိုနဲ့ နေ့လည် ၁၂နာရီလောက်မှာ ဆွေးနွေးပွဲက ပြီးဆုံးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အားလုံးစောင့်စားနေကြတဲ့ lunchနေ့လည်စာနဲ့ တည်ခင်းဧည့်ခံပါတယ်။ ကံမကောင်းတာတခုက ဘူဖေးဖြစ်တဲ့အတွက် တိုးဝှေ့စားသောက်ရမှာ ဖြစ်ပါတယ်။ လူတွေများတာဖြစ်တဲ့အတွက် ဘူဖေးကို တိုးစားရတာမျိုးကို စိတ်ညစ်မိပါတယ်။ လူတွေကြားထဲမတိုးချင်တာကြောင့် ကိုယ့်ဘာသာ တယောက်တည်းထိုင်နေမိတယ်။ ဒါပေမယ့် ကံကောင်းတာက ဆေးကုမ္ပဏီက အသိဝန်ထမ်းတဦးက ထိုင်နေပါ၊ သူတိုးပြီးယူပေးပါမယ်ဆိုလို့ အတော်အဆင်ပြေသွားပါတယ်။ ဆေးကုမ္ပဏီဝန်ထမ်းကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ နောက်များလည်း ဒီလိုကူတိုးပေးမယ့် လူများများရှာထားရပါမယ် ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆေးဝါးသစ်မိတ်ဆက်ပွဲတခုကတော့ အောင်မြင်စွာပြီးဆုံးသွားပါပြီ။ အိမ်အပြန်မှာ မိုးတဖြိုက်ဖြိုက်ကျနေတဲ့ ရာသီဥတုနဲ့ မန္တလေး တောင်ခြေအလှကို ကြည့်ရှုခံစားရင်း.........

(ဟောပြောပွဲမှာ ဆွေးနွေးတဲ့ "surgical management of acute pancreatitis"အကြောင်းကို ဖတ်ချင်တယ်ဆိုရင် 
http://drayeminhtoo.blogspot.com/2013/10/blog-post_6.html မှာ ဝင်ဖတ်နိုင်ပါတယ်။
ဆေးဝါးသစ် omez instaအကြောင်း ဖတ်ချင်တယ်ဆိုရင် http://medicineworldforall.blogspot.com/2013/08/omez-insta.html ဝင်ရောက်ဖတ်ရှုပါ။)

ဒေါက်တာ အေးမင်းထူး
၆.၁၀.၁၃

No comments:

Post a Comment