Monday, February 9, 2015

Pentaxim ရောဂါငါးမျိုးအတွက် ကာကွယ်ဆေး

Pentaxim ဆိုတာ ကူးစက်နိုင်တဲ့ ရောဂါ၅မျိုးကို ကာကွယ်တဲ့ ဆေးတမျိုးဖြစ်ပါတယ်။
ရောဂါ၅မျိုးဆိုတာ ဆုံဆို့၊ကြက်ညှာ၊မေးခိုင်၊ပိုလီယိုနဲ့ H.influenzae type b ဦးနှောက်အမြှေးရောင်ရောဂါ စတာတွေကို ကာကွယ်ပေးတယ်။ဒီကာကွယ်ဆေးကို Sanofi Pasteur ကုမ္ပဏီက ထုတ်လုပ်ဖြန့်ချီပါတယ်။မြန်မာနိုင်ငံဈေးကွက်ထဲကို သက်ပိုင်စိုးကုမ္ပဏီက ဖြန့်ဖြူးရောင်းချပေးတယ်။

Sanofi Pasteur ဆိုတာ
-Sanofi-Aventis ကုမ္ပဏီရဲ့ vaccine ကာကွယ်ဆေးချည်း သီးသန့်ထုတ်တဲ့ ဌာနခွဲတခုဖြစ်ပါတယ်။
-ရောဂါအမျိုးပေါင်း နှစ်ဆယ်ကျော် အတွက် ကာကွယ်ဆေးထုတ်လုပ်ပေးတယ်။
-ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့မှာ ဌာနချုပ်ရှိပြီး တခြားနိုင်ငံတွေမှာ ဌာနခွဲတွေ ဖြန့်ကျက်ထားတယ်။
-နှစ်စဉ်ကာကွယ်ဆေး သန်းတစ်ထောင်ကျော်ထုတ်လုပ်နေတဲ့ ကုမ္ပဏီတခုဖြစ်ပါတယ်။
-တနှစ်ကို လူပေါင်း သန်း၅၀၀ကျော် သုံးစွဲနေကြတယ်။
-ကုမ္ပဏီအတွက် ဝန်ထမ်းပေါင်း တစ်သောင်းကျော်ခန့်အပ်ထားတယ်။
-၂၀၀၄ခုနှစ်မှာ aventis ကုမ္ပဏီနဲ့ sanofi တို့ ပူးပေါင်းပြီးနောက် ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီတခု ဖြစ်လာပါတယ်။
-Pfizer နဲ့ GSKပြီးရင် ကမ္ဘာ့တတိယအကြီးဆုံး ဆေးကုမ္ပဏီ ဖြစ်ပါတယ်။
-သုတေသနဖွံ့ဖြိုးမှုအတွက် နေ့စဉ် ယူရိုငွေ တစ်သန်းလောက် ရင်းနှီးပြီး သုံးစွဲနေတဲ့ကုမ္ပဏီတခုလည်းဖြစ်ပါတယ်။

Pentaximကာကွယ်ဆေး
-အခုနောက်ပိုင်း ခေတ်စားလာတဲ့  ရောဂါငါးမျိုးကို ကာကွယ်ပေးတဲ့ pentavalent vaccineဖြစ်ပါ တယ်။EPI program ထဲမှာ ထည့်သွင်းထားတယ်။
-အတိုကောက် DTaP-IPV-Hib လို့လည်း ခေါ်တယ်။
-DTaP ဆိုတာ Dipheria ဆုံဆို့၊Tetanus မေးခိုင်၊acellular Pertussive ကြက်ညှာ၊
-IPV ဆိုတာ Inactivated Polio Vaccine ပိုလီယိုကာကွယ်ဆေး၊
-Hib ဆိုတာ Haemophilus.influenzae type b ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်၊အဆုတ်ရောင်တာတွေကို ဆေးတလုံးထဲမှာပေါင်းထည့်ပြီး ကာကွယ်တဲ့သဘောမျိုးပဲ။
-အရင်ခေတ်တွေက DPTဆိုတာသက်သက်၊polioကာကွယ်ဆေးကသက်သက်၊H.influenzaeကာကွယ်ဆေးက သက်သက်စီ ခွဲထိုးခဲ့ရတယ်။
-Pentaxim ကာကွယ်ဆေးပေါ်တော့ ဆရာဝန်တွေသာမက ကလေးမိဘတွေပါ သက်သာလာတယ်။မှတ်ရလွယ်သလို အလုပ်ရှုပ်သက်သာလာတယ်။
-ပုံမှန် ၁၂ကြိမ်လောက်ထိုးရမယ့်ကာကွယ်ဆေးက ၄ကြိမ်လောက်ထိုးရုံနဲ့ ရောဂါ၅မျိုးကာကွယ်ပြီး ဖြစ်နေမယ်။
-Pentaximကာကွယ်ဆေးကို ၁၉၉၇ခုနှစ်မှာ ဈေးကွက်ထဲ စတင်ဖြန့်ချိခဲ့ပါတယ်။
-နိုင်ငံပေါင်း ၁၀၀ကျော်ကို ဖြန့်ဖြူးရောင်းချပေးတယ်။
-အရင်ခေတ်တွေက ပိုးပါတဲ့ live-attenuated ပိုလီယို အစက်ချကာကွယ်ဆေးနေရာမှာ ဘေးထွက်ဆိုးကျိုးပိုနည်းတဲ့ ပိုးကိုနှိမ်နင်းထားတဲ့ (inactivated)ပိုလီယိုကာကွယ်ဆေးတွေနဲ့ ပြောင်းလဲအသုံးချလာတယ်။
-ဒါ့ကြောင့် အစက်ချစဉ်က အဖြစ်များတဲ့ VAPP(vaccine associated paralytic poliomyelitis)ခေါ်တဲ့ ကာကွယ်ဆေးကြောင့် ဖြစ်ပွားတတ်တဲ့ ပိုလီယိုအကြောသေတာမျိုး နည်းပါးသွားတယ်။
-ပိုကောင်းတဲ့အချက်က ကြက်ညှာချောင်းဆိုးကာကွယ်တဲ့နေရာမှာ acellular ခေါ်တဲ့ ပိုးပါတဲ့အပိုင်းထုတ်ပြီး သေချာသန့်စင်ထားတာကြောင့် ဘေးထွက်ဆိုးကျိုးအင်မတန်နည်းသွားတယ်။
-အရင် whole-cell Pertussive တုန်းကလို အဆက်မပြတ်ငိုတာ၊ချောင်းဆိုးပြီး ဖျားတာ၊တက်တာစတဲ့ ဆိုးကျိုးတွေ သိသိသာသာနည်းသွားစေတယ်။ဆေးမတည့်တာလည်း မရှိသလောက်ဖြစ်သွားစေတယ်။

ကလေးဘယ်အရွယ်မှာ စထိုးသင့်သလဲ။
-တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူညီတတ်ဘူး။
-အကောင်းဆုံးက ကလေးငယ် တစ်လခွဲလောက်ကနေ စထိုးသင့်တယ်။
-စုစုပေါင်း လေးကြိမ်ထိုးရတယ်။
-ပထမတခါနဲ့ ဒုတိယ အနည်းဆုံးတစ်လခြားထိုးရတယ်။ဒုတိယနဲ့ တတိယလည်း အနည်းဆုံး တစ်လခြားရမယ်။ စတုတ္ထအကြိမ်ကို ကလေးဒုတိယနှစ်အတွင်းမှာ ထိုးသင့်တယ်။ကောင်းတာက တတိယအကြိမ်ထိုးပြီး ၁နှစ်အကြာမှာ ထိုးသင့်တယ်။
-ဆေးသုံးကြိမ်ထိုးပြီးရင် ခုခံအားပမာဏ Ab levelက ၉၈.၇ ရာနှုန်းလောက်ရှိမယ်လို့ ဆိုတယ်။
-ပထမသုံးကြိမ်ထိုးတာကို primary vaccinationလို့ခေါ်တယ်။
-၁လခွဲ၊၂လခွဲ၊၃လခွဲ (သို့) ၂လ၊၃လ၊၄လ (သို့) ၂လ၊၄လ၊၆လ 
-စတုတ္ထအကြိမ်ထိုးတာကို booster doseလို့ ခေါ်တယ်။ကောင်းတာက ၁၅-၁၈လအတွင်း ထိုးသင့်တယ်။

ဘယ်နေရာတွေမှာ ဘယ်လိုထိုးရလဲ။
-အသက် တနှစ်အောက်ကလေးငယ်တွေ လက်မောင်းမှာ မထိုးပဲ ပေါင်မှာ ထိုးရတယ်။
-ပေါင်ကို စိတ်ကူးနဲ့သုံးပိုင်းပိုင်းပြီး အလယ်ပိုင်းရဲ့ အပြင်ဘက်ခြမ်းမှာ ထိုးရတယ်။middle one-third of anterolateral thighမှာ ထိုးရတယ်။ 
-ကာကွယ်ဆေးမှန်သမျှဟာ တင်ပါးမှာ ထိုးရရိုးထုံးစံ မရှိဘူး။
-ထိုးတဲ့အခါ intramuscular အသားထဲရောက်အောင်ထိုးမှ ထိုးနည်းမှန်တယ်။ထိုးနည်းမှန်ရင် နည်းနည်းအောင့်တတ်တယ်။
-ကာကွယ်ဆေးထိုးတဲ့အခါ အရေပြားအောက်(သို့)သွေးပြန်ကြောထဲမရောက်အောင် သတိထားရတယ်။
-ပထမသုံးကြိမ် primary doseကို ဘယ်ဘက်ပေါင် အပြင်ဖက်ခြမ်းမှာ ထိုးသင့်တယ်။
-စတုတ္ထကြိမ် booster doseကို ဘယ်ဘက် လက်မောင်း အပေါ်ဖက်ခြမ်းမှာ ထိုးပေးရမယ်။
-အခြားကာကွယ်ဆေးတွေထိုးချင်ရင် ညာဖက်ပေါင်မှာ ထိုးပေးရမယ်။

Pentaximတဗူးမှာ 
-0.5ml ပါတဲ့ prefilled syringe အရည်ဖြည့်ထားပြီးဆေးထိုးအပ် တစ်ချောင်းနဲ့ အမှုန့်ထည့်ထားတဲ့ vialပုလင်းတခု ပါရှိပါတယ်။
-prefilled syringe ဆေးထိုးအပ်အရည်ထဲမှာ ဆုံဆို့၊ကြက်ညှာ၊မေးခိုင်၊ပိုလီယို စတာတွေထည့်သွင်းထားပြီး ပုလင်းထဲမှာ H.influenzae type b conjugated powderထည့်သွင်းထားတယ်။
-မထိုးခင် ဆေးထိုးအပ်ထဲပါပြီးသား အရည်ကို ပုလင်းထဲ ထိုးထည့်ရတယ်။
-ပြီးရင် လက်နဲ့သေချာလှုပ်ရတယ်။အဖြူရည်နောက်ပြီဆိုမှ ဆေးထိုးအပ်ထဲပြန်စုပ်ထည့်ပြီး ထိုးပေးရတယ်။
-ကာကွယ်ဆေးတစ်ဗူးဟာ သုံးနှစ်ခံတယ်။
-အပူချိန် ၂-၈ဒီဂရီ ဆဲလ်စီးယပ်မှာ သိမ်းဆည်းရတယ်။အပြင်သယ်ချင်ရင် cold-chain ဒါမှမဟုတ် ရေခဲနဲ့ အုပ်ပြီး သယ်ဆောင်ရတယ်။ ဒါမှ ဓာတ်မပြယ်မှာ။

-လတ်တလောအဖျားရှိရင်၊ခုခံအားကျဆင်းတယ်ထင်ရင် မထိုးသင့်သေးဘူး။
-သို့သော် ကလေးငယ်မှာ HIVလို ခုခံအားကျဆင်းတဲ့ရောဂါရှိရင် ထိုးပေးသင့်တယ်။
-အရင်က ကာကွယ်ဆေးမတဲ့တာဖြစ်ခဲ့ရင် မထိုးသင့်ဘူး။
-neomycin ,streptomycin ,polymycin-B,glutaraldehyde စတာတွေနဲ့ မတဲ့ရင် မထိုးသင့်ဘူး။

ဘေးထွက်ဆိုးကျိုး
-ထိုးတဲ့နေရာရောင်တာ၊နီတာ၊ဖောင်းလာတာ ဖြစ်တတ်တယ်။
-ထိုးတဲ့ပေါင်နေရာက ရောင်တာမျိုးလည်းဖြစ်နိုင်တယ်။
-ဖျားတာ၊နှုံးတာ၊အစားသောက်ပျက်၊ပျို့ချင်အန်ချင် ရှိတတ်တယ်။
-တက်တာ၊ညအိပ်မပျာ်၊အီတာရှိတတ်တယ်။
-ဆေးထိုးပြီး ၂ရက်အတွင်း တွေ့ရတတ်တယ်။သူ့ဘာသာ ပြန်ပျောက်သွားမယ်။
-ဆေးမတဲ့တာရှိနိုင်တယ်။မျက်နှာရောင်တာ၊ယားပြီး အနီစက်ပေါက်တာ၊အသက်ရှုကျပ်လာရင် ဆက်မထိုးပါနဲ့။

သတိရှိပါ။
-ကာကွယ်ဆေးမထိုးခင် လက်ဆေးသင့်တယ်။ထိုးပြီး တစ်ခါထပ်ဆေးသင့်တယ်။
-အသက် ၁လခွဲအထက်ကလေးငယ်တိုင်း ကာကွယ်ဆေးထိုးသင့်တယ်။
-လိုအပ်တဲ့အတွက် national programထဲ ထည့်ထားတာဖြစ်ပါတယ်။
-ရောဂါဖြစ်ပွားနှုန်းအပြင် ပြင်းထန်မှုကို သိသိသာသာလျှော့နည်းသွားစေတယ်လို့ WHOက ဖော်ပြထားတယ်။
-ကာကွယ်ဆေးတိုင်းကို ပုံမှန်သတိထားပြီး ထိုးသွားသင့်တယ်။
-တပတ်နှစ်ပတ်လွန်တာ ပြဿနာမဟုတ်ဘူး။မသေချာရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
-ထိုးဖို့သာကိုယ့်တာဝန်ဖြစ်ပါတယ်။ ကျန်တာ ဆရာ၊ဆရာမတွေ ဆက်လုပ်ပေးပါလိမ့်မယ်။
-ကလေးငယ်ရဲ့နောင်ရေးဟာ မိဘတွေအပေါ်အများကြီးမူတည်တယ်ဆိုတာ သတိရစေချင်ပါတယ်။

ဒေါက်တာ အေးမင်းထူး
၎.၃.၁၃

No comments:

Post a Comment