Tuesday, March 24, 2015

RABLET- D အစာအိမ် အအန်ပျောက်ဆေး 

ဆရာခင်​ဗျာ
RABLET- D အ​ကြောင်း​လေးနဲ့ ဘယ်​မှာဝယ်​လို့ ( Co.,Ltd and phone No, ) ရနိုင်​တယ်​ဆိုတာ ​ပြောလို့ရရင်​ ​ပြော​ပေး​စေချင်​ပါတယ်​ ခင်​ဗျာ
ရို​သေစွာဖြင့်


ကျွန်တော့်ဆီကို မန္တလေးမှာ ရှိတဲ့ နာမည်ကြီး ဆေးကုမ္ပဏီတော်တော်များများ ဆေးမိတ်ဆက်ဝင်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီဆေးကို မတွေ့မိသေးဘူး။ဒါ့ကြောင့် ဘယ်ကုမ္ပဏီကတင်သွင်းလဲဆိုတာ မသိပါဘူး။ ဖြစ်နိုင်တာက အခုမှ စသွင်းတဲ့ ဆေးကုမ္ပဏီလည်း ဖြစ်နိုင်ပါတယ်။သေချာတော့မသိပါ။ သိတာက RABLET- Dကို အိန္ဒိယနာမည်ကြီးဆေးကုမ္ပဏီ Lupin labက ထုတ်လုပ်ပါတယ်။ ပါဝင်တဲ့ဆေးက
အစာအိမ်ဆေးနဲ့ အအန်ပျောက်ဆေးတွေကို ပေါင်းစပ်ထားပါတယ်။ ဆေးတလုံးမှာ Rabeprazole 20mgနဲ့ domperidone 30mgတို့ ပါဝင်တယ်။ capsule ဆေးတောင့်ပုံစံဖြစ်တယ်။ 

Rabeprazoleဆိုတာ အက်ဆစ်ဓာတ်ကျဆင်းစေတဲ့ proton pump inhibitorအမျိုးအစားဖြစ်တယ်။ အစာအိမ်မှာ ရှိတဲ့ အက်ဆစ်ဓာတ်ကို လျှော့နည်းစေတယ်။ ရင်ပူ၊ဗိုက်အောင့်၊အစာအိမ်နာ ဝေဒနာအမျိုးမျိုးကို သက်သာစေတယ်။ အထူးသဖြင့် -
-အစာအိမ်အနာ(gastric ulcer)၊
-အူသိမ်အနာ(duodenal ulcer)၊
-အစာချေရည် အထက်ဆန်တက်တဲ့အခြေအနေများ(GERD)၊
-အစာမျိုပြွန်ရောင်ခြင်း(erosive oesophagitis)
-အက်ဆစ်ဓာတ် အလွန်အကျွံစစ်ထုတ်တဲ့ Zollinger-Ellison syndromeမှာ အသုံးပြုတယ်။ 

domperidoneဆိုတာ dopamine antagonist အအန်ပျောက်ဆေး ဖြစ်ပါတယ်။ အစာအိမ်နဲ့ အူလမ်းလှုပ်ရှားမှုကို မြန်ဆန်စေလို့ အစာတွေအထက် ပြန်ဆန်တက်တာမျိုးကို ကာကွယ်ပေးတယ်။ အစာအိမ်ရောဂါကြောင့် ပျို့အန်ချင်သူ၊ဆေးကြောင့် ပျို့အန်ချင်သူတွေမှာဒီဆေးပေးတယ်။ ကိုယ်ဝန်ဆောင်တွေမှာလည်း သုံးနိုင်တယ်။ နို့တိုက်မိခင်တွေ သတိထားသုံးသင့်တယ်။ 

ဆေးညွှန်း
ဆေးကို တခါသောက်တလုံး မနက်တကြိမ် နေ့စဉ်သောက်ပါ။ လိုအပ်ရင် တနေ့နှစ်ကြိမ် မစားခင်နာရီဝက်ကြိုသောက်ပါ။ ဆေးကို အနည်းဆုံး ၄-၈ပတ်ထိ သောက်ပေးသင့်တယ်။  

ဒီဆေးနဲ့ ထပ်တူညီတဲ့ ဆေးတော့ရှိပါမယ်။ Dr reddy ဆေးကုမ္ပဏီကထုတ်တဲ့ Razo-D ဆိုတဲ့ဆေးဖြစ်ပါတယ်။ တကဒ်ကို ထောင်ဂဏာန်းလောက်ရှိလိမ့်မယ်။ အကယ်၍ မေးထားတဲ့ဆေးမရရင် အခုပြောတဲ့ဆေးကို သောက်နိုင်ပါတယ်။ တချို့ဆေးတွေက အရမ်းရှာရခက်တာ ရှိတယ်။ ဆေးအာနိသင်လဲ အတူတူပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အဆင်မပြေရင် တခြားဆေးတမျိုးပြောင်းသောက်သင့်တယ်။

ဒေါက်တာ အေးမင်းထူး
၈.၇.၁၄

No comments:

Post a Comment