Monday, February 16, 2015

DANOCIL(danazol 200mg) သားအိမ်ကြောင့် ရာသီသွေးများရင်

ဆရာရှင့် DANOCIL caps (danazol 200mg) ဆေးအကြောင်းသိချင်ပါတယ်ရှင့် ဘာ Side effect ရှိပါသလဲရှင့်


Danazolဆိုတာ တကယ်တော့ethylsterone အမျိုးအစား စတီးရွိုက်တမျိုးပါ။ ဟော်မုန်းသဘောဖြစ်ပြီး မျိုးဥအိမ်နဲ့ ပစ်ကျူထရီဂလင်းက ထုတ်လုပ်တဲ့ ဟော်မုန်းအချို့ကို တားဆီးတယ်။ တကယ်က တက်စတိုစတီရုန်း(ကျားဟော်မုန်း) တမျိုးလို့ပြောရင်း ပိုမှန်မလားပဲ။ testosterone ဆိုပေမယ့် androgenအာနိသင် သိပ်မကဲဘူး။ နည်းနည်းပဲ ရှိတယ်။ အီစတိုဂျင် အာနိသင်တော့ မရှိဘူး။ ထူးခြားချက်က အဆီမှာ ပျော်ဝင်တယ်။ သဘာဝအတိုင်းမဟုတ်ပဲ နယူးယော့ခ်မှာ ရှိတဲ့ပညာရှင်တစုက စတင်တီထွင်ခဲ့တယ်။

အာနိသင်က မဟော်မုန်း ostrogen ထုတ်လုပ်မှုကို နည်းသွားစေဖို့ဖြစ်တယ်။ အဲဒီကတဆင့် သားအိမ်တွင်းအမြှေးပါး endometrium ကို ပါးသွားစေတယ်။ ဒါ့ကြောင့် ရာသီသွေးများတဲ့ Endometriosis မှာ အသုံးဝင်တာဖြစ်ပါတယ်။ ဒါ့ပြင် ရာသီစက်ဝိုင်းရဲ့အလယ်မှာထွက်တဲ့ LHဟော်မုန်းကို တားဆီးတာကြောင့် မျိုးဥကြွေခြင်းကိုမဖြစ်စေဘူး။ မျိုးဥအိမ်ကထွက်တဲ့ estradiolကို လျှော့နည်းစေပြီး androgenကို များစေတယ်။ ဒါ့ပြင် testosteroneနဲ့ပေါင်းမယ့် sex hormone globulinနဲ့ သွားပေါင်းတာကြောင့် သွေးထဲမှာစစ်ကြည့်ရင် တက်စတိုစတီရုန်းကိုလည်း များစေတယ်။ estrogenကို နည်းစေတာကြောင့် ဟော်မုန်းနဲဆိုင်တဲ့ ရင်သားအကျိတ် fibrocystic breast diseaseမှာ သုံးတယ်။ angioedema ခေါ်တဲ့ရောင်ရမ်းတဲ့ရောဂါအချို့မှာလည်း သုံးပြန်တယ်။

ဘယ်ရောဂါတွေမှာ သုံးလဲ
-ရာသီသွေးများခြင်း(Endometriosis)
-ရင်သားကျိတ်ဖြစ်ခြင်း(fibrocystic breast disease)
-ရာသီကိုင်တဲ့ လက္ခဏာ(premenstrual symptom)
-ရင်သားနာခြင်း(breast pain)
-ရောင်ရမ်းခြင်း(angioedema)

ဘေးထွက်ဆိုးကျိုး
ကျားဟော်မုန်းသဘောဖြစ်လို့ ယောကျာ်းတွေလို အမွှေးတွေထူထပ်တာ၊ အမွှေးပေါက်တာ၊အသံသြတာ၊ဝက်ခြံထွက်တာ၊စိတ်ပြောင်းလဲတာ၊ဝိတ်တက်တာ စတာတွေ ဖြစ်နိုင်တယ်။ အသည်းအင်ဇိုင်းတက်နိုင်တယ်။ ဒီလိုဘေးထွက်ဆိုးကျိုးတွေရှိလို့ ယာယီသာပေးတယ်။ (၆)လထက် ပိုပေးလေ့မရှိကြဘူး။ 

တခြား ဘာတွေဖြစ်နိုင်လဲ
ကင်ဆာထဲမှာ မျိုးဥအိမ်ကင်ဆာဖြစ်နိုင်ချေများလာတာ တွေ့ရတယ်။အသည်းမှာ အလုံးအကျိတ်ထွက်တတ်တယ်။ကိုယ်ဝန်ဆောင်မှာ လုံးဝရှောင်ရတယ်။ မွေးလာမယ့် ကလေးက မိန်းကလေးဖြစ်ရင် ယောကျာင်္းဆန်ဆန် အမူအကျင့်တွေ တွေ့ရလိမ့်မယ်။ ဒါ့ကြောင့် ဆေးသောက်နေစဉ် ကိုယ်ဝန်မယူသင့်ဘူး။ တားဆေးတမျိုးမျိုး သုံးနေသင့်တယ်။

ဆေးရဲ့ အာနိသင်က သုံးတတ်ရင်ဆေး၊မသုံးတတ်ရင် ဘေးဖြစ်စေတယ်။ နားလည်တဲ့ဆရာဝန်က ပေးတယ်ဆိုရင်တော့ သောက်သုံးနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်လိုအပ်သလို အတိအကျလိုက်နာရတယ်။ ဆေးအချိန်အဆ ဆရာဝန်က ဆုံးဖြတ်တယ်။ ဆေးအကြောင်းကောင်းကောင်း နားလည်ဖို့လိုသလို ဘေးထွက်ဆ်ုးကျိုးတွေကိုလည်း ကြိုတင်ရှင်းပြရတယ်။ တခါက သွေးဆင်းများတဲ့ အမျိုးသမီးတယောက်လာလို့ပေးတော့ သွေးဆင်းနည်းသွားတယ်။ ရာသီသွေးနည်းဖို့ သုံးရတာတော့ မဟုတ်ပါဘူး။ ရောဂါအနေအထားအရ လိုအပ်တယ်ထင်ရင် ပေးနိုင်တယ်။ မြန်မာနိုင်ငံမှာ အများအားဖြင့် အိုဂျီမမတွေ သုံးကြတယ်။ ဆေးသောက်စဉ် ကိုယ်ဝန်မရအောင် အထူးသတိထားသင့်တယ်။။

ဒေါက်တာ အေးမင်းထူး
၃၀.၁၁.၁၄

1 comment:

  1. ဆရာ..ကျားဟော်မုန်းများနေတဲ့သူ့သောက်လို့ရပါသလား..ဆံပင်တွေလဲအရမ်းကျွတ်နေပါတယ်...

    ReplyDelete